အပျင်းကြီးတဲ့ မျက်လုံး Amblyopia (March, 2023)

အပျင်းကြီးတဲ့ မျက်လုံးကလေး (သို့မဟုတ်) amblyopia

“Amblyopia” လို့ခေါ်တဲ့ ရောဂါမှာ မျက်လုံးလေးတစ်လုံးဟာ အပျင်းထူနေပြီးတော့ သူလုပ်ရမယ့် အလုပ်ကို ကောင်းကောင်း မလုပ်ပါဘူးတဲ့။ တကယ်တမ်းမှာတော့ မျက်လုံးလေး တစ်ဘက်က မြင်နိုင်စွမ်းအား (vision) ကျသွားတဲ့အတွက် အား​ကောင်းတဲ့ မျက်လုံးဘက်က ပိုအလုပ်လုပ်ရတာပါ။

တစ်ဘက်ထဲ ပိုအလုပ်လုပ်လို့ ကျန်တဲ့တစ်ဘက်က အပျင်းထူသွားတာ/ မြင်နိုင်စွမ်းအား (vision) ကျသွားတာမျိုး မဟုတ်ပါဘူးတဲ့။

ဒါဟာ ဘာကြောင့် ဖြစ်ရသလဲဆိုရင် ရောဂါဖြစ်တဲ့ မျက်လုံးဆီကနေ လာတဲ့ပုံရိပ်ကို လက်ခံတဲ့ ဦးနှောက်အစိတ်အပိုင်းလေးက ကောင်းကောင်းအလုပ်မလုပ်တဲ့အတွက်ကြောင့် မျက်လုံးတစ်ဘက်က ကြည်ကြည်လင်လင် မမြင်နိုင်တော့တာ ဖြစ်ပါတယ်။

“Amblyopia” ရောဂါဟာ မွေးကင်းစအရွယ်ကစလို့ အသက် (၇) နှစ်အရွယ်အထိ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ ကလေးအများစုမှာ အမြင်အာရုံ ချို့ယွင်းမှုဖြစ်ကြတာလည်း ဒီရောဂါကြောင့်ပါပဲ။ ဖြစ်တောင့်ဖြစ်ခဲပေမယ့် တစ်ခါတစ်ရံ မျက်လုံး (၂) ဘက်လုံး ထိခိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခါတလေမှာတော့ ကောင်းတဲ့ဘက်က ပိုအလုပ်လုပ်ပေးနေတဲ့ အတွက် မျက်လုံးမြင်အား နှစ်ဘက်မတူတာကို က​လေးက မသိတာ​တောင် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဖေဖေမေမေတို့အနေနဲ့လည်း ကိုယ့်ရဲ့သားသားမီးမီးတွေမှာ ဒီလိုမကြုံတွေ့ရအောင် အမြဲ ဂရုတစိုက်ရှိဖို့ လိုအပ်ပါတယ်။
..
..

???? Amblyopia မှာ ဘယ်လိုလက္ခဏာတွေ တွေ့နိုင်လဲ?

ကောင်းတဲ့မျက်လုံးကိုသုံးပြီး ပုံမှန်လိုပဲ ကြည့်နေနိုင်တဲ့အတွက် ဘယ်လိုလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။ တခြား လက္ခဏာတွေ အနေနဲ့ကတော့…

• မျက်လုံးတစ်ဘက်က အမြင်အာရုံကျဆင်းနေမယ်။

• မျက်စိစွေနေမယ် (ဒါမှမဟုတ်) မျက်လုံးတစ်ဘက် ပိတ်ကျနေမယ်။

• အရာဝတ္ထုတွေကို လိုက်ကြည့်တဲ့အခါ ခေါင်းတစ်ခြမ်းစောင်းနေမယ်။

• မျက်စိက ခဏခဏညောင်းနေမယ်။ မျက်စိကို ခဏခဏ ပွတ်နေမယ်။

• ခေါင်းကိုက်မယ်။

• မျက်တောင် ခဏခဏ ခတ်မယ်။

• ခဏခဏ ခလုတ်တိုက်ပြီး ချော်လဲနေမယ်။

• မျက်စိနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ လုပ်တဲ့အခါ ရလဒ်မမှန်တာတွေထွက်မယ်….. အစရှိတာတွေ ဖြစ်နိုင်ပါတယ်။
..
..

???? ဘာကြောင့် Amblyopia ဖြစ်ရသလဲ?

• “Strabismus amblyopia” လို‌ခေါ်တဲ့ မျက်စိစွေစောင်းရောဂါခံစားနေရတဲ့ ကလေးတွေမှာ စွေနေတဲ့မျက်စိကပေးပို့တဲ့ အမြင်ကို ဦးနှောက်က အသိမှတ်မပြုတော့ရင်လည်း စွေနေတဲ့မျက်စိဟာ lazy eye ဖြစ်တတ်ပါတယ်။

• မျက်လုံးတစ်လုံးနဲ့တစ်လုံးကြား မြင်ကွင်းပြတ်သားကြည်လင်မှု ကွာခြားလို့
(အဝေးမှုန်၊ အနီးမှုန်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ မျက်လုံးရဲ့ မျက်နှာပြင်မညီတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။)

• မျက်လုံးထဲမှာ တိမ်စွဲနေတဲ့အခါ

• လမစေ့ဘဲမွေးတဲ့ ကလေးတွေ

• ‌ပေါင်မပြည့်တဲ့ မွေးကင်းစကလေးတွေ

• မိသားစုထဲမှာ amblyopia ရောဂါဖြစ်ဖူးတဲ့သူရှိတဲ့ ကလေးတွေမှာ amblyopia ဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။
..
..

ဒါကို မကုသဘဲထားမယ်ဆိုရင်တော့ မျက်စိလုံးဝမမြင်တော့ဘဲ မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ကလေးတွေမှာ မျက်စိအမြင်မကြည်တာကို သိတာနဲ့တပြိုင်နက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။

မျက်လုံး (၂) ခု အမြင်အာရုံမတူတာကို ကလေးက မသိနိုင်တာလည်း ဖြစ်နိုင်တာ​ကြောင့် အသက် (၄) နှစ်အရွယ်​လောက်မှာ မိမိက​လေးကို အမြင်အာရုံစမ်းသပ်သင့်ပါတယ်။ မျက်စိဆရာဝန်က မျက်လုံးတစ်ဘက်နဲ့ တစ်ဘက်ကို နှိုင်းယှဥ်စမ်းပြီး လိုအပ်တဲ့ကုသမှု​တွေ​ပေးပါလိမ့်မယ်။
..
..

???? ဘယ်လို ကုသကြမလဲ?

ကလေးဘဝမှာတည်းက Amblyopia ကို ကုသနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

• အနီးမှုန်၊ အဝေးမှုန်ပေါ် မူတည်ပြီး မျက်မှန် (ဒါမှမဟုတ်) မျက်ကပ်မှန်တပ်တာ

• အားနည်းနေတဲ့ မျက်လုံးကို အမြင်အာရုံပြန်ကောင်းအောင် လှုံ့ဆော်ဖို့အတွက် တစ်နေ့ကို (၆) နာရီလောက် ပုံမှန်မြင်ရတဲ့မျက်လုံးကို အဝတ်စ/ patch လေးတွေနဲ့ အုပ်ထားတာ

• မျက်စဥ်းဆေးခပ်တာ… ဒါပေမယ့် မျက်လုံးက အလင်းစူးတဲ့ဒဏ်မခံနိုင်တာ၊ ဓာတ်မတည့်တာ အစရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်တဲ့အတွက် တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ အကြံပေးလိုပါတယ်။

• ဒီထက်ပြင်းထန်ခဲ့မယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုအထိ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

Amblyopia ကို ကုသရာမှာ အသက် ၈ နှစ်ကျော်သွားရင်တော့ အမြင်အာရုံ ပြန်လည်သန်စွမ်းဖို့ရာ ခက်ခဲသွားပါပြီ။

စောစောစီးစီး ဆရာဝန်နဲ့ စနစ်တကျတိုင်ပင်ကုသပြီး ဆေးကုသမှုခံယူမယ်ဆိုရင်တော့ လပိုင်းအတွင်းမှာ မျက်လုံးလေးရဲ့ အခြေအနေပြန်ကောင်းလာနိုင်ပါတယ်။
..
..

ဒီလောက်ဆိုရင်တော့ Amblyopia နဲ့ပတ်သက်လို့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ ဖေဖေမေမေတို့လည်း ကိုယ့်ရဲ့ကလေးတွေမှာ အမြင်အာရုံမကြည်လင်တာ ချို့ယွင်းတာကို သတိထားမိတာနဲ့ မပေါ့ဆဘဲ ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်ပြသဖို့ ထပ်လောင်း အကြံပြုပါရစေ။

Reference – https://www.mayoclinic.org/…/symptoms-causes/syc-20352391

https://www.mayoclinic.org/…/diagnosis…/drc-20352396

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#amblyopia

Ministry of Health,

National Unity Government.

Published on: 22 March 2023
Last Updated: 22 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...