ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့ တီဗီ၊ အင်တာနက်၊ ကြော်ငြာတွေကနေ လူတစ်ဦးမဟုတ်တစ်ဦး မိနစ်တိုင်းမှာ ကျန်းမာရေး လိမ်လည်လှည့်ဖျားမှုတွေ ခံနေရပါတယ်။ ဒါကြောင့် ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေကို သိရှိပြီး သတိထားဆင်ခြင်နိုင်ဖို့ လေ့လာကြည့်ရအောင်။
.
ကျန်းမာရေး လိမ်လည်လှည့်ဖြားမှု ဆိုတာဘာလဲ။
လိမ်လည်လှည့်ဖြားပြီး ကျန်းမာရေးပစ္စည်းတွေ အတုရောင်းချကာ လိမ်ညာနေတာမျိုးတွေ ရှိသလို ဆေးခန်းအတု၊ ဆေးရုံအတုတွေကနေ ဆရာဝန်အတု ဆေးမှတ်တမ်းအတုတွေနဲ့ လိမ်ညာနေတာမျိုးတွေလည်း ရှိပါတယ်။
ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေရဲ့ လမ်းကြောင်းတွေကတော့ ခန္ဓာကိုယ်အလေးချိန် လျှော့ချခြင်း၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု၊ ကိုက်ခဲနာကျင်မှု၊ မှတ်ဉာဏ်နဲ့ အခြားဝေဒနာတွေကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ ဦးတည်ရာကနေ လိမ်လည်လှည့်ဖြားပြီး အလျင်စလို တိုက်တွန်းလုပ်ဆောင်ခိုင်းလေ့ ရှိပါတယ်။ ကင်ဆာ၊ HIV နဲ့ အယ်လ်ဇိုင်းမားကဲ့သို ရောဂါပင်လျှင် ကူညီပေးနိုင်မယ့လို့ ကတိပြုလေ့ရှိပါတယ်။ တစ်စနဲ့တစ်စ ကျွန်တော်တို့မိသားစု၊ သူငယ်ချင်းမိတ်ဆွေများကိုပင်လျှင် ခန့်အပ်မြူဆွယ်ပြီး လိမ်လည်တဲ့ ဆေးကုသမှုတွေ၊ ကုန်ပစ္စည်းအတုတွေကို ရောင်းချကာ လိမ်လည်လှည့်ဖြား မျှော်လင့်ချက်ပေးကာ ပျံ့နှံ့စေပါတယ်။
.
ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေကြောင့် ဘာတွေဆက်ဖြစ်မလဲ။
ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေကို အယုံလွန်ပြီး အသုံးမဝင် အဆင်မပြေတဲ့ ဆေးများ၊ ဖြည့်စွက်စာများ၊ ကိရိယာပစ္စည်းများနဲ့ ကုသမှုများကြောင့် ငွေကုန်ကြေးကျများကာ ကျန်းမာရေး ပိုထိခိုက်စေပါတယ်။ မတိကျမသေချာတဲ့ ကျန်းမာရေးထုတ်ကုန်နဲ့ ကုသမှုတွေကြောင့် လုံလောက်တဲ့ကုသမှု မရရှိတဲ့အပြင် အရေးကြီးတဲ့ ရောဂါကြီးတွေကို ကနဦးအဆင့်မှာပင် သတိလက်လွတ်ဖြစ်ကာ ရောဂါပြင်းထန်စေပါတယ်။
တချို့သော ထုတ်ကုန်တွေ၊ ကုသမှုတွေက သင့်ကျန်းမာရေးအတွက် အထောက်အကူပြုနေသော ကုသမှု၊ ဆေးဝါးများကိုပင် အနှောင့်အယှက်ဖြစ်စေကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
.
ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေကနေ ကင်းလွတ်အောင် ဘာတွေလုပ်သင့်သလဲ။
များပြားလှတဲ့ မသက်ဆိုင်မဆီလျော်တဲ့ ရောဂါတွေကို ကုသပျောက်ကင်းပါကြောင်း အာမခံချက်တွေ ပေးနေပြီဆိုရင် အထူးသတိထား ဂရုပြုရှောင်ရှားဖို့ လိုပါမယ်။ ပြင်းထန်ပြီး ကုသရခက်သော ရောဂါများကို ကုမ္ပဏီတွေအနေနဲ့ လူပုဂ္ဂိုလ်အနေနဲ့ ကုသပေးနိုင်သည်ဟု အာမခံပေးနေသည်ပင်ဆိုလျှင် အရာရာသံသယနဲ့ စဉ်းစားဆင်ခြင်ပြီး သတိပြုနေထိုင်သင့်ပါတယ်။
.
ဘယ်လိုလူတွေ ကျန်းမာရေး လိမ်လည်လှည့်ဖြားခြင်းတွေ ခံရနိုင်ခြေပိုများလဲ။
● ကျန်းမာရေး အသိပညာနည်းသူများ
● ဝေးလံခေါင်းဖျား နေရာဒေသတွင် နေထိုင်သူများ
● စီးပွားရေးအဆင်မပြေ၍ ကျန်းမာရေးအတွက် ငွေကြေးခက်ခဲသူများ
● သက်ကြီးရွယ်အိုများ
● လွဲမှားသော လိုရာဆွဲပြောသော ကျန်းမာရေးအသိပညာပေး အစီအစဉ်များကို ကြည့်ရှုမိသူများ
● ကျန်းမာရေးတွက် စိုးရိမ်ပူပန်မှုလွန်ကဲသူများ
● ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆိုကုသရန် ခက်ခဲသောရောဂါများ ခံစားနေရသူများူများ၊ ကုသရန် ရှက်သူများ (အမျိုးသားရောဂါ၊ အမျိုးသမီးရောဂါ၊ လိပ်ခေါင်းနှင့် စိတ်ကျန်းမာရေး)
● မူးယစ်ဆေးဝါး သုံးစွဲသူများ
.
🔹ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေ ကင်းဝေးဖို့နည်းလမ်း (၅) သွယ်
● မိမိကိုယ်တိုင်လေ့လာပါ – အွန်းလိုင်းကုသမှုတွေ၊ ဆေးဝါးတွေကို အခြားသူပြောစကားထက် မိမိကိုယ်တိုင် ရှာဖွေလေ့လာပါ။ ဆန်းစစ်ပါ။
● ကျန်းမာပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပါ – ကုသမှုတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့ နည်းလမ်းတွေကို ကျန်းမာရေးပညာရှင် ဆရာဝန်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပါ။
● တိကျသေချာတဲ့ထောက်ခံမှု မရှိတဲ့ ဆေးဝါး၊ ကုသမှုတွေဟာ အန္တရာယ်ရှိတယ်ဆိုတာကို သိရှိနားလည် လက်ခံပေးပါ – အချို့ဆေးဝါးတွေ ကုသမှုတွေဟာ မှန်ကန်ကောင်းမွန်တဲ့ ဆေးဝါး/ကုသမှုများအပေါ် သက်ရောက်မှုအန္တရာယ်တွေ ဖြစ်ပေါ်စေနိုင်ပြီး ကောင်းမွန်တဲ့ နေထိုင်မှု အပြုအမူတွေကိုပါ နှောင့်နှေးစေပါတယ်။
● သဘာဝထုတ်ကုန်ဆိုတိုင်း ကောင်းမွန်စိတ်ချရတယ် ဆိုတာမျိုး မဟုတ်ဘူးဆိုတာ လက်ခံသိရှိထားပေးပါ။
● ကြော်ငြာတိုင်း ကျန်းမာရေး ထောက်ခံချက်ရှိပြီး၊ စိတ်ချရတယ်ဆိုတာမျိုး မဟုတ်ဘူးဆိုတာ သိရှိထားပါ။
.
နောက်ဆုံးအနေနဲ့ အကြံပြုလိုတာကတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ မက်လုံးပေးဆွဲဆောင်မှုတွေကို အတု/အစစ်ခွဲခြားဖို့ ဝန်မလေးပါနဲ့။ မှားပြီး ကိုယ်တိုင် အလိမ်ညာခံခဲ့ရရင်လည်း မရှက်ဘဲ အခြားသူတွေကို မျှဝေပေးဖို့/အသိပေးဖို့ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေဟာ အမြဲဖြစ်ပေါ်နေပြီး မိမိကိုယ်တိုင် ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေရဲ့ သားကောင်မဖြစ်အောင် ဂရုတစိုက် စည်းစနစ်တကျ သတိပြုနေထိုင်ကြပါလို့ အကြံပြုရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါရစေ…..။
ဒေါက်ပီ (တယ်လီကျန်းမာ)
Reference : 📚
https:// www. fda. gov / consumers/health-fraud-scams
https:// consumer. ftc. gov / common-health-scams#learn
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.