လေယာဉ်စီးချိန် နားအူခြင်း “Airplane Ear” (April 2023)

လေယာဉ်စီးချိန် နားအူခြင်း (Airplane ear)

လေယာဉ်စီးတဲ့ချိန် နားအူတာ (Airplane ear) ကိုတော့ လူတော်တော်များများ တွေ့ကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ နားစည်နဲ့ ပြင်ပလေထုကြားမှာ လေထုဖိအားမညီမျှတာကြောင့် နားမှာ နားအူသလို၊ နားပိတ်သလို ခံစားရတာကို ဆိုလိုတာဖြစ်ပါတယ်။ Airplane ear ဆိုတဲ့အတိုင်း ဘယ်အချိန်မှာဖြစ်တတ်သလဲဆိုရင် လေယာဥ်စီးတဲ့အချိန်ပါ။ အထူးသဖြင့် လေယာဥ် တက်သွားတဲ့အချိန်နဲ့ လေယာဥ်ဆင်းသက်တဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။

.

????Airplane ear မှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့…

– နားထဲမှာ မသက်မသာ၊ နာနာကျင်ကျင် ခံစားရတာ

– နားအူသလို၊ နားပိတ်သလို ခံစားရတာ

– အသံတွေကို သဲသဲကွဲကွဲ မကြားရတာတွေ ခံစားရနိုင်ပါတယ်။

.

❗ ဒါ့ထက်ဆိုးလာရင်တော့

– တော်‌တော်လေး နာနာကျင်ကျင် ခံစားရတာ

– နားထဲမှာ ဖိအားမြင့်တက်လာတာ

– အတိုင်းအတာတစ်ခုအထိ အသံတွေကို မကြားရတော့တာ

– နားအူတာ

– ချာချာလည်အောင် ခေါင်းမူးနေတာ

– နားထဲက သွေးယိုတာ အစရှိတာတွေအထိ တစ်ခါတစ်ရံမှာ လက္ခဏာ ပြင်းထန်နိုင်ပါတယ်။

..

..

???? ဘာကြောင့် လေယာဥ်စီးချိန် နားအူရသလဲ ?

ပုံမှန်ဆိုရင် နှာခေါင်းနဲ့ လည်ချောင်းပြွန်ကို အလယ်နားနဲ့ ဆက်ပေးထားတဲ့ Eustachian tube ဆိုတဲ့ ပြွန်လေး ရှိပါတယ်။

အဲ့ဒီပြွန်လေးက အလယ်နားနဲ့ ပြင်ပလေထုကို ဖိအားညီနေအောင် အဖွင့်အပိတ်လုပ်ပြီး ထိန်းညှိပေးပါတယ်။

ဒီလို ဖိအားညီနေမှသာလျှင် အသံတွေကို ကောင်းကောင်းကြားရမှာ ဖြစ်ပါတယ်။

လေယာဥ်ဆင်း/ လေယာဉ်တက်တဲ့ အခါမျိုးတွေမှာဆိုရင် လေထုဖိအားက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားပါတယ်။

ဒါကြောင့် Eustachian tube အတွက် နားနဲ့ပြင်ပလေထုကြားမှာရှိတဲ့ လေထုဖိအားကို အပွင့်အပိတ်လုပ်ပြီး ညီမျှအောင် မထိန်းနိုင်တော့တာကြောင့် ဖိအားမညီမျှတော့ဘဲ နားပိတ်တာ၊ နားအူတာ ခံစားရတာ ဖြစ်ပါတယ်။

တံတွေးမျိုချတာ (ဒါမှမဟုတ်) သန်းဝေတဲ့အချိန်မှာသာ Eustachian tube ဟာ ပွင့်သွားပြီး အလယ်နားနဲ့ ပြင်ပလေထုရဲ့ ဖိအားတွေတူညီသွားတာ ဖြစ်ပါတယ်။

..

..

???? ဒီလို နားအူ၊ နားပိတ်တာမျိုးဟာ….

– လေယာဥ်အတက်အဆင်း လုပ်တဲ့အချိန်တွေ လေယာဥ်ပေါ်မှာ အိပ်နေတဲ့အခါ

– ရေငုပ်တဲ့အခါ

– အောက်ဆီဂျင်ဖန်ပေါင်းချောင်တွေနဲ့ အောက်ဆီဂျင်ရှူရတဲ့အခါ

– ပေါက်ကွဲသံကြီးတွေ ကြားလိုက်ရတဲ့အခါမျိုးတွေမှာလည်း ခံစားရတတ်ပါတယ်။

– တစ်ခါတစ်ရံမှာတော့ ဓာတ်လှေကားစီးတဲ့အခါ၊ တောင်အမြင့်ကြီးတွေကို ကားမောင်းတက်တဲ့အခါမျိုးတွေမှာလည်း ခံစားရနိုင်ပါတယ်။

ဒါ့အပြင် Eustachian tube သေးတဲ့သူတွေ ဥပမာ – မွေးကင်းစကလေးတွေနဲ့ လမ်းလျှောက်တတ်ခါစ အရွယ်ကလေးတွေမှာ…

– အအေးမိတဲ့အခါ

– ထိပ်ကပ်နာ ဖြစ်တာ

– ဓာတ်မတည့်လို့ နှာခေါင်းရောင်ရမ်းတာ

– အလယ်နား ပိုးဝင်တာ…….စတာတွေမှာ ဒီလို နားအူ၊ နားပိတ်တာတွေ ခံစားရနိုင်ပါတယ်။

..

..

???? ဒါဆိုရင် လေယာဥ်စီးတဲ့အခါ နားအူ၊ နားပိတ်တာမျိုးမဖြစ်ဖို့ ဘာတွေ လုပ်ဆောင်သင့်သလဲ ?

လေယာဥ်အတက်အဆင်းတွေမှာ တံတွေးမျိုချတာ၊ သကြားလုံးငုံတာ ပီကေ၀ါးတာတွေ လုပ်ပေးပါ။ ဒါမှသာလျှင် Eustachian tube ပွင့်သွားပြီး နားနဲ့ပြင်ပလေထုကြား ဖိအားညီသွားမှာ ဖြစ်ပါတယ်။

အထူးသဖြင့် လေယာဥ်ဆင်းတဲ့အချိန်တွေမှာ နှာခေါင်းကို လက်နဲ့ညှစ်၊ ပါးစပ်ကို ပိတ်ထားကြည့်ပြီး ပူဖောင်းမှုတ်သလို မှုတ်ကြည့်ပါ။

လေယာဥ်အတက်အဆင်းတွေမှာ မအိပ်ပါနဲ့။

အကယ်၍ ကိုယ်ဟာ အအေးမိနေတယ်၊ ထိပ်ကပ်နာဖြစ်နေတယ်၊ နှာပိတ်နေတယ်၊ နားပိုးဝင်ထားတယ်ဆိုရင် အဲ့ဒီအချိန်တွေမှာ လေယာဥ်မစီးပါနဲ့။ မဖြစ်မနေ စီးဖို့လိုတယ်ဆိုရင် nasal spray လေး ဆောင်သွားပါ။

.

ကလေးတွေနဲ့အတူတူ လေယာဥ်စီးရတော့မယ်ဆိုရင်…

နို့စို့အရွယ်ကလေးတွေဆိုရင် သူတို့ကို နို့ဘူးပေးစို့ထားပါ။ အသက် ၄-၅ နှစ် အရွယ်ကလေးတွေဆိုရင် တံတွေးမျိုချဖို့၊ သကြားလုံးငုံဖို့ သင်ပေးပါ။

*** အကယ်၍ နောက်ထပ်ရက်ရှည်ကြာတဲ့ထိ မသက်သာဘူးဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါရစေ ***

လေယာဥ်စီးပြီး မကြာခဏ ခရီးသွားလာနေရတဲ့သူတွေလည်း ထိုက်သင့်သလောက် ဗဟုသုတ တွေရသွားပြီလို့ထင်ပါတယ်…။

Reference – ????https://www.mayoclinic.org/…/symptoms-causes/syc-20351701

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#airplane_ear

Ministry of Health,

National Unity Government.

Published on: 5 April 2023

Last updated: 5 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဘာသာရေးနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများ Spiritual Beliefs

မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။ ဒီအရာတွေကို...

အဆုံးစီရင်ဖို တွေးတတ်ကြတာ ဘာကြောင့်လဲ

🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀 လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ "ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ" ပေါ့။ "ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား" လို့လည်း အခါခါတွေးမိတယ်။ တကယ်တော့ သူတို့ဟာ...

ပွဲဆူသွားတဲ့ ဆေးခြောက်ပိုစ့်လေးအတွက် ရှင်းလင်းချက်

ပြီးခဲ့တဲ့တစ်ပတ်က တယ်လီကျန်းမာရဲ့ ပိုစ့်လေးတစ်ခုအောက်မှာ အတော်လေး ပွဲဆူသွားတာကို သတိထားမိပါတယ်။ ပိုစ့်လေးကတော့ "ဝိ ဆိုတာ ချိုနဲ့လားကွဲ့" ဆိုတဲ့ ဆေးခြောက်ရဲ့ ဆိုးကျိုးတွေအကြောင်း ရှင်းပြထားတဲ့ ပညာပေးပိုစ့်လေးပါ။ ဒီပိုစ့်လေးအောက်မှာပဲ ဆေးခြောက်သုံးစွဲသူ လူငယ်တချို့က ပိုစ့်မှာရေးသားထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို လက်မခံနိုင်တဲ့ အမြင်သဘောထား မှတ်ချက်တွေ ရေးသားကြသလို တချို့ဆို...

အိပ်စက်ခြင်းဆိုင်ရာ အလွဲ

"အိပ်စက်ခြင်းဆိုင်ရာ အလွဲ" တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ "ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု...