ယခုခေတ်ကာလကြီးမှာ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက်ဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ခွဲခြားလို့မရအောင် အရေးပါလာပါတယ်။ ဒါပေမယ့် တစ်နေ့တာရဲ့ အချိန်အတော်များများကို ဖန်သားပြင် (Screen) တွေရှေ့မှာပဲ ကုန်ဆုံးနေရတာဟာ မျက်စိညောင်းရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ တဖြည်းဖြည်း ချည့်နဲ့လာစေနိုင်ပါတယ်။
အာရုံစူးစိုက်မှု အားနည်းလာတာ၊ အိပ်မပျော်တာ၊ အကြောင်းရင်းမရှိဘဲ စိတ်တိုလွယ်လာတာတွေဟာ Digital Fatigue (နည်းပညာကြောင့် စိတ်ပင်ပန်းနွမ်းနယ်ခြင်း) ရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မိမိကိုယ်ကိုယ် ပြန်လည်လန်းဆန်းလာစေဖို့ Digital Detox လို့ခေါ်တဲ့ နည်းပညာဆီမှ ခေတ္တခဏ အနားယူခြင်းကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
၁။ နံနက်ခင်းကို ဖုန်းမပါဘဲ စတင်ကြည့်ပါ။
အများစုဟာ နိုးနိုးချင်းမှာ ဖုန်းကို အရင်ဆုံးကိုင်တတ်ကြပါတယ်။ အဲဒီအစား အိပ်ရာနိုးပြီး ပထမဆုံး မိနစ် ၃၀ ကို ဖုန်းမကြည့်ဘဲ ရေသောက်တာ၊ ကိုယ်လက်လှုပ်ရှားတာ ဒါမှမဟုတ် မိသားစုနဲ့ စကားပြောတာမျိုးကို လုပ်ကြည့်ပါ။ ဒါဟာ တစ်နေ့တာလုံးအတွက် စိတ်ကြည်လင်မှုကို အများကြီး အထောက်အကူပြုပါတယ်။
၂။ အိပ်ရာဝင်ချိန် စည်းကမ်းသတ်မှတ်ပါ။
အိပ်ရာမဝင်ခင် အနည်းဆုံး တစ်နာရီအလိုမှာ ဖုန်း၊ Tablet နဲ့ ကွန်ပျူတာတွေကို ပိတ်လိုက်ပါ။ Screen က ထွက်တဲ့ Blue Light လို့ခေါ်တဲ့ အလင်းဟာ အိပ်စက်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို နှောင့်ယှက်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။
၃။ ဖုန်း Notifications (သတိပေးချက်) တွေကို စိစစ်ပါ။
မိမိအတွက် သိပ်အရေးမကြီးဘူးလို့ ထင်ရတဲ့ ဖုန်းဆော့ဖ်ဝဲ App တွေဆီက Notifications တွေကို ပိတ်ထားပါ။ ဖုန်းမြည်တိုင်း၊ ဖုန်းလင်းလာတိုင်း ကြည့်မိနေတဲ့အကျင့်ဟာ အလုပ်အာရုံစိုက်မှုကို အမြဲတမ်း နှောင့်ယှက်နေသလို ဖြစ်စေပါတယ်။
၄။ ဖုန်းမသုံးရမယ့်အချိန်မျိုးကို သတ်မှတ်ကြည့်ပါ။
ထမင်းစားပွဲပေါ်မှာဖြစ်ဖြစ်၊ မိသားစုစုံစုံလင်လင်ရှိနေချိန်မှာဖြစ်ဖြစ် ဖုန်းမသုံးဘဲ မျက်နှာချင်းဆိုင် စကားပြောဆိုတဲ့ အလေ့အကျင့်ကို လုပ်ကြည့်ပါ။ ဒါဟာ လူမှုဆက်ဆံရေးကို ပိုမိုခိုင်မာစေသလို စိတ်ကိုလည်း ပိုမိုအေးချမ်းစေပါတယ်။
၅။ ဝါသနာအသစ်တွေကို ပြန်ရှာဖွေပါ။
အွန်လိုင်းပေါ်မှာပဲ အချိန်ပြည့်ဖုန်းပွတ်နေမယ့်အစား စာအုပ်ဖတ်တာ၊ ပန်းပင်စိုက်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု လုပ်တာမျိုးကို တစ်နေ့ (၁၅) မိနစ်ကနေ စတင်ပြီး အစားထိုးလုပ်ကြည့်ပေးပါ။
…
…
တကယ်တော့ Digital Detox ဆိုတာဟာ နည်းပညာတွေကို လုံးဝအသုံးမပြုခိုင်းတာမျိုး မဟုတ်ဘဲ မိမိရဲ့ကျန်းမာရေးအတွက် နည်းပညာကို စနစ်တကျ ပြန်လည်ထိန်းချုပ် အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာဆီမှ ခေတ္တခဏ အနားယူပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


