Halitosis ” ခံတွင်းအနံ့ဆိုးခြင်းအကြောင်း ” ( November, 2022)

” ခံတွင်းအနံ့ဆိုးခြင်းအကြောင်း “

စကားပြောမယ် ကြံလိုက်တိုင်း ပါးစပ်ကနေ အနံ့ဆိုးထွက်တာကြောင့် တော်တော် စိတ်ညစ်ရတယ်ဟုတ်?

ဒီလို ခံတွင်းနံ့ဆိုးထွက်တာဟာ မိမိရဲ့ ခံတွင်းကျန်းမာရေးမကောင်းတာကို ဖော်ပြနေရုံသာမကပဲ အများသူငါနဲ့ ဆက်ဆံပြောဆိုရာမှာ ယုံကြည်မှုကိုလည်း ကျဆင်းစေပါတယ်။

ဒါဆို ဘာကြောင့် ခံတွင်းနံ့ဆိုးတွေ ထွက်ရလဲ? ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
…
…

“Halitosis” လို့ခေါ်တဲ့ ခံတွင်းနံ့ဆိုးခြင်းက သာမန် ကျန်းမာတဲ့လူတွေမှာလည်း ဖြစ်တတ်ပြီး အများအားဖြင့် မနက်အိပ်ရာနိုးတဲ့အချိန်မှာ ခံတွင်းနံ့ဆိုးဆိုး ထွက်လေ့ရှိပါတယ်။

ဘာကြောင့် ခံတွင်းနံ့ဆိုး ထွက်ရလဲ?

အဓိကအားဖြင့်တော့ သွားပြဿနာကြောင့် ဖြစ်ပါတယ်။ သွားကြားထဲမှာ ညပ်နေတဲ့ အစာတွေကြောင့်ပါ။ ဒီလို ညပ်နေတဲ့အစာတွေကြောင့် ဆာလ်လဖာ(sulphur)ထုတ်ပေးတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားပြီး အစာတွေက ပုပ်သိုးလာပါတယ်။ အဲ့ဒါကြောင့် အနံ့ဆိုးထွက်တာဖြစ်ပါတယ်။ သွားတု တပ်ထားရတဲ့သူတွေမှာလည်း အစားစားပြီးတဲ့အချိန် အစာတွေညပ်ကျန်တဲ့အခါ ဖြစ်နိုင်ပါတယ်။

နောက်ပြဿနာတစ်ခုကတော့ သွားဖုံးရောင်တာပဲ ဖြစ်ပါတယ်။ သွားအောက်ခြေမှာ အနည်ထိုင်သလိုဖြစ်နေတဲ့ အနည်အနှစ်တွေကြောင့် သွားဖုံးရောင်တဲ့အခါမှာ ခံတွင်းနံ့ဆိုးဆိုး ထွက်တတ်ပါတယ်။ သွားဖုံးက နာပြီး သွားတိုက်တဲ့အခါမှာ သွေးထွက်တတ်ပါတယ်။

နောက်အကြောင်းရင်းတစ်ခုကတော့ အစာတွေကို ဖြိုခွဲပြီး‌နောက် အစာအိမ်က ထွက်လာတဲ့ ဂက်စ်တွေကြောင့် ဖြစ်ပါတယ်။ အစာခဏဖြတ်ထားတဲ့ fastingလို အခြေအနေတွေမှာဆိုး ပိုဆိုးတတ်ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ အရက်၊ ကြက်အူချောင်း၊ အမဲအူချောင်းတို့လို အသားတွေကြောင့် ခံတွင်းနံ့ပိုဆိုးလေ့ရှိပါတယ်။

ခံတွင်း၊ လည်ချောင်းနဲ့ အစာရည်မျိုပြွန်မှာ ရောဂါပိုးဝင်တာ၊ အာသီးရောင်တာ၊ နှာခေါင်းရောင်တာ၊ ထိပ်ကပ်နာရောဂါ၊ အဆုတ်ရောဂါ (ဥပမာ – တီဘီရောဂါ၊ လေပြွန်ကျယ်တာ)၊ ကင်ဆာရောဂါ၊ ဆီးချို၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ တချို့သောဆေးတွေနဲ့ ဆေးလိပ်သောက်ခြင်းကြောင့်လည်း အာခံတွင်းနံ့ဆိုး တတ်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်တတ်သလို ပါးစပ်နဲ့ အသက်ရှူတဲ့အခါ ပါးစပ်ထဲမှာရှိတဲ့ တံတွေးတွေခြောက်ပြီး ပါးစပ်က စိုစွတ်နေတဲ့ အနေအထား မဟုတ်တဲ့အခါတွေ၊ လျှာရဲ့အနောက်မှာ ပေါက်ပွားနေတဲ့ ဘက်တီးရီးယားတွေကနေထုတ်တဲ့ ဆာလ်လဖာ (sulphur)တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။

ခံတွင်းအနံ့ဆိုးထွက်တာဟာ အန္တရာယ်ရှိတဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီလို အနံ့ဆိုးထွက်တာကြောင့် တခြားလူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မိမိရဲ့ ယုံကြည်မှုကို ပျောက်ဆုံးစေနိုင်ပါတယ်။

ဘယ်လို ‌ဖြေရှင်းကြမလဲ?

အရေးကြီးဆုံးကတော့ သွားနဲ့ ခံတွင်းတွေကို သန့်ရှင်းနေအောင်ထားဖို့ ဖြစ်ပါတယ်။

သွားကြားထဲမှာ ညပ်နေတဲ့အစာတွေ၊ သွားအောက်ခြေမှာ အနည်ထိုင်နေတဲ့ အနှစ်တွေကို သန့်ရှင်းဖို့အတွက်…

– နေ့ဘက်တွေမှာ အစာစားပြီးတာနဲ့ ချက်ချင်း သွားတိုက်ဖို့လိုပါတယ်။ နေ့စဥ် ပုံမှန် တိုက်ပေးရပါမယ်။

– အစာစားပြီးရင် ပလုပ်ကျင်းပါ။

– သွားကြားတွေကို သန့်ရှင်းဖို့အတွက် သွားကြားပွတ်ကြိုးတွေကို အသုံးပြုပါ။

– ပိုးသတ်ဆေးပါတဲ့ ပါးစပ်သန့်စင်ဆေးရည်တွေကို အသုံးပြုပါ။

– နူးညံ့တဲ့ သွားတိုက်တံ အမျှင်တွေနဲ့ လျှာရဲ့နောက်ပိုင်းတွေကို ပွတ်ချပါ။

– သွားတိုက်တံတစ်ချောင်းတည်းကို အကြာကြီး မသုံးပါနဲ့။ မကြာခဏ လဲလှယ်ပေးပါ။

– ညအိပ်ရာမဝင်ခင် သွားမှန်မှန် တိုက်ပေးပါ။

– တစ်နေ့ကို ၃နပ် အချိန်မှန်မှန်စားပါ။

– ကြက်သွန်၊ ငရုတ်သီး၊ ချိစ် အစရှိသည်တို့ကို ရှောင်ပါ။

– အရက် အလွန်အကျွံ သောက်သုံးတာ ရှောင်ပါ။

– ကြက်သွန်တွေ၊ ငရုတ်သီးတွေလို အရသာလွန်ကဲတဲ့ အစားအသောက်တွေ စားပြီးတဲ့အခါမှာ ပူစီနံတို့လို အရွက်တွေ ဝါးပေးပါ။

– နေ့ဘက်တွေမှာ နာရီတော်တော်ကြာ အစာဖြတ်တာမျိုး ရှောင်ပေးပါ။
( အစာဖြတ်ထားတဲ့အခါတွေမှာ တံတွေးဂလင်းတွေကို လှုံ့ဆော်မှုနည်းတဲ့အတွက် တံတွေးထုတ်လုပ်မှု နည်းနေပါတယ်။ အဲ့ဒါကြောင့် ခံတွင်းထဲက ဘက်တီးရီးယားတွေကို မကာကွယ်နိုင်တဲ့အတွက်ကြောင့် အနံ့ဆိုးထွက်တာ ဖြစ်ပါတယ်။)

– ဆေးလိပ်ဖြတ်ပါ။

– ကော်ဖီ၊ လက်ဖက်ရည် အလွန်အကျွံသောက်သုံးတာ ‌ရှောင်ကြဥ်ပါ။ (တစ်နေ့ကို ၃ခွက်ထက် ပိုမသောက်ပါနဲ့)

– မိမိမှာ အခြားသွားနဲ့ခံတွင်းရောဂါတွေရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပါ။
…
…

ခံတွင်းအနံ့ဆိုးထွက်တဲ့ ပြဿနာရှိရင် အထက်ပါနည်းလမ်းလေးတွေနဲ့ ဖြေရှင်းကြည့်ဖို့ အကြံပြုချင်ပါတယ်။

အားလုံးပဲ ခံတွင်းနံ့ဆိုးကင်းဝေးအောင် ခံတွင်းကျန်းမာရေးကို ဂရုပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 280

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ်မနက် ၈နာရီမှ ည ၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#halitosis#ခံတွင်းအနံ့ဆိုး

Ministry of Health,

National Unity Government.

Published on: 17 November 2022
Last Updated: 17 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ကျန်းမာရေးကို ထိခိုက်စေသော နေ့စဉ်အလေ့အထများ

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် "ငါဘာလို့ ပင်ပန်းနေတာလဲ" လို့ မေးမိတယ်။ အိပ်လည်း အိပ်တယ်။ စားလည်း စားတယ်။ ဒါပေမယ့် စိတ်က နားလိုက်တယ်လို့ မခံစားရဘူး။ အဖြေကတော့ ကြီးမားတဲ့ အကြောင်းရင်းကြီးတွေ မဟုတ်ပါဘူး။ နေ့စဉ် သတိမထားမိတဲ့ ကိုယ့်ရဲ့ အလေ့အထအချို့တွေကြောင့်ပဲ ဖြစ်ပါတယ်။... ၁။ အိပ်ရာဝင်ပြီး ဖုန်းကြည့်ခြင်း ည...

ရင်သားကင်ဆာ ကာကွယ်ရေး

မနေ့က (အောက်တိုဘာ ၁၃ ရက်နေ့) ဟာ ရင်သားကင်ဆာ အသိပညာပေးနေ့လေး ဖြစ်ပါတယ်။ ဒီအတွက် ဟိုတစ်နေ့က ရင်သားကင်ဆာကို သတိပြုမိဖို့ ဆောင်းပါးလေးတစ်ပုဒ် တင်ဆက်ပြီးပြီဖြစ်ပါတယ်။ ဒီနေ့ကတော့ ရင်သားကင်ဆာအကြောင်းလေး နည်းနည်းပိုပြီး ပြောပြချင်လို့ ထပ်လောင်းရေးကြည့်လိုက်ပါတယ်။ ရင်သားကင်ဆာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခု ဖြစ်ပါတယ်။...

စတီးရွိက် (Steroids) စပ်ဆေးများအကြောင်း

"ဆရာဝန်ပေးတဲ့ဆေးက မပျောက်ဘူး။ လမ်းထိပ်က ၅၀၀ တန် စပ်ဆေးထုပ်လေး သောက်လိုက်မှ ချက်ချင်း သက်သာတာ" ဆိုတဲ့ စကားမျိုး သင့်ပတ်ဝန်းကျင်မှာ ကြားဖူးပါသလား။ ဆရာဝန်တွေ မပေးရဲတဲ့ ဆေးစွမ်းထက်မှုကို ကွမ်းယာဆိုင်က ဘယ်လိုလုပ် ပေးနိုင်နေတာလဲဆိုတဲ့ ကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို အခုပဲ ပြောပြပေးပါမယ်။ "ကွမ်းယာဆိုင်က...

အယူအဆလွဲ (၄၃)

❌ အယူအဆလွဲ >>> ဆားခါး (Epsom Salt) သို့မဟုတ် ခြေစိမ်စက်/ရေနွေးထဲ ခြေထောက်စိမ်ထားရင် အရေပြားကနေတစ်ဆင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စုပ်ထုတ်ပေးနိုင်တယ်။ (Spa တွေ ဒါမှမဟုတ် ခြေစိမ်စက်အချို့မှာ စိမ်ထားရင်း ရေတွေ မည်းနက်သွားတာ၊ ရေအရောင် ပြောင်းသွားတာကို ကြည့်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ...