ကျွန်မတို့အားလုံးနီးပါး “ အချိန်ကိုသာ နောက်ပြန်လှည့်လို့ ရခဲ့ရင်” ဆိုတဲ့အတွေးမျိုး တစ်ခါတစ်လေတော့ ဝင်ဖူးကြမှာပါ။ အတိတ်ကို ပြန်လှည့်ပြီး ခဏတာလေးဖြစ်ဖြစ် ပြန်ရောက်သွားချင်တဲ့ အခိုက်အတန့်တွေပေါ့။
နောင်တရလို့ဖြစ်စေ၊ တအားပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို လွမ်းလို့ဖြစ်စေ၊ ဆုံးရှုံးသွားတဲ့သူတွေနဲ့ ပြန်ဆုံချင်လို့ဖြစ်စေ၊ အမှားတစ်ခုကို ပြန်ပြင်ဆင်ချင်လို့ ဖြစ်စေပေါ့။
လူရယ်လို့ဖြစ်လာရင် စိတ်ခံစားချက်ရှိလာပြီဆိုတာနဲ့ နောင်တဆိုတာနဲ့ ကင်းကြမှာ မဟုတ်ပါဘူး။ ပြန်ပြီး ပြင်ဆင်ချင်တာတွေ၊ ပြန်ပြီး ဖြည့်ဆည်းပေးချင်တာတွေ၊ လွဲချော်သွားတဲ့ အခွင့်အရေးတွေ၊ လူတွေနဲ့ ပြန်ဆုံရဖို့ စသဖြင့်ပေါ့လေ။
ဒီလို အတိတ်ကပုံရိပ်တွေဟာ ကျွန်မတို့ရဲ့ စိတ်ထဲမှာ ဖျက်ရခက်တဲ့ အမှတ်အသားတွေအဖြစ် တည်ရှိနေတတ်ပါတယ်။
ဒါပေမယ့်လည်း လက်တွေ့ဘဝကတော့ ရုပ်ရှင်တွေထဲကလို အချိန်ကို နောက်ပြန်လှည့်လို့ မရနိုင်ပါဘူး။
အဲဒီလိုလုပ်လို့ရရင် ကောင်းမှာပဲဆိုပြီး မကြာခဏ တွေးနေတာက ကျွန်မတို့ကို ပစ္စုပ္ပန်နဲ့ ဝေးစေသလို၊ အတိတ်မှာပဲ ချည်နှောင်ထားသလို ဖြစ်နေပါတယ်။
ဘဝဆိုတာ ရှေ့ဆက်သွားရမယ့် ခရီးရှည်ဆိုပေမယ့် နောက်ပြန်လှည့်လို့မရတဲ့ ဘဝမှာ ရှေ့ဆက်ဖို့ဆိုတာ လွယ်တာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်မတို့မှာ ရွေးချယ်စရာ လမ်းကြောင်းတွေတော့ ရှိပါတယ်။
အတိတ်ကို ချစ်တတ်ဖို့၊ လက်ခံတတ်ဖို့၊ ကျေးဇူးတင်တတ်ဖို့နဲ့ အတိတ်ကိုကျောခိုင်းပြီး ရှေ့ကိုကြည့်တတ်ဖို့ပါပဲ။
အတိတ်တွေထဲ တဝဲလည်လည်ဖြစ်နေမယ့်အစား . . .
- အရင်က မလုပ်ခဲ့ရတာတွေကို အခုလုပ်ပါ။
- အရင်က မပြောခဲ့ရတဲ့ စကားတွေကို အခုပြောပါ။
- အရင်က မခံစားခဲ့ရတာတွေကို အခုခံစားပါ။
.
အတိတ်ကို အတိတ်မှာထားခဲ့ပါ။
အတိတ်က နောင်တတွေကို ကိုယ့်ရဲ့ပခုံးပေါ်မှာ ထမ်းပိုးထားမယ့်အစား အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ လက်ရှိ ဒီအခိုက်အတန့်လေးမှာ လုပ်နိုင်တာတွေကို အကောင်းဆုံး လုပ်ပါ။
.
ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးပါ။
အတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ခတ်နေမယ်ဆိုရင် ရှေ့ဆက်ဖို့ ပိုအခက်တွေ့စေနိုင်ပါတယ်။ မှားတတ်တာ လူ့သဘာဝမို့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လိုက်တာဟာ ရှေ့ဆက်ဖို့အတွက် အရေးအကြီးဆုံးခြေလှမ်း ဖြစ်လာပါလိမ့်မယ်။
.
အနာဂတ်ကို ပုံဖော်ပါ။
အတိတ်ကို ပြန်ပြင်လို့ မရနိုင်ပေမယ့် အနာဂတ်ကိုတော့ စိတ်ကြိုက်ပြုပြင် ဖန်တီးလို့ ရနိုင်ပါတယ်။ ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေကို အသစ်ပြန်စဉ်းစားပါ။
.
ဘဝဆိုတာ ရှေ့ကိုပဲ ဆက်သွားနေတာဖြစ်လို့ . . .
မနက်ဖြန်အတွက် အိပ်မက်မက်ပါ။
ဒီနေ့ကို အပြည့်အဝ ရှင်သန်ပါ။
အတိတ်ကို ပြုပြင်လို့ မရတော့ပေမယ့်
အသစ်တွေကို စတင်ခွင့်ကတော့ အမြဲရှိနေပါတယ်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.