“ ဗွေနှစ်လုံးနဲ့ သားသားလေး မီးမီးလေး”
အိမ်မှာ အဘွားဖြစ်သူကလည်း ဗွေနှစ်ခုနဲ့၊ သားသားကလည်း ဗွေနှစ်ခုနဲ့။
“ မြေးလေးကတော့ သူ့အဘွားလို ခေါင်းမာတော့မှာပဲ”
“ နင့်သားလေး ဗွေနှစ်ခုနဲ့။ တော်တော်ထိန်းရမှာနော်”
ကျွန်မတို့ပတ်ဝန်းကျင်မှာ ကြားဖူးနေကျ စကားတွေပါပဲ။ မိသားစုဝင်တွေက ရယ်စေမောစေနဲ့ စကြနောက်ကြတာရှိသလို တစ်ဖက်ကကြည့်ရင် ဒါဟာ လူမှုပတ်ဝန်းကျင်ရဲ့အမြင်၊ အစဥ်အလာကို ထင်ဟပ်နေပါတယ်။
ကျွန်မတို့ပတ်ဝန်းကျင်မှာ ကလေးတစ်ယောက်ရဲ့ ဗွေ၊ ဆံပင်အနေအထား၊ မွေးရာပါအမှတ်လက္ခဏာတွေကို ကြည့်ပြီး သူတို့ရဲ့စရိုက်၊ ကံကြမ္မာ၊ အနာဂတ်အထိ ခန့်မှန်းဝေဖန်တတ်ကြပါတယ်။
“ ဗွေနှစ်ခုပါတဲ့ကလေးက ခေါင်းမာတယ်” ဆိုတာမျိုး၊ “ ဘယ်နားမှာ မှဲ့ပါရင်တော့ အိမ်ထောင်ရေးက ဘယ်လိုဖြစ်မှာ” ဆိုတာမျိုးပေါ့။
ဒီအယူအဆတွေဟာ ရိုးရာယုံတမ်းစကားတွေလို အမြစ်တွယ်နေကြဆဲပါ။
ဗွေတွေ ဆံပင်ပေါက်ပုံတွေဟာ ခုမှ လူ့လောကထဲရောက်လာတဲ့ ကလေးငယ်တွေရဲ့ စိတ်နေသဘောထားအပေါ် သက်ရောက်မှု ရှိမတဲ့လား။
ကျွန်မတို့ လူမှုယဥ်ကျေးမှုမှာတော့ ဘာမှမသိသေးတဲ့ အပြစ်ကင်းစင်တဲ့ ကလေးငယ်လေးတွေဟာ အရွယ်မရောက်ခင်ကပဲ ခေါင်းစဉ်အမျိုးမျိုးနဲ့ သမုတ်ခံရ၊ ထင်ကြေးတွေ ပေးခံနေရကြရပါတယ်။
…
…
တစ်ဆက်တည်းပဲ ဗွေအကြောင်းကိုလည်း အကြမ်းဖျင်းတော့ ရှင်းပြချင်ပါတယ် ။
ဗွေ (Hair Whorl) ဆိုတာ လူတစ်ယောက်ရဲ့ ဦးရေပြားပေါ်မှာ ဆံပင်တွေဟာ ဝိုင်းပြီးပေါက်တဲ့ ပုံစံတစ်ခု ဖြစ်ပါတယ်။ ဒါက ဆံပင်တွေပေါက်တဲ့ ဦးတည်ရာ သင်္ကေတတစ်ခုပါပဲ။ ဗွေကို လူတိုင်းနီးပါးမှာ တွေ့ရတတ်ပြီး လူအများစုကတော့ တစ်ခုတည်းသာ ပိုင်ဆိုင်ကြပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေမှာ နှစ်ခု၊ သုံးခု ဒါမှမဟုတ် တစ်ခုမှမရှိတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။
အကြောင်းရင်းကတော့ သိပ္ပံနည်းပြောရရင် ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇ (Gene) တွေနဲ့ ဆက်စပ်နေပါတယ်။ သန္ဓေသားဘဝကတည်းက ဦးရေပြားပေါ်မှာ ဆံပင်မွေးညင်းပေါက်လေးတွေ ပေါ်ပေါက်လာပုံ၊ သူတို့ရဲ့ စပေါက်တဲ့ ဦးတည်ရာလမ်းကြောင်း စတာတွေဟာ မျိုးရိုးဗီဇကနေပဲ အခြေခံပါတယ်။
ဒါကြောင့် ဗွေနှစ်ခုရှိတဲ့ မိဘတွေကနေ မွေးလာတဲ့ ကလေးတွေမှာလည်း ဗွေနှစ်ခုရှိနိုင်ခြေ ပိုများတယ်ဆိုတဲ့ သဘောပါပဲ။ တနည်းအားဖြင့် မျိုးရိုးလိုက်တတ်တယ်ပေါ့နော်။
ဗွေအရေအတွက်နဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ ကိုယ်ရည်ကိုယ်သွေး (Personality) ဟာ သိပ္ပံနည်းကျပြောရရင်တော့ လုံးဝဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။
- ဗွေတစ်ခုပဲရှိတဲ့သူက ရိုးသားပြီး စကားနားထောင်တယ်
- ဗွေနှစ်ခုရှိတဲ့သူက ခေါင်းမာပြီး ထိန်းရခက်တယ်
စသဖြင့် ပြောဆိုကြတဲ့ အယူအဆတွေဟာ ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ယုံတမ်းစကားတွေ၊ လူကြီးတွေရဲ့ အယူအဆအလွဲတွေသာ ဖြစ်ပါတယ်။
ကလေးငယ်တစ်ဦးရဲ့ စိတ်နေစိတ်ထား၊ အပြုအမူနဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ မျိုးရိုးဗီဇအပြင်
- သူတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်
- မိဘ/ အုပ်ထိန်းသူတွေရဲ့ ပြုစုပျိုးထောင်မှု
- ရရှိတဲ့ပညာရေးနဲ့
- တခြားသော အကြောင်းအရာတွေအပေါ်မှာ မူတည်ပြီး ပုံဖော်ပြောင်းလဲလာတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗွေတစ်ခုပဲရှိရှိ၊ နှစ်ခုပဲရှိရှိ၊ ကလေးငယ်တိုင်းဟာ အပြစ်ကင်းစင်ပြီး မိဘအုပ်ထိန်းမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ကောင်းမွန်မှန်ကန်တဲ့ ပြုစုပျိုးထောင်မှုအောက်မှာ အကောင်းဆုံး ကြီးပြင်းလာနိုင်တယ်ဆိုတာကို ယုံကြည်ပေးပါ။
ကလေးငယ်လေးတွေကို အပြင်ပုံပန်းသွင်ပြင်အပေါ် အခြေခံပြီး တံဆိပ်ကပ်တာမျိုး၊ စိတ်နေစိတ်ထားကို ကြိုတင်ခန့်မှန်း မသမုတ်ကြဖို့ အထူးသတိထားစေလိုပါတယ်။
ကလေးတစ်ယောက်ရဲ့ နှလုံးသားကို ပုံသွင်းတာဟာ သူတို့ရဲ့ ဗွေအရေအတွက် မဟုတ်ပါဘူး။ ပျိုးထောင်သူ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာ၊ စေတနာနဲ့ ဂရုစိုက်မှုတွေသာ ဖြစ်ပါတယ်ရှင်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.