သင့်အိမ်ကို သင်မဖိတ်ခေါ်ဘဲ ဧည့်သည်တွေ ရောက်လာဖူးပါသလား။ တချို့ဧည့်သည်က ကောင်းခြင်းမင်္ဂလာတွေကို သယ်ဆောင်လာတယ်။ လက်ဆောင်တွေ ယူလာတယ်။ (ဥပမာ – ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတွေ)။ တချို့ဧည့်သည်ကျတော့ ဆိုးသွမ်းကြတယ်။ အိမ်ကို ညစ်ပတ်စေတယ်။ ဧည့်သည်ဟာ ဧည့်သည်လိုမနေဘူး။ ပြောစကားလည်း နားမထောင်တတ်ဘူး။ ပြန်ခိုင်းလို့လည်း မရဘူး။ (ဥပမာ – ဝမ်းနည်းမှု၊ ဒေါသ၊ ကြောက်ရွံ့မှုတွေ)။
ကျွန်တော်တို့ အများစုက “ ပျော်ရွှင်မှု” ဆိုတဲ့ ဧည့်သည်လာရင် တံခါးဖွင့်ပေးပြီး “ ဝမ်းနည်းမှု” ဆိုတဲ့ ဧည့်သည်လာရင် တံခါးပိတ်၊ လိုက်ကာချပြီး “ အိမ်မှာ လူကြီးတွေမရှိသေးဘူးလို့ ပြောလိုက်” ဆိုပြီး ငြင်းလွှတ်တတ်ကြပါတယ်။ ဒါပေမယ့် ပြဿနာက အဲဒီ ဆိုးသွမ်းတဲ့ ဧည့်သည်တွေက တံခါးဖွင့်မပေးရင် ပြတင်းပေါက်ကို ရိုက်ခွဲပြီး ဝင်လာတတ်ကြတာပါပဲ။
…
…
ဒီနေ့မှာတော့ လူသားတိုင်းအနေနဲ့ နေ့စဉ်နေ့တိုင်း ကြုံတွေ့နေ့ရတဲ့ “ Emotions” (စိတ်ခံစားချက်ကလေးများ) ဆိုတဲ့ ဧည့်သည်တွေကို မိမိကိုယ်တိုင် ဘယ်လိုပုံစံနဲ့ လက်ခံသင့်လဲဆိုတာကို ပြောပြမှာပဲ ဖြစ်ပါတယ်။
🍀 တကယ်တော့ စိတ်ခံစားချက်ဆိုတာဟာ အချက်ပြမီးပါ။
ကားမောင်းနေတုန်း ဒိုင်ခွက်ပေါ်မှာ “ ဆီကုန်ခါနီးပြီ” ဆိုပြီး မီးနီလေး လင်းလာရင် သင် ဘာလုပ်မလဲ။ “ ဒီမီးနီလေးက အမြင်ကပ်စရာ ကောင်းလိုက်တာ” ဆိုပြီး မီးလုံးလေးကို ထုခွဲပစ်မလား။
မလုပ်ပါဘူး။ အဲဒီမီးလေးက “ ဆီဖြည့်ဖို့ လိုနေပြီ” ဆိုတဲ့ သတင်းစကား (Message) ပေးနေတာကို နားလည်ပြီး ဆီဆိုင်မှာ ဆီဝင်ဖြည့်မှာပါ။
စိတ်ခံစားချက်တွေဆိုတာ အဲဒီ မီးနီလေးတွေပါပဲ။ သူတို့က ရန်သူတွေ မဟုတ်ကြပါဘူး။ “ သတင်းပို့သူတွေ (Messengers) ” ပါ။
ဘယ်လိုသတင်းစကားတွေ ပါးတတ်သလဲဆိုတာကို ဆက်ပြီးကြည့်ရအောင်။
…
…
🌴 ဒေါသ (Anger)
သူက မီးတောက် မဟုတ်ပါဘူး။ “ မင်းရဲ့ ကိုယ်ပိုင်စည်း၊ ကိုယ်ပိုင်နယ်နိမိတ်ကို တစ်ယောက်ယောက်က ကျော်ဖြတ်နေပြီ။ မင်းဟာ မတရား ဆက်ဆံခံနေရပြီ” လို့ သတင်းလာပို့တာပါ။
.
🌴 ဝမ်းနည်းမှု (Sadness)
သူက အားနည်းချက် မဟုတ်ပါဘူး။ “ မင်း တန်ဖိုးထားရတဲ့ အရာတစ်ခုကို ဆုံးရှုံးသွားပြီ။ မင်းဟာ ကုစားဖို့ (Heal) အချိန်လိုနေပြီ” လို့ သတင်းလာပို့တာပါ။
.
🌴 ကြောက်ရွံ့မှု (Fear)
သူက သူရဲဘောကြောင်တာ မဟုတ်ပါဘူး။ “ ရှေ့မှာ အန္တရာယ် ရှိနိုင်တယ်။ သတိထား၊ ကြိုတင်ပြင်ဆင်ထားပါ” လို့ သတိပေးတာပါ။
.
🌴 မနာလိုဝန်တိုမှု (Jealousy)
သူက စိတ်ယုတ်မာတာ မဟုတ်ပါဘူး။ “ ဟိုလူ ရထားတဲ့အရာကို မင်းလည်း လိုချင်နေတယ်။ မင်းရဲ့ လိုအင်ဆန္ဒက ဒါပါလား” လို့ လမ်းပြပေးတာပါ။
ဒါကြောင့် မကောင်းတဲ့ ခံစားချက် (Negative Emotions) ဆိုတာဟာ မရှိပါဘူး။ မကောင်းတဲ့ တုံ့ပြန်ပုံ (Negative Reactions) ပဲ ရှိတာပါ။
…
…
🍀 ဒီနေရာမှာ ၉၀ စက္ကန့် စည်းမျဉ်း (The 90-Second Rule) ဆိုတာလေးကို ရှင်းပြချင်ပါတယ်။
ဦးနှောက်သိပ္ပံပညာရှင် Dr. Jill Bolte Taylor က စိတ်ခံစားချက်တွေနဲ့ ပတ်သက်တဲ့ အံ့သြစရာကောင်းတဲ့ အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာတဲ့အခါ ဦးနှောက်ထဲမှာ ဓာတုဗေဒပြောင်းလဲမှုတွေ ဖြစ်ပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေက သွေးကြောထဲ ဝင်သွားတယ်။ နှလုံးခုန် မြန်စေတယ်။ အသက်ရှူတွေ မြန်လာမယ်။ ခြေလက်တွေ တုန်တုန်ရီရီ ဖြစ်လာမယ်။ ဒေါသထွက်စေတယ်။ ထူးခြားတာက အဲဒီဖြစ်စဉ်တစ်ခုလုံးရဲ့ ကြာမြင့်ချိန်က “ စက္ကန့် ၉၀” (တစ်မိနစ်ခွဲ) ပဲ ရှိပါတယ်တဲ့။
ဒါဆိုရင် သင်က ဘာလို့ နာရီပေါင်းများစွာ ဒေါသထွက်နေရတာလဲ။ ဘာလို့ ရက်ပေါင်းများစွာ ဝမ်းနည်းနေရတာလဲ။ အဖြေကတော့ သင်က အဲဒီ ၉၀ စက္ကန့် ပြီးသွားတဲ့အခါ အဲဒီအကြောင်းကို “ ထပ်တွေး” ပြီး ဓာတုပစ္စည်းတွေ ထပ်ထွက်အောင် “ ပြန်ဖွင့်ပေး” နေလို့ပါပဲ။ မီးလောင်ပြီးသား ပြာပုံကို လေနဲ့ မှုတ်ပြီး မီးပြန်မွှေးနေသလိုပါပဲ။
” ၉၀ စက္ကန့်ပဲ ခံမယ်၊ ပြီးရင် ပြီးသွားလိမ့်မယ်” လို့ သိထားရင် ခံစားချက်လှိုင်းလုံးကြီးက သင့်ကို မနစ်မြုပ်စေနိုင်တော့ပါဘူး။ ခဏတာလေးပဲ ကြာမှာဖြစ်တဲ့ စိတ်ခံစားချက်ကလေးတွေကို ဆိုးဝါးတဲ့တုံ့ပြန်မှုတွေ မဖြစ်ရအောင် ကြိုးစားလို့ ရနိုင်ပါတယ်။
…
…
🍀ဘယ်လိုကြိုးစားရမလဲဆိုရင် ခံစားချက်ကို နာမည်တပ်လိုက်ပါ။
စိတ်ခံစားချက်တွေ များလာရင် ဘာဖြစ်မှန်းမသိဘဲ ရင်ဘတ်ထဲမှာ ရှုပ်ထွေးနေတတ်ပါတယ်။ အဲဒီအခါ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကို သုံးပါ။ “ နာမည်တပ်လိုက်ပါ။”
” ငါစိတ်ညစ်နေတယ်၊ ဘာလို့မှန်းမသိဘူး” အစား “ ငါ စိတ်ဆိုးနေတာလား၊ ဝမ်းနည်းနေတာလား၊ ရှက်နေတာလား” ဆိုပြီး တိတိကျကျ ခွဲခြမ်းစိတ်ဖြာလိုက်တာနဲ့ ဦးနှောက်ရဲ့ အာရုံစိုက်မှုက “ ခံစားမှုအပိုင်း” (Amygdala) ကနေ “ စဉ်းစားမှုအပိုင်း” (Prefrontal Cortex) ဆီကို ရောက်သွားပါတယ်။ နာမည်တပ်လိုက်တာနဲ့ အဲဒီ ခံစားချက်ရဲ့ အစွမ်းသတ္တိက တစ်ဝက်လောက် လျော့ကျသွားတတ်ပါတယ်။
နောက်ထပ်တစ်ခု သတိထားရမှာက ကျွန်တော်တို့ မကြာခဏမှားပြောမိတဲ့ စကားလုံးတွေ ရှိပါတယ်။ အဲဒီစကားလုံးတွေက သင့်ရဲ့ စိတ်ကို မသိမသာ ထောင်ချောက်ဆင်နေတတ်ပါတယ်။
ဥပမာ “ I am angry” (ငါ ဒေါသထွက်နေတယ်) လို့ မပြောပါနဲ့။ ဒီလိုပြောလိုက်ရင် “ ဒေါသ” နဲ့ “ သင်” ဟာ တစ်သားတည်း ဖြစ်သွားပါတယ်။ ဒေါသက သင့်ရဲ့ ကိုယ်ပိုင်လက္ခဏာ (Identity) ဖြစ်သွားပါတယ်။ အဲဒီအစား ခပ်ခွာခွာလေး ခွဲထုတ်ပြီး ပြောကြည့်ပါ။ “ I have a feeling of anger” (ဒေါသစိတ်ကလေး ငါ့ဆီရောက်နေပါလား) လို့ ပြောင်းပြောကြည့်ပါ။ ဒီလိုပြောလိုက်တာနဲ့ ဒေါသက သင့်ခန္ဓာကိုယ်ထဲကို ခဏလာလည်တဲ့ ဧည့်သည်သက်သက် ဖြစ်သွားပါတယ်။
အဲဒီလိုပဲ “ I am sad” (ငါက ဝမ်းနည်းပူဆွေးသူ) လို့ မပြောပါနဲ့။ “ I have a feeling of sadness” (ဝမ်းနည်းမှုဆိုတဲ့ ခံစားချက်လေး ငါ့ဆီ ရောက်နေပါလား) လို့ ပြောင်းပြောပါ။ ဝမ်းနည်းမှုက သင် မဟုတ်ပါဘူး။ သင့်ဆီကို ခဏလာတဲ့ တိမ်ညိုတိမ်မည်းတစ်ခုပါ။
နောက်တစ်ခုကတော့” I am happy” (ငါ ပျော်နေတယ်ဟေ့) လို့ မပြောပါနဲ့။ “ I have a feeling of happiness” (ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်လေး ငါ့ဆီ ရောက်နေပါလား) လို့ ပြောင်းပြောပါ။ ပျော်ရွှင်မှုကို “ ငါ” လို့ ယူဆလိုက်ရင် အဲဒီပျော်ရွှင်မှုက ပျောက်သွားတဲ့အခါ “ ငါ” ပါ ပျောက်ဆုံးသွားသလို ခံစားရတတ်လို့ပါ။
…
…
မြင်လွယ်အောင် ပြောရရင် သင်က “ ကောင်းကင်ကြီး” ဆိုပါစို့။ ဒေါသ၊ ဝမ်းနည်းမှုနဲ့ ပျော်ရွှင်မှုဆိုတာတွေက “ ရာသီဥတု” တွေပါ။ မိုးရွာလို့ ကောင်းကင်ကြီးက ပျက်စီးမသွားသလို နေပူလို့လည်း ကောင်းကင်ကြီးက လောင်ကျွမ်းမသွားပါဘူး။
ရာသီဥတုဆိုတာက အမြဲတမ်း ပြောင်းလဲနေမှာပါပဲ။ မိုးရွာမယ်၊ မိုးတိတ်မယ်၊ နေသာမယ်၊ တိမ်ဖုံးမယ်။ ဒါပေမယ့် ကောင်းကင်ကြီးကတော့ အမြဲတမ်း တည်ရှိနေပါတယ်။ သူက ဘာရာသီဥတုကိုမဆို လက်ခံထားပေးနိုင်တဲ့ ကျယ်ဝန်းတဲ့ “ နေရာ” ဖြစ်ပါတယ်။
အရေးကြီးဆုံးကတော့ သင်ဟာ စိတ်ခံစားချက် မဟုတ်ပါဘူး။ ခံစားချက်တွေကို လက်ခံထားရှိရာ၊ သိရှိရာ “ အိမ်ရှင်” သာ ဖြစ်ပါတယ်။ ဧည့်သည်တွေက အိမ်ရှင်ရှိရာဆီ လာကိုလာမှာ အသေအချာပါပဲ။
” ဪ… ကိုဒေါသ ရောက်လာပါလား”
” ဪ… ဝမ်းနည်းမှုလေး ရောက်လာပါလား” ဆိုပြီး ဧည့်သည်လာရင် တံခါးဖွင့်ကြိုဆိုလိုက်ပါ။ ဧည့်ခံ စကားပြောပေးလိုက်ပါ။ စက္ကန့် ၉၀ ပြည့်သွားလို့ ထပြန်သွားရင်လည်း နှုတ်ဆက်လိုက်ပါ။ သူတို့ကို မောင်းမထုတ်ပါနဲ့။ သူတို့ကို ဖက်တွယ်မထားပါနဲ့။ ဘယ်ဧည့်သည်ကမှ အိမ်ထဲမှာ ထာဝရမနေဘူးဆိုတာကို သတိရပါ။
အဲဒီလို ခွဲခြားမြင်နိုင်တဲ့အချိန်မှာတော့ ဒေါသက သင့်ကို လောင်မြိုက်နိုင်စွမ်း မရှိတော့ပါဘူး။ ဝမ်းနည်းမှုကလည်း သင့်ကို နစ်မြုပ်နိုင်စွမ်း မရှိတော့ပါဘူး။ သူတို့ လာပါလိမ့်မယ်။ ပြီးရင် ပြန်သွားပါလိမ့်မယ်။ သင်ကတော့ ဘယ်အရာကမှ ဖျက်ဆီးလို့ မရနိုင်တဲ့၊ ကြည်လင်ပြာလဲ့နေတဲ့ ကောင်းကင်ကြီးအတိုင်း ငြိမ်းချမ်းစွာနဲ့ ကျန်ရစ်နေပါလိမ့်မယ်….။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

