ကိုယ်တစ်ယောက်တည်းပဲ ကြားနေမြင်နေရသူ
လွန်ခဲ့တဲ့ရက်ပိုင်းက ဖေ့စ်ဘွတ်ခ်က ပို့စ်တစ်ခုကို လူတော်တော်များများက မြင်ခဲ့ကြမယ်ထင်တယ်။ အမျိုးသမီးတစ်ယောက်က သူမရဲ့ အမြွှာဝိညာဉ် (Twin Flame) လို့ ယူဆရတဲ့ ယောက်ျားတစ်ယောက်က သူ့ခေါင်းထဲမှာ နေ့ရောညပါ စကားပြောနေတယ်၊ သူ့အတွေးတွေကိုပါ ထိန်းချုပ်နေတယ်ဆိုပြီး ရေးထားတာ။ သူမ အလုပ်လည်းပြုတ်၊ လူမှုဘဝလည်းပျက်၊ ကျန်းမာရေးလည်း ထိခိုက်နေရတဲ့အကြောင်း ရင်ဖွင့်ထားတာပေါ့။
အပြင်ပန်းကြည့်ရင် အဲဒီယောက်ျားက သူမကို Social Media ကလည်း စာပြန်တာမရှိဘူး။ စာတောင် ဝင်မဖတ်ဘူး။ ဒါပေမယ့် သူမကတော့ စိတ်ထဲမှာ သူတို့နှစ်ယောက် ကတိပြုထားတာတွေရှိတယ်လို့ အခိုင်အမာယုံကြည်နေတယ်။
ဒါပေမယ့် ဆေးပညာအရကြည့်ရင် ဒါဟာ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းတစ်ခုတော့ မဟုတ်ပါ။ ဒါဟာ ကုသဖို့လိုအပ်နေတဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခုသာ ဖြစ်ပါတယ်။
အဲဒီလိုပါပဲ… ကျွန်မတို့ ပတ်ဝန်းကျင်မှာ တစ်ခါတလေ အနီးအနားက လူတွေပြောတာတွေ၊ လုပ်တာတွေကို ကြည့်ရင်း “ဟေ့… ဒီလူ ဘာဖြစ်နေတာလဲ၊ တစ်ယောက်တည်း ဘာတွေကြောင်နေတာလဲ” လို့ ထင်မိတတ်ပါတယ်။
သူတို့ပြောတဲ့ အကြောင်းအရာတွေက လက်တွေ့ဘဝနဲ့ ဝေးကွာနေတတ်သလို သူတို့ခေါင်းထဲက အသံတွေ၊ ခံစားချက်တွေကို ပြောပြတဲ့အခါမှာလည်း ကျွန်မတို့အတွက်တော့ နားလည်ဖို့ ခက်ပါတယ်။ ဒါပေမယ့်လည်း သူတို့အတွက်တော့ သူတို့ကမ္ဘာမှာ တကယ်မြင်နေကြားနေရတဲ့ တကယ့်အမှန်တရား ဖြစ်နေတာပါ။
ဒီလိုအခြေအနေမျိုးမှာ အဖြစ်များတဲ့ အမှားတစ်ခုက “ဒါက တကယ်မရှိဘူး၊ ဒီလိုမဟုတ်ဘူး၊ မင်းစိတ်ထဲကပဲ” လို့ ငြင်းခုံပြောဆိုမိတာပါ။ တစ်ခါတလေ ကရုဏာဒေါသောနဲ့သော်လည်းကောင်း၊ အလကားအပိုတွေလုပ်ပြီး ဒရာမာတွေခင်းနေတာလို့တောင် ထင်တတ်ကြတယ်မလား။
ကျွန်မတို့ သတိပြုရမှာက သူတို့အတွက်တော့ အဲဒီအသံတွေဟာ တကယ်ကြားနေရတာပါ။ ကိုယ်က အမှန်မဟုတ်ဘူးလို့ ဘယ်လောက်ပဲ ရှင်းပြရှင်းပြ သူတို့ခံစားချက်ကို ငြင်းပယ်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့ကို ပိုပြီး စိတ်ထိခိုက်၊ ပိုပြီး အထီးကျန်ဆန်သွားစေနိုင်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ ဒီလိုဝေဒနာရှင်တွေကို ဘယ်လိုနားလည်ပေးရမလဲ၊ သူတို့ရဲ့ခံစားချက်ကို မထိခိုက်စေဘဲ ကုသမှုဆီ ဘယ်လိုဖြည်းညင်းစွာ ဆွဲခေါ်သွားရမလဲဆိုတာကို ပြောပြပေးပါရစေ။
…
…
၁။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ။
စိတ်ပညာရှင်တွေအဆိုအရ ဒီလိုလက္ခဏာမျိုးကို နှစ်မျိုးခွဲလေ့ရှိပါတယ်။
- စိတ်ရောဂါ (Schizophrenia) နဲ့ အမြင်မှောက်မှားတဲ့ ထင်ယောင်ထင်မှား အခြေအနေတွေ
ပြင်ပမှာ ဘယ်သူမှမရှိပေမယ့် ခေါင်းထဲမှာ အသံတွေ ရှင်းရှင်းလင်းလင်း ကြားနေရတာ ဒါမှမဟုတ် ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်အတွေးတွေကို တစ်ပါးသူက ထိန်းချုပ်နေတယ်လို့ ခံစားရတာမျိုး။
- အချစ်လွန်ကဲ စွဲလမ်းစိတ်ပြင်းပြတဲ့ စိတ်စွဲရောဂါ (Erotomania)
တစ်ဖက်လူ (များသောအားဖြင့် လူမှုအဆင့်အတန်းမြင့်သူ ဒါမှမဟုတ် ကိုယ်နဲ့မရင်းနှီးသူ) က ကိုယ့်ကို တအားချစ်တယ်၊ စိတ်ချင်းဆက်သွယ်နေတယ်လို့ တစ်ဖက်သတ်ယုံကြည်နေတာ။
ဒီဝေဒနာတွေဟာ စုန်းအတတ်၊ ပယောဂ၊ ဝိညာဉ်ရေးရာနဲ့ ဘာမှမဆိုင်ပါဘူး။ ဦးနှောက်ထဲက ဓာတုပစ္စည်း (ဥပမာ- ဒိုပါမင် Dopamine) မညီမျှလို့ ဖြစ်တာပါ။
.
၂။ ဘယ်လိုအန္တရာယ်တွေ ရှိနိုင်လဲ။
ဒီလိုဝေဒနာရှင်တွေဟာ ကိုယ့်ကိုယ်ကိုယ် နေမကောင်းဖြစ်နေမှန်းတောင် မသိကြတာများပါတယ်။ ကိုယ့်စိတ်ကူးထဲမှာပဲ နစ်မျောနေတတ်တယ်။ ဒါကြောင့်ပဲ….
- လူမှုဆက်ဆံရေး ပြတ်တောက်ခြင်း
ခေါင်းထဲက အသံတွေနဲ့ပဲ အချိန်ကုန်နေတော့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ဂရုမစိုက်နိုင်တော့ဘူး။ - အလုပ်ဆုံးရှုံးခြင်း
အာရုံမစိုက်နိုင်တော့ဘူး။ အလုပ်ခွင်မှာ အမှားတွေလုပ်မိတယ်။ နောက်ဆုံး အလုပ်ပြုတ်ပြီး ငွေကြေးအခက်အခဲဖြစ်လာတယ်။ - ကိုယ်ခန္ဓာပါ ထိခိုက်လာတယ်
ညဘက်အိပ်မရတော့ဘူး။ အာဟာရချို့တဲ့လာတယ်။ တစ်ခါတလေ စိတ်အာရုံကြောင့် ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူတွေကို ထိခိုက်မိတာတွေလည်း ဖြစ်တတ်တယ်။
.
၃။ ဒီလိုလူတွေကို ဘယ်လိုနားဝင်အောင် ပြောမလဲ။
ဒီလိုဝေဒနာရှင်တွေကို “မင်းဟာက စိတ်ရောဂါပဲ၊ ဆရာဝန်သွားပြ” လို့ တိုက်ရိုက်ပြောလိုက်ရင် သူတို့ ခံစားချက်ကို ထိခိုက်သွားနိုင်ပါတယ်။ တချို့ဆို စိတ်ဆိုးတာ၊ ရန်လိုတာ ဒါမှမဟုတ် ပိုပြီး တွန့်ဆုတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေကို အသုံးပြုပေးပါ။
(၁) သူတို့ခံစားနေရတာကို အရင်နားလည်ပေးပါ။
သူတို့ကြားနေရတဲ့ အသံတွေ၊ ခံစားချက်တွေကို သွားပြီး မငြင်းခုံပါနဲ့။ သူတို့အတွက်တော့ အဲဒါ တကယ့်အမှန်တရားလို ဖြစ်နေတာကြောင့် သူတို့ရဲ့ ပင်ပန်းမှုကို အရင်အသိအမှတ်ပြုပေးပါ။
(ဥပမာ – “မင်း ခေါင်းထဲကနေ အသံတွေ တစ်နေကုန်ကြားနေရတာ သိပ်ပင်ပန်းမှာပဲ။ ငါနားလည်တယ်” လို့ ပြောပေးလိုက်ပါ။)
(၂) “စိတ်ရောဂါ” ဆိုတဲ့စကားလုံးကို ရှောင်ပါ။
“မင်းစိတ်မမှန်ဘူး” လို့ ပြောမယ့်အစား သူတို့ခံစားနေရတဲ့ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေဖြစ်တဲ့ အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းတာတွေကို အခြေခံပြီး ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဖို့ ဖြည်းဖြည်းချင်း ဆွဲဆောင်ကြည့်ပါ။
(ဥပမာ – “မင်း ညဘက်တွေ အိပ်မရတာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်နေတော့ ကိုယ်တော်တော်အားနည်းနေပြီ။ ဒီလိုရုပ်ပိုင်းဆိုင်ရာတွေ သက်သာသွားအောင် ဆရာဝန်သွားပြရအောင်လား” လို့ ပြောပါ။)
(၃) စိတ်ချရတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။
စိတ်ဝေဒနာရှင်တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကိုယ့်စိတ်ကူးထဲက အသံတွေကို ပိုပြီးမှီခိုတတ်ကြပါတယ်။ ဒါကြောင့် မိသားစုဘက်က ဆူပူကြိမ်းမောင်းတာ၊ လက်ပါတာမျိုး လုံးဝမလုပ်ပါနဲ့။ ချစ်ခင်ကြင်နာစွာနဲ့ ချဉ်းကပ်ပါ။
(ဥပမာ – “မင်း ဘာပဲဖြစ်ဖြစ် မင်းအနားမှာ ငါတို့ အမြဲရှိတယ်။ ဒီပင်ပန်းမှုတွေ သက်သာသွားအောင် အတူတူ အဖြေရှာကြရအောင်” လို့ ပြောပါ။)
…
…
စိတ်ကျန်းမာရေးဝေဒနာဟာ စိတ်ဓာတ်အားနည်းလို့ ဒါမှမဟုတ် ပယောဂ တစ်ခုခုခံရလို့ ဖြစ်တာမဟုတ်ပါဘူး။ ကုသလို့ရတဲ့ ဦးနှောက်ရဲ့ရောဂါတစ်ခုပါ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုဝေဒနာရှင်တွေရှိရင် သူတို့ကို ပြစ်တင်ကဲ့ရဲ့တာမျိုး၊ လှောင်ပြောင်တာမျိုး မလုပ်ပါနဲ့။ သူတို့ရဲ့ခံစားချက်ကို အသိအမှတ်ပြုပေးပါ၊ နားလည်ပေးပါ။ ပြီးရင် ကျွမ်းကျင်တဲ့ပညာရှင် / ဆရာဝန်ဆီ သွားရောက်ကုသမှုခံယူဖို့ ဖြည်းဖြည်းချင်း နားချပေးပါ။
ဒါကသာလျှင် သူတို့အတွက် အကြီးမားဆုံးအကူအညီ ဖြစ်ပါလိမ့်မယ်…….။ 🙏
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

