“ဒူးခေါက်ကွေး ကြွက်သား/ပေါင်နောက် ကြွက်သား ဒဏ်ရာရခြင်း (Hamstring Muscle Injury)” (April 2023)

“ဒူးခေါက်ကွေး ကြွက်သား/ပေါင်နောက် ကြွက်သား ဒဏ်ရာရခြင်း (Hamstring Muscle Injury)”

Hamstrings ဆိုတာ ပေါင် အနောက်ဘက်မှာရှိတဲ့ ကြီးမားပြီး အားကောင်းတဲ့ ကြွက်သားအုပ်စုတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားတွေမှာ ကောင်းစွာ ကြီးထွားဖွံဖြိုးလေ့ရှိပါတယ်။

Hamstrings ကြွက်သားတွေဟာ တင်ပါးဆုံရိုးနဲ့ ဒူးကြားမှာရှိပြီး လမ်းလျှောက်တာ (ဒါမှမဟုတ်) ပြေးတဲ့အခါ ခြေထောက်ကို အားပြုတွန်းကန်ပြီး ခန္ဓာကိုယ်ကို အရှေ့ဘက်တွန်းပို့ပေးတာနဲ့ ပေါင်ကိုအနောက်ဘက်ကို ဆန့်ထုတ်တဲ့အခါ (hip extension) မှာ သုံးပါတယ်။

Hamstring ရဲ့ နောက်ထပ်အဓိကကျတဲ့ အလုပ်တစ်ခုကတော့ ဒူးကွေးတာ (knee flexion) ဖြစ်ပါတယ်။
.

???? ကြွက်သားတွေ ဒဏ်ရာ ဘယ်လိုရတတ်လဲ ?

ကြွက်သားတွေကို အလွန်အမင်း ဆွဲဆန့်လိုက်တဲ့အခါ ဒဏ်ရာရသွားနိုင်ပါတယ်။ အသေးစားဒဏ်ရာလေးကနေ ကြွက်သား​​တွေ လုံးဝစုတ်ပြဲတဲ့အထိ ဖြစ်နိုင်ပါတယ်။

အထူးသဖြင့်တော့ ကြွက်သားနဲ့အရွတ်တွေ ဆက်တဲ့နေရာမှာ ဒဏ်ရာရတာများပါတယ်။
.

???? ရရှိတဲ့ ဒဏ်ရာပေါ် မူတည်ပြီး အဆင့် (၃) ဆင့် ရှိပါတယ်။

အဆင့် (၁) အသေးစား ဆွဲဆန့်ဒဏ်ရာ

အဆင့် (၂) ကြွက်သားနဲ့အရွတ် အနည်းငယ်စုတ်ပြဲသွားတဲ့ အသင့်အတင့်ဒဏ်ရာ

အဆင့် (၃) ကြွက်သား လုံးဝစုတ်ပြဲသွားတဲ့ ဒဏ်ရာ…. တို့ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ ကြွက်သားနဲ့အရွတ်တွေဟာ အရိုးကနေ ပြဲထွက်သွားပြီး အရွတ်နဲ့တွယ်ကပ်နေတဲ့ အရိုးတစ်စိတ်တစ်ပိုင်းပါ ကျိုးသွားတတ်ပါတယ်။ များသောအားဖြင့် တင်ပါးဆုံရိုးရဲ့ (ischial tuberosity) ဆိုတဲ့နေရာမှာ ဖြစ်တတ်ပြီး ဆေးပညာအခေါ်အရတော့ (avulsion fracture) လို့ ခေါ်ပါတယ်။
.

???? ဘယ်လို လှုပ်ရှားမှုတွေမှာ Hamstring ဒဏ်ရာ ရတတ်လဲ ?

???? အပြေးအလွှားလုပ်ရတဲ့ ဘယ်အားကစားမှာမဆို ပေါင်ကကြွက်သားတွေ ဒဏ်ရာရနိုင်ပါတယ်။

???? ကြွက်သားတွေပေါ် ဝန်ထုပ်ဝန်ပိုးများတဲ့အခါနဲ့ ကြွက်သားတွေကို လျင်မြန်စွာလှုပ်ရှားဖို့ ကြိုးစားတဲ့အခါ ဒဏ်ရာရသွားတတ်ပါတယ်။
(ဥပမာ – အမြန်ပြေးတဲ့အခါ၊ ပြေးနေစဥ် အရှေ့ဘက်ကို ယိုင်တဲ့အခါနဲ့ အရှိန်များနေစဥ် လှုပ်ရှားတဲ့အခါ)

???? တွေ့ရများတဲ့ ဥပမာတစ်ခုက ပြေးနေရင်း ဘောလုံးကောက်ဖို့ ​ကြိုးစား​တဲ့အခါ ဖြစ်ပါတယ်။
.

???? Hamstring ဒဏ်ရာရစေတဲ့ အကြောင်းရင်းတွေကတော့ …..

– သွေးပူလေ့ကျင့်ခန်း (warm-up) အလုံအလောက် မပြုလုပ်ဘဲ အားကစားလေ့ကျင့်ခန်းလုပ်လိုက်တာ

– အသက်ကြီးလာတာ

– အရင်က hamstring ဒဏ်ရာရဖူးတာ

– ကြွက်သားတွေ ဆွဲဆန့်ပျော့ပျောင်းနိုင်စွမ်း (flexibility) မကောင်းတာ

– ပေါင်မှာရှိတဲ့ အာရုံကြောတစ်ခု (sciatic nerve) ဖိခံရတာ (ဥပမာ-ခါးရိုးဆစ်ကျွံတာ)

– ပြေးနေရင်း ကြွက်သားတွေ အလုပ်များပြီး ပင်ပန်းလာတာ…. စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
.

???? Hamstrings အလွန်အမင်း ဆွဲဆန့်သွားတဲ့အခါ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရလဲ ?

– ဒဏ်ရာပြင်းထန်မှုပေါ် မူတည်ပြီး ပေါင်ရဲ့အနောက်ဘက်မှာ ရုတ်တရက်ထိုးအောင့်ပြီး နာကျင်တာ

– ကြွက်သားဆန့်တဲ့အခါ (ဒါမှမဟုတ်) လှုပ်ရှားတဲ့အခါ နာကျင်တာ

– ဒဏ်ရာရတဲ့နေရာကို ထိကြည့်ရင် နာကျင်တာ

– ဖောရောင်ပြီး အညိုအမည်းစွဲတာ

– ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရတာတွေ……ဖြစ်တတ်ပါတယ်။
.

???? Hamstring ဒဏ်ရာကို ဘယ်လို ကုသမလဲ ?

ဒဏ်ရာအများစုက အချိန်နဲ့အမျှ သူ့အလိုလို ပြန်ကောင်းတတ်ပါတယ်။

ပုံမှန်ထက် မြန်မြန်ပြန်ကောင်းဖို့ ရေးဆွဲထားတဲ့ အထူးလေ့ကျင့်ခန်းတွေရှိပြီး၊ ဒါတွေပြုလုပ်ဖို့အတွက်ဆိုရင်တော့ သက်ဆိုင်ရာအထူးကုတွေရဲ့ အနီးကပ်ဂရုစိုက်မှုနဲ့ လေ့လာစောင့်ကြည့်မှုတွေ လိုအပ်ပါတယ်။
.

မြန်မြန်သက်သာဖို့နဲ့ လုံးဝပြန်ကောင်းဖို့ကတော့ အားကစားသမားတိုင်းရဲ့ အခြေခံလိုအင်ဆန္ဒ ဖြစ်ပါတယ်။

ဒီလိုဖြစ်ဖို့အတွက်ဆိုရင်တော့ ဒဏ်ရာရပြီး ချက်ချင်းဆိုသလို (၄၈ နာရီအတွင်း) ကုသမှုစတင်ဖို့ အရေးကြီးပါတယ်။

???? နာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးသောက်နိုင်ပြီး ပိုဆိုးတဲ့ဒဏ်ရာတွေအတွက် အစပိုင်းမှာ ခန္ဓာကိုယ်ကိုထောက်ပံ့ပေးတဲ့ပစ္စည်း (ဥပမာ- ချိုင်းထောက်) လိုမျိုး သုံးသင့်ပါတယ်။
.

???? ကြွက်သားဒဏ်ရာတွေအတွက်

RICE ဆိုတဲ့ ကုထုံးနဲ့ သက်သာအောင်လုပ်လို့ရပါတယ် …

???? အစပိုင်းမှာ ဒဏ်ရာရထားတဲ့ ကြွက်သားကို အပြည့်အဝ အနားပေးပါ။ (Rest)

???? ပထမ (၂-၃) ရက်မှာ (၃) နာရီကြာတိုင်း မိနစ်နှစ်ဆယ်ခန့် ရေခဲကပ်ပေးပါ။ ( Ice)

???? ကြွက်သားထဲ သွေးထွက်မှု အနည်းဆုံးဖြစ်အောင်နဲ့ ရောင်ရမ်းမှုတွေ ပိုများမလာအောင် ဒဏ်ရာရတဲ့နေရာကို elastic ပတ်တီး စည်းပါ။ (Compression)

???? ပက်လက်လှဲအိပ်တဲ့ အနေအထားနဲ့ ဒဏ်ရာရနေတဲ့ ခြေထောက်ကို နှလုံးအထက် အမြင့်ရောက်အောင် မြှောက်ထားပါ။ (Elevation)
.

???? မြန်မြန်ပြန်ကောင်းဖို့အတွက်ဆိုရင် ခြေထောက်ကို အစပိုင်းမှာ အနားပေးရင်းနဲ့ ဖြည်းဖြည်းချင်းမှ ပြန်လည်လှုပ်ရှားပေးဖို့ အရေးကြီးပါတယ်။

???? ကနဦးမှာ ညင်သာစွာနဲ့ ခြေထောက်ဆန့်ရတဲ့ လေ့ကျင့်ခန်းတွေလုပ်ရပြီး၊ နောက်ပိုင်းမှာတော့ ကြွက်သားအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို အရိုးအကြောပြန်လည်သန်စွမ်းရေးဆရာဝန် (Physiatrist) (ဒါမှမဟုတ်) အားကစားဆိုင်ရာ အရိုးအကြောပညာရှင် (physiotherapist) တို့နဲ့တိုင်ပင်ပြီး ​ညွှန်ကြားချက်အတိုင်း အတိအကျလုပ်ရပါတယ်။

???? အဆင့် (၃) မှာလိုမျိုး ကြွက်သားလုံးဝစုတ်ပြဲသွားတာကို ပြုပြင်ကုသဖို့အတွက်ဆိုရင်တော့ တစ်ခါတစ်ရံမှာ ခွဲစိတ်မှုတွေ လုပ်ရတတ်ပါတယ်။

???? စုတ်ပြဲသွားတဲ့ဒဏ်ရာတွေ​ဟာ ကောင်းသွားပြီးတဲ့နောက်ပိုင်းမှာလည်း မကြာခဏ ပြန်ပြီးဒဏ်ရာရတတ်တာမို့ ကြွက်သားပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေကို စနစ်တကျပြုလုပ်ဖို့ အရေးကြီးပါတယ်။

???? အားကစားပြန်လုပ်နိုင်မယ့်အချိန်က ဒဏ်ရာရရှိတဲ့အခြေအနေပေါ်မူတည်ပြီး ကွာခြားမှုရှိပါတယ်။ အဆင့် (၁) အတွက် တစ်ပတ်ကနေ နှစ်ပတ်ထိ ကြာတတ်ပြီး အဆင့်(၃) မှာဆိုရင်တော့ (၁၂) ပတ်နဲ့ အထက် ကြာမြင့်တတ်ပါတယ်။

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.190

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh #telehealth #telemedicine
#teleconsultation #တယ်လီကျန်းမာ #Telekyanmar
#harmstring_injury 

Ministry of Health,

National Unity Government.

Published on: 15 April 2023

Last updated: 15 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား ☕️☕️ မနက်ခင်း အိပ်ရာကနိုးတာနဲ့ လူက လန်းလန်းဆန်းဆန်း ဖြစ်လာအောင်ဆိုပြီး ကော်ဖီတစ်ခွက်ကို အမြန်ဆုံး ဖျော်သောက်ပြီးမှ အလုပ်စတတ်ကြတယ်မို့လား။ ဒါပေမယ့် တကယ်တော့... မနက်နိုးနိုးချင်း ကော်ဖီချက်ချင်းသောက်တာဟာ ကော်ဖီရဲ့အာနိသင်ကို အပြည့်အဝ မရရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကိုပါ ကမောက်ကမ ဖြစ်စေတယ်ဆိုတာ အာရုံကြောသိပ္ပံနည်းအရ...

အယူအဆလွဲများ (၃၂)

❌ အယူအဆလွဲ >>> အလုပ်လုပ်ရက်တွေမှာ တစ်နေ့ ၄-၅ နာရီပဲအိပ်ပြီး ပိတ်ရက်ရောက်မှ တစ်နေ့လုံး အိပ်လိုက်ရင် ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်။ ☑️ အမှန် >>> အိပ်စက်ခြင်းဆိုတာ ဘဏ်အကောင့်ထဲ ငွေစုသလိုမျိုး မဟုတ်ပါဘူး။ အလုပ်ရက်တွေမှာ ဆုံးရှုံးသွားတဲ့ "အိပ်စက်မှု အကြွေး" (Sleep...

အဆိပ်အတောက်ဆန်တဲ့ အသိတရားတွေကို လက်ဆင့်မကမ်းမိကြစေဖို့

ဒီဘက်ခေတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “Date Girl” လုပ်ရတာ အဆင်ပြေကြောင်း၊ ပိုက်ဆံအလွယ်ရကြောင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ အထာကျကျ နေထိုင်နိုင်ကြောင်း ရေးသားဖော်ပြနေတဲ့ အဆိပ်အတောက် (Toxic) ဖြစ်စေမယ့် စာသားတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ အထူးသဖြင့် လောကအကြောင်း နားမလည်သေးတဲ့ လူငယ်လေးတွေအတွက် ဒါဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ ‌ကျော့ကွင်းတစ်ခုလိုပါပဲ။ ဒီအပေါ်မှာ...

အသည်းရောင်အသားဝါ A ရောဂါအကြောင်း

အသည်းရောင်အသားဝါ A ရောဂါကူးစက်မှုတွေက အဖြစ်များလာတာမို့ ဂရုစိုက်ဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။ ဒီရောဂါဟာ Hepatitis A ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါ ဖြစ်ပါတယ်။ ✓ ဗိုင်းရပ်စ်ရဲ့ သဘာဝ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ ခံနိုင်ရည် အလွန်မြင့်မားတဲ့ ပိုးဖြစ်ပါတယ်။ အပြင်ဘက်မှာ အဆီအမြှေးပါးမရှိတဲ့ ဗိုင်းရပ်စ်ဖြစ်လို့ အရက်ပြန်ပါတဲ့...