မင်္ဂလာပါ ခင်ဗျာ။ ဒီတစ်ခေါက်မှာတော့ မိဘပြည်သူတွေကို အရက်က ကျွန်တော်တို့ ဦးနှောက်ကို ဘယ်လိုမျိုး တဖြည်းဖြည်း ဖျက်ဆီးသွားလဲဆိုတာ လူတိုင်းနားလည်လွယ်မယ့် ပုံပြင်လေးတစ်ပုဒ်လို ရှင်းပြပေးချင်ပါတယ်။
ကျွန်တော်တို့ ဦးနှောက်ထဲမှာ ဓာတုပစ္စည်း (Neurotransmitters) တွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ အဓိက အလုပ်လုပ်တဲ့ အကောင်ကြီးနှစ်ကောင်ရှိတယ်လို့ မှတ်ထားလိုက်ပါ။
တစ်ခုက ဂါဘာ (GABA) တဲ့။ သူက ဦးနှောက်ရဲ့ “ဘရိတ်” ပါ။ စိတ်ကို တည်ငြိမ်စေတယ်၊ အိပ်ပျော်စေတယ်၊ စိတ်အေးစေတယ်။
နောက်တစ်ခုကတော့ ဂလူတာမိတ် (Glutamate) တဲ့။ သူကတော့ ဦးနှောက်ရဲ့ “လီဗာ” ပါ။ ဦးနှောက်ကို နိုးကြားစေတယ်၊ စဉ်းစားတွေးခေါ်စေတယ်၊ တက်ကြွစေတယ်။
သာမန်လူတစ်ယောက်မှာ ဒီ “ဘရိတ်” နဲ့ “လီဗာ” က မျှခြေရှိနေလို့ ပုံမှန်အလုပ်လုပ်နိုင်တာပါ။ ဒါပေမယ့် အရက်သောက်လိုက်တဲ့အခါ ဘာဖြစ်မလဲ ကြည့်ရအောင်။
…
…
၁။ အရက် အလွန်အကျွံသောက်တဲ့အခါ (Acute Intoxication)
အရက်ဟာ ဦးနှောက်ထဲကို ရောက်သွားတာနဲ့ စက်ပြင်ရုံထဲ လျှောက်ဆော့တဲ့ ကလေးလိုပဲ စက်ခလုတ်တွေကို လျှောက်လျှော့၊ လျှောက်မြှင့်လုပ်ပစ်ပါတယ်။
ပထမဆုံးအနေနဲ့ ဘရိတ် (GABA) ကို အတင်းနင်းပစ်တယ်။ အရက်က ဂါဘာ (GABA) ကို အစွမ်းတွေ သာလွန်အောင် သွားလုပ်ပေးလိုက်ပါတယ်။ ဒါကြောင့် အရက်သောက်ထားရင် စကားတွေ ဗလုံးဗထွေးဖြစ်လာမယ်၊ လမ်းလျှောက်ရင် ယိမ်းထိုးလာမယ်၊ ပြီးရင် အိပ်ငိုက်ပြီး ပစ်လဲသွားမယ်။ ဒါက ဘရိတ်မိလွန်းလို့ ဖြစ်တာပါ။
နောက်တစ်ခါ လီဗာ (Glutamate) ကို ပိတ်ပစ်တယ်။ နိုးကြားစေတဲ့ ဂလူတာမိတ် (Glutamate) ဓာတ်ကိုတော့ အရက်က အလုပ်မလုပ်အောင် ပိတ်ဆို့ပစ်ပါတယ်။ ဒါကြောင့်ပဲ အရက်မူးနေရင် ကောင်းကောင်းမစဉ်းစားနိုင်တော့ဘူး၊ အသိဉာဏ်တွေ ထုံထိုင်းသွားပြီး၊ ပိုဆိုးရင် မနေ့ညက ဘာလုပ်ခဲ့လဲဆိုတာ လုံးဝမှတ်မိမရတဲ့ မူးမေ့ (Blackout) သွားတဲ့အထိ ဖြစ်သွားရတာပါ။
(ဒီနေရာမှာ တစ်ခုဖြတ်ပြောချင်တာက Glutamate ဟာ NMDA receptor တွေကို သွားပေါင်းပါတယ်။ NMDA receptor ဆိုတာက သင်ယူမှုနဲ့ မှတ်ဉာဏ်တွေကို ဆောင်ရွက်ပေးတဲ့နေရာပါ)
.
၂။ အရက်ကို နှစ်ရှည်လများ စွဲစွဲမြဲမြဲ သောက်လာတဲ့အခါ (Chronic Use)
ဒီနေရာကစပြီး တကယ့်ပြဿနာကြီး လာပါပြီ။ အရက်ကို နေ့တိုင်း အများကြီး သောက်လာတဲ့အခါ ဦးနှောက်ခမျာ သနားစရာကောင်းလောက်အောင် အသက်ရှင်ဖို့အတွက် လိုက်လျောညီထွေဖြစ်အောင် (Neuroadaptation) ပြင်ဆင်ရပါတော့တယ်။
ဦးနှောက်က ဘယ်လိုတွေးလဲဆိုတော့ “ဒီလူကတော့ နေ့တိုင်း အရက်သောက်ပြီး ဘရိတ်ကို ဖိနင်းနေတာပဲ၊ ငါတော့ သေတော့မှာပဲ။ အဲဒီတော့ ဘရိတ်တွေကို လျှော့ပစ်ပြီး လီဗာကို အစွမ်းကုန် နင်းထားမှ ရမယ်” ဆိုပြီး ဉာဏ်ဆင်ပါတော့တယ်။
ဘရိတ် (GABA) တွေ ပျက်စီးသွားတယ် (Downregulation)။ ဦးနှောက်က သူ့မှာရှိတဲ့ ဂါဘာဖမ်းစနစ် (GABA receptor) တွေကို အရေအတွက် လျှော့ချပစ်လိုက်ပြီး အာရုံမခံနိုင်အောင် လုပ်ပစ်ပါတယ်။ ဒါကြောင့် “အရက်ဒဏ်ခံနိုင်ရည်ရှိလာတာ (Tolerance) ပါ။ အရင်က တစ်ခွက်သောက်ရင် မူးတဲ့သူက အခုဆို တစ်ပုလင်းသောက်မှ မူးတော့တဲ့ အခြေအနေမျိုးပါ။
လီဗာ (Glutamate) ကို အဆမတန် မြှင့်တင်လိုက်တယ် (Upregulation)။ အရက်ရဲ့ ပိတ်ဆို့မှုကို တွန်းလှန်ဖို့ ဦးနှောက်က ဂလူတာမိတ် (Glutamate) ဓာတ်တွေကို အများကြီး ပိုထုတ်ပြီး လီဗာကိုအတင်းနင်းထားလိုက်ပါတယ်။
ရလဒ်ကတော့ အရက်စွဲနေတဲ့သူရဲ့ ဦးနှောက်ဟာ အရက်ရှိနေမှသာ ပုံမှန်လိုလည်ပတ်နိုင်တဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကြီး ဖြစ်သွားရပါတော့တယ်။
.
၃။ အရက် ချက်ချင်းဖြတ်လိုက်ရင် ဘာဖြစ်မလဲ။ (The Danger of Withdrawal)
အရက်စွဲနေတဲ့သူတစ်ယောက်က ဆေးရုံ၊ ဆေးခန်းမပြဘဲ အရက်ကို ရုတ်တရက်ချက်ချင်းဖြတ်လိုက်ရင် အသက်အန္တရာယ်ရှိပါတယ်။
ဘာလို့လဲဆိုတော့ အရက်က ဦးနှောက်ထဲကနေ ရုတ်တရက် ပျောက်သွားတဲ့အခါမှာ –
(က) ဘရိတ် (GABA) ကလည်း မရှိတော့ဘူး။
(ခ) လီဗာ (Glutamate) ကတော့ အရှိန်အဟုန်နဲ့ ပတ်ချာလည် နင်းထားဆဲဖြစ်နေတယ်။
ဒီအခါမှာ ဦးနှောက်ထဲမှာ လျှပ်စစ်လှိုင်းတွေ အဆမတန် ပေါက်ကွဲပြီး “အတက်ရောဂါ ဖြစ်ခြင်း (Seizures)”၊ ရင်တုန်ခြင်း၊ ဂယောင်ခြောက်ခြားဖြစ်၊ ချွေးတွေရွှဲနစ်လာပြီး သရဲတစ္ဆေတွေ မြင်လာခြင်း (Delirium Tremens) တွေ ဖြစ်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
…
…
ချစ်ခင်ရပါသော တယ်လီကျန်းမာရဲ့ ပြည်သူတို့ခင်ဗျာ… အရက်ဟာ တစ်ခဏမှာတော့ ဉာဏ်နဲ့ယှဉ်ပြီးသုံးရင် ပျော်ရွှင်ဖွယ်ရာကောင်းပါတယ်။ ရေရှည်မှာတော့ ကျွန်တော်တို့ ဦးနှောက်ရဲ့ အရေးကြီးဆုံး ဓာတုဗေဒ မျှခြေကြီးကို အစုံလိုက် ဖျက်ဆီးပစ်တဲ့ အဆိပ်အတောက်တစ်ခုဆိုတာကိုတော့ နားလည်ထားရပါမယ်။ အရက်စွဲနေလို့ ဖြတ်ချင်တယ်ဆိုရင်လည်း ကိုယ့်ဘာသာ ချက်ချင်းကြီး မဖြတ်လိုက်ပါနဲ့။ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဦးနှောက်ဓာတ်တွေကို ပြန်ထိန်းပေးတဲ့ ဆေးဝါးတွေ စနစ်တကျ သုံးစွဲပြီးမှသာ ဘေးကင်းကင်းနဲ့ ဖြတ်နိုင်မှာဖြစ်ပါတယ်ဆိုတာလေး သတင်းစကား ပါးလိုက်ပါရစေခင်ဗျာ….။ 🙏
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


