သွေးတိုးရောဂါက ကျွန်တော့်မိတ်ဆွေကြီးဗျာ။ ဒီတော့ ရပ်ထဲရွာထဲ သူနဲ့ပတ်သက်ပြီး မဟုတ်တမ်းတွေ ပြောနေတာတွေ့ရင် ကျွန်တော်ငြိမ်မခံတတ်ဘူး။
တစ်ရက်… ကျွန်တော်စားနေကျ ထမင်းဆိုင်က အဒေါ်ကြီးကပြောတယ်။
“ ခေါင်းတွေလေးပြီး ဇက်တွေတောင့်… တစ်ချက်တစ်ချက် နားထင်ကိုတောင် လာထိုးနေသလိုပဲ။ သွေးတွေများ တိုးနေသလား မသိဘူး ဒေါက်တာ” တဲ့။
လူကြည့်တော့ ဝဝဖိုင့်ဖိုင့်နဲ့။ မြင်ရသလောက် ပက်လက်ကုလားထိုင်မှာပဲ ထိုင်နေတတ်တဲ့ အန်တီကြီး။ ထိုင်ရာကမထ ဆိုင်ဝန်ထမ်းလေးတွေကို ပါးစပ်ကနေပဲ တတွတ်တွတ် ခိုင်းနေတတ်တဲ့ အမျိုးသမီးကြီးပေါ့။
အခုလို သူခံစားနေရတဲ့ ဝေဒနာတွေနဲ့ပတ်သက်ပြီး ကျွန်တော့်မိတ်ဆွေ သွေးတိုးကို စွပ်စွပ်စွဲစွဲတွေ လာပြောတော့ တွေ့ပြီလေ ကျွန်တော်နဲ့။
“ အန်တီ လာလာ… ဒီနားလေး ခနမတ်တပ်ရပ်”
“ ဟင်… အင်း အင်း”
“ ဟုတ်ပြီ ခါးရော လည်ပင်းရော မတ်မတ်နေ။ လက်ကို ဒီလိုကွေး… ပြီးတော့ ဒီဘက်ကို အသာလေးကိုင်းချလိုက်”
“ အင်း ကျွတ် ကျွတ်”
“ ဟုတ်တယ်ဗျာ… ခနလေး ဆယ်စက္ကန့်လောက် နေနေပေးဦး။ မှန်တယ် ရပြီ… ဒီတစ်ခါ ဟိုဘက်အလှည့်”
“ ဒီလိုလား”
“ မှန်တယ်… ဒါပြီးရင် ခေါင်းကိုအောက်စိုက်ပြီး ကွေးထား။ ဟုတ်ပြီ ပြန်လှန်ပြီး အပေါ်ကိုမော့မယ် ဆယ်စက္ကန့်ပဲ”
“ အင်း ကျွတ် ကျွတ်”
“ ရပြီ ရပြီ…. ဒီတစ်ခါ ဘေးဘယ်ညာအလှည့်။ နောက်ပြီးရင် ပခုံးတွေအလှည့်လာမယ်”
(လိုက်လုပ်ရှာပါတယ် အန်တီကြီးက)
…
…
နောက်နေ့
“ ဒေါက်တာရေ မနေ့ကလေ့ကျင့်ခန်းလေးတွေ လုပ်လိုက်တာ လူလည်း နေလို့ထိုင်လို့ အတော်ကောင်းပြီး ခုထိ ပေါ့သွားတာပဲ” တဲ့။
ပေါ့မှာပေါ့… သူဟာက လူကလည်း လှုပ်ရှားမှုမရှိ၊ ဒီကြားထဲ ဒီလောက်အဆီတွေပြည့်နေတဲ့ ခန္ဓာကိုယ်ကြီးကို မရှိမဲ့ရှိမဲ့ ကြွက်သားလေးတွေက ထိန်းနေရတော့ အကုန်ညောင်းတောင့်ပြီး ဇက်တွေလည်းထိုး၊ ဇက်တွေလည်း တောင့်မှာပေါ့။
လူတစ်ယောက်ရဲ့ ခေါင်းတစ်လုံး အလေးချိန်က နည်းတာမှ မဟုတ်တာ။ ခင်ဗျားကိုယ်တိုင် မ ကြည့်ပါလား။ လည်ပင်းကြွက်သားလေးတွေ သနားစရာ။
မဆီမဆိုင် ကျုပ်မိတ်ဆွေကြီး သွေးတိုးကို လာစွပ်စွပ်စွဲစွဲ ပြောခဲ့သေး။
သူက ဘာလက္ခဏာမှ ပြတာမဟုတ်ဘူး။ ပြရင်လည်း ခင်ဗျား အနည်းဆုံးတော့ လေဖြတ်ပြီပဲ။
ဒါပဲ… တစ်ခုခုဆို သွေးတိုးနေတာလား မသိဘူးလို့ ကျုပ်မိတ်ဆွေကြီးကို လာမစွပ်စွဲကြနဲ့….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.