ကျွန်မဟာ ကလေးအမေဖြစ်လာမှ ကိုယ့်ကိုယ်ကိုယ် သတိထားမိတဲ့ မကောင်းတဲ့အချက်တစ်ချက် တွေ့လာရပါတယ်။

အဲဒါကတော့ public health မှာ တာဝန်ထမ်ဆောင်စဥ်ကာလမှာရော၊ ဒီကာလအတောအတွင်း မြေပြင်မှာ Health care ပေးစဥ်အချိန်မှာရော… ကလေးလေးတွေ (အထူးသဖြင့် ငါးနှစ်အောက်ကလေးလေးတွေ) မရူနိုင်မကယ်နိုင်ဖြစ်မှ ဆေးခန်းရောက်လာရင် ကလေးအတွက် စိတ်ပူတဲ့ဇောနဲ့ မိဘ (အထူးသဖြင့်) ရင်အုပ်မကွာ စောင့်ရှောက်ပေးရတဲ့မိခင်အပေါ် ဂရုဏာဒေါသော အပြစ်တင်မိတတ်တာပါပဲ။

” ဘာလို့ ဒီလောက်အခြေနေဖြစ်အောင်ထိ ပေါ့ပေါ့လျော့လျော့ထားကြတာလဲ။ ကလေး ဒီလောက်ဖြစ်နေတာကို ဂရုမစိုက်ကြဘူးလား” ဆိုတာမျိုးပေါ့။

နေမကောင်းပြီး ဖျားနေတဲ့ကလေးအများစု ဆေးခန်းရောက်လာလို့ တစ်နေကုန် ဘာအစာဝင်လဲ ဘာကျွေးလဲ မေးလိုက်ရင် တစ်ရာမှာ ကိုးဆယ့်ခုနှစ်ယောက်လောက်က ” သူက ဘာမှ မစားလို့/ စားရင်အန်လို့ ဘာမှကျွေးမရဘူး” လို့ ပြောရင် ကျွန်မ သိပ်အသည်းယားတာ။

အဲလိုမျိုးဆို စကြားကြားချင်းတော့ ” အမေရယ် အမေကိုယ်တိုင် နေမကောင်းနေတုန်း တစ်နေကုန် ဘာအစာမှမဝင်ဘဲ ဒီတိုင်းနေနေရင် ဘယ်လိုခံစားရလဲ စဥ်းစားကြည့်။ လူကြီးတောင် ဒီလောက်ဆိုရင် ကလေးလေးဘယ်လိုနေမလဲ။ အစားကို တစ်ခုမဟုတ်တစ်ခု ဝင်အောင်ချော့မော့ကျွေး၊ သူစားချင်တာလေးမေးပြီး သေချာလုပ်ကျွေးမှပေါ့။ မစားလို့ ဘာမှမကျွေးဘဲထားရင် ဒီအဖျားကို သူဘယ်အင်အားနဲ့ ခံနိုင်ရည်ရှိမလဲ” ဘာညာ မိခင်ဘက်အခြေအနေကို ထည့်မတွေးဘဲ အရမ်းပွားမိတတ်တယ်။ ပြီးမှ ငါပြောတာ နည်းနည်းများ (နည်းနည်းများနော်) လွန်သွားတယ်ဆိုပြီး လေပြေလေးနဲ့ ပြန်ချော့ရတာ။

တစ်နှစ်အောက်ကလေးလေးတွေ ဖျားလို့လာပြရင် ပါးစပ်လေးဟကြည့် လျှာမှာ အဖြူဖတ်လေးတွေနဲ့။ ကလေးကို ထမင်းဝါးခွံ့လား မေးကြည့်… ပြေးကြည့်တာကမှ လွဲဦးမယ်။ တစ်ရာရာခိုင်နှုန်း အကုန်ဝါးခွံ့ကြတယ်။

ဟော အဲမှာ ဆရာမက မေမေကို ဆူလိုက်ပြန်ပြီ။ ” ဒီကလေးလေးက မေမေတို့ ဘွားဘွားတို့ အိမ်ကလူကြီးတွေလို ကိုယ်ခံအားက ပြည့်စုံသေးတာမဟုတ်ဘူး။ လူ့ခန္ဓာကိုယ်မှာ ရောဂါပိုးအများဆုံးအပေါက်က ဘယ်နေရာလည်းသိလား။ ပါးစပ်..ပါးစပ်ရှင့် မေမေရေ့။ မေမေက လူကြီးမို့ ဒီရောဂါပိုးတွေကို ခံနိုင်ရည်ရှိလို့ ဘာမှမဖြစ်ပေမယ့် ဟောသည် နုနုနယ်နယ်ကလေးလေးမှာ အဲပိုးတွေက အရမ်းအန္တရာယ်များတယ်။ ဝါးမခွံ့နဲ့။ အိမ်က အဘွားတွေလည်း မခွံ့ခိုင်းနဲ့။ လက်မခံနဲ့။ ကိုယ့်ကလေး ဘေးကင်းဖို့ ကိုယ့်မှာတာဝန်ရှိတယ်။ ထမင်းကို အလုပ်များလို့ သပ်သပ်မပေါင်းနိုင်ရင် ပျော့ပျော့ချက်။ ပန်းကန်သန့်သန့်နဲ့ သီးသန့်ထည့်ချေကျွေး။ ဟင်းလည်းစုံအောင်ကျွေး။ အစားကို လူကြီးတွေရှောင်ခိုင်းလည်း မရှောင်နဲ့” ဘာညာ ဘလာဘလာ…။

တစ်နှစ်အောက်ကလေးတွေ ခေါင်းတုံးရိပ်လာလည်း ရိပ်လာလို့။ အဟာရချို့တဲ့တဲ့ ကလေးဆိုလည်း ကောင်းကောင်းဂရုစိုက် မကျွေးပြန်လို့။ မျက်နှာငယ်လေးနဲ့ ဆေးခန်းခေါ်လာပြရှာတဲ့ ကလေးမေမေကို ဆူမိတတ်တာပါ။ အဲဒီတုန်းကတော့ ငါက ကလေးကိုစိတ်ပူမိလို့ အစိုးရိမ်ကြီးလို့ ဂရုဏာဒေါသောနဲ့ ပြောမိတာပါ။ သူတို့လည်း နားလည်မှာပါလို့ ကိုယ့်ကိုယ်ကိုယ် ဖြည့်တွေးခဲ့ပါတယ်။

တကယ်တမ်း ကျန်းမာရေးဗဟုသုတရှိတဲ့ ကိုယ်ကိုယ်တိုင်တောင် အမေဖြစ်လာတဲ့အခါ ကလေးကို ကိုယ့်အရင်းနှီးဆုံး မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ဖြူစင်သော မေတ္တာဘေးအန္တရာယ်တွေကနေ ရာနှုန်းပြည့်မကာကွယ်ပေးနိုင်ပါဘူး။ ဒါတောင် ကိုယ်က မိသားစုမှာ သြဇာခံမဟုတ်ဘဲ ကိုယ်လုပ်ချင်ရာ လုပ်တဲ့သူပါ။

ပြန်စဥ်းစားကြည့်တဲ့အခါ ကိုယ်အပြစ်တင်မိခဲ့တဲ့ မေမေအများစုဟာ အကြောင်းအမျိုးမျိုးနဲ့ ရုန်းကန်နေရတဲ့၊ တချို့ မိသားစုထဲမှာ ဘာအာဏာမှမရှိတဲ့၊ ကိုယ့်ကိုယ်ကိုယ် မှီခိုလို့သတ်မှတ်ထားတတ်ကြတဲ့ (အမှန်က မှီခိုမဟုတ်ပါနော်) မေမေတွေဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတလည်း မရှိကြရှာသလို ရှိရင်တောင် မိသားစု ပတ်ဝန်းကျင်ရဲ့ အကြံပေးမှု၊ အပြစ်တင်ဝေဖန်မူတွေကို မလွန်ဆန်နိုင်ကြတဲ့ သူတွေပါ။

နားလည်တဲ့သူက ဘယ်လောက်ပဲ ထမင်းဝါးမခွံ့နဲ့၊ ကလေးကို တစ်နှစ်/ခြောက်လမပြည့်ခင် ကတုံးမတုံးနဲ့၊ အစားမရှောင်နဲ့၊ ဖျားနေရင် အစာကို နည်းနည်းနဲ့ ခဏခဏကျွေး၊ မစားဘူးဆိုပြီး မကျွေးဘဲ ပစ်မထားနဲ့လို့ပြောပြော အိမ်ကအမေ၊ ယောက္ခမ၊ အဒေါ်၊ အိမ်နီးနားချင်းကြီးတော် အစရှိသူတွေရဲ့ စေတနာနဲ့အကြံပေးမူဆိုတာတွေကို တွန်းလှန်ဖီဆန်ဖို့ အင်အားမရှိရှာကြဘူးဆိုတာကို…..

ငလျင်ဘေးကြီးပြီးတဲ့နောက် ဆယ်လသမီးငယ်လေး ဝမ်းကိုက်သွေးပါ ခဏခဏဖြစ်တာကြောင့် ထမင်းဟင်းကို သပ်သပ်သေချာပေါင်းကျွေး၊ ရေသန့်ကိုကျိုချက် ရေကျက်အေးလုပ်ပြီးမှ တိုက်၊ ကလေးအတွက် ဇွန်းပန်းကန် သီးသန့်ထား၊ သေချာဆေးကြောပေါင်းထားပြီး သုံးပေးနေတဲ့ကြား စက္ကန့်ပိုင်းအတွင်း မျက်နှာလေးတစ်ချက်လွှဲမိတာနဲ့ အဲလိုမလုပ်ဖို့ ခဏခဏပြောထားတဲ့ကြား အဘွားဖြစ်သူရဲ့ စားလက်စ ထမင်းပါးကန်ထဲကထမင်းကို ဝါးပြီးဇက်ခနဲကောက်ခွံ့တာ သမီးလေး တစ်ရာ့ကိုးကြိမ်မြောက် ခံရပြီးနောက်မှာတော့ ဒီအတောအတွင်း တစ်လျှောက်လုံး ဆူမိခဲ့တဲ့ ကလေးမေမေတွေကို အနူးအညွတ်တောင်းပန်ပါကြောင်း ဒီကနေပဲ ပြောပါရစေရှင်….။ ။

ယိမ်းင်
CDM သူနာပြုတစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here