မီနူး

Tinea pedis “ ခြေထောက်မှိုစွဲခြင်း (သို့) ခြေထောက်ရေဝဲစား/သဲဝဲစားခြင်း ” (February, 2023)

” ခြေထောက်မှိုစွဲခြင်း (သို့) ခြေထောက်ရေဝဲစား/သဲဝဲစားခြင်း “

မှိုဆိုတဲ့အမျိုးက နာမည်လေးတစ်လုံးသာရှိပေမယ့် လူကိုတော့ တော်တော်လေး ဒုက္ခပေးတတ်တာမျိုးပါ။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ သူ့သဘောနဲ့သူ စွဲတတ် (ပေါက်ဖွားတတ်) သလို မှိုစွဲရင်လည်း ပုံပျက်ပန်းပျက်နဲ့ ရုပ်ဆိုးသွားတတ်ပါသေးတယ်။

ဒီနေ့မှာတော့ အခုလို ရုပ်ဆိုးအလှပျက်စေတဲ့ မှိုစွဲရောဂါတွေထဲက Tinea pedis လို့ခေါ်တဲ့ ခြေထောက်ရေဝဲစား/သဲဝဲစားခြင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
..

Tinea pedis ကို နောက်တစ်မျိုး athlete’s foot လို့လည်း ခေါ်ကြပါတယ်။ ဘယ်လိုပဲခေါ်ခေါ် (၂) မျိုးလုံးကတော့ Tinea လို့ခေါ်တဲ့ ခြေထောက်မှိုစွဲတာကိုပဲ ခေါ်ကြတာပါ။

အဲ့ဒီမှိုက ခြေချောင်းတွေရဲ့ ကြား (ဒါမှမဟုတ်) အောက်မှာ စွဲကပ်တတ်ကြပါတယ်။ အထူးသဖြင့်တော့ ခြေသန်းနဲ့ ခြေသူကြွယ် သူတို့ (၂) ချောင်းမှာ ဖြစ်တာ များပါတယ်။ တစ်ခါတစ်ရံ ဆိုးရွားလာတဲ့အခြေအနေတွေမှာဆိုရင်တော့ ခြေခုံတစ်ခုလုံးအထိ ပျံ့နှံ့သွားတတ်ပါတယ်။

အဲ့ဒီမှိုတွေဟာ ခြေချောင်းကြားတွေတင်မကဘဲ ခြေသည်းတွေမှာလည်း စွဲတတ်ပါတယ်။ ခြေသည်းမှိုစွဲတဲ့အခါမှာတော့ အဲ့ဒီခြေသည်းက ထူလာပြီး ဝါကျင့်ကျင့်အရောင်ကို ပြောင်းသွားတတ်ပါတယ်။ အခုပြောပြခဲ့တဲ့ မှိုအမျိုးအစားဟာ ခြေထောက်မှာတင်မက ပေါင်ခြံလိုနေရာမျိုးအထိ စွဲတတ်တာကိုလည်း တွေ့ရပါတယ်။
..
..

ခြေထောက်မှိုစွဲတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ ?

– အများအားဖြင့်တော့ ယားယံပြီး အဲ့ဒီမှိုစွဲတဲ့နေရာကနေ အနံ့ဆိုးထွက်နေတာ ဖြစ်ပါမယ်။
– ပြီးတော့ နီလာပါမယ်။
– အရေပြားအထပ်လိုက် အလွှာလိုက်ဖြစ်ပြီး ကွာကျနိုင်ပါတယ်။ ဒါ့အပြင် ချွေးနဲ့ရေတွေကြောင့် အဲ့ဒီမှိုစွဲထားတဲ့အရေပြားရဲ့ အပေါ်ယံလွှာက ဖြူဖြူပျော့ပျော့ကြီး ဖြစ်လာပါမယ်။
– ပူလောင်လောင်နဲ့ စပ်ဖျဥ်းဖျဥ်းခံစားရပါမယ်။
ခြေထောက်မှိုစွဲတာက အန္တရာယ်ရှိတဲ့ရောဂါမဟုတ်ပေမယ့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်တဲ့အတွက်ကြောင့် အထူးဂရုပြုဖို့တော့ လိုအပ်ပါတယ်။
..
..

ဘယ်လောက်တောင် အဖြစ်များတဲ့ ရောဂါလဲ ?

ခြေထောက်မှိုစွဲတာက တော်တော်လေး အဖြစ်များပါတယ်။ ‌လူတော်တော်များများကတော့ အရေးကြီးတဲ့ကျန်းမာရေးပြဿနာလို့ မမြင်ဘဲ ပေါ့ဆတတ်ကြပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုလို့အဖြစ်များပါတယ်။
..
..

ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ ?

– ဖိနပ်အပိတ်၊ အကျပ် စီးတတ်တဲ့သူတွေ
– ခဏခဏ ချွေးထွက်လွယ်တဲ့သူတွေ
– ဖျာ၊ အိပ်ရာခင်း၊ အဝတ်အစားနဲ့ ဖိနပ်တွေကို သူများနဲ့အတူတူ ဝေမျှပြီး သုံးတတ်တဲ့သူတွေ
– ရေကူးကန်၊ ချွေးထုတ်ခန်း၊ ရေချိုးခန်းလိုနေရာတွေမှာ ‌ခြေဗလာနဲ့သွားတတ်သူတွေ စတာတွေမှာ ခြေထောက်မှိုစွဲဖို့ အခွင့်အလမ်းများပါတယ်။
..
..

ဘယ်လို ကာကွယ်ကုသလို့ ရနိုင်လဲ ?

• ခြေထောက်ကို တတ်နိုင်သမျှ ​သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပါ။
• ရေချိုးပြီးတဲ့အခါတိုင်းမှာ ခြေထောက်ကို ခြောက်သွေ့နေအောင် အခြောက်ခံပါ။
• ခြေထောက်တိုက်တဲ့၊ သုတ်တဲ့ အဝတ်စတွေကို တခြားသူတွေနဲ့ အတူတူမသုံးပါနဲ့။
• ခြေထောက်တိုက်ပြီးတဲ့အခါမှာ ခြေချောင်းတွေကြားကို မှိုသတ်ဆေးလိမ်းပေးလို့ ရပါတယ်။
• တစ်ရှူးအခြောက်သုံးပြီး ခြေချောင်းတွေအောက်မှာ အလွှာလိုက်ဖြစ်နေတဲ့ အရေပြားတွေကို သာသာလေး ခွာပေးလို့ရပါတယ်။
‌• ခြေထောက်ကိုကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်ကို သန့်ရှင်းစွာဆေးကြောဖို့ အရေးကြီးပါတယ်။
• ချည်ထည်နဲ့လုပ်ထားတဲ့ ပေါ့ပေါ့ပါးပါး ခြေအိတ်တွေကိုပဲ ဝတ်ဆင်ပါ။ ဒါမှသာ လေဝင်လေထွက်လည်း ကောင်းပြီး ချွေးထွက်တာ သက်သာမှာဖြစ်ပါတယ်။
• ဖိနပ်နဲ့ ခြေအိတ်ကို တတ်နိုင်သမျှ လဲလှယ်ဝတ်ဆင်ပါ။ အမြဲ မလဲလှယ်နိုင်ရင် ခြေအိတ်နဲ့ဖိနပ်ကို မကြာခဏ ဖွပ်လျှော်ပေးပါ။ ဘာကြောင့်လဲဆို ဖိနပ်မှာ ပေကျံလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ချွေးတွေက မှိုစွဲတာကို ပိုဆိုးစေတတ်လို့ပဲ ဖြစ်ပါတယ်။
• ဖြစ်နိုင်ရင် ဖိနပ်ကို အပိတ်မစီးဘဲ လေဝင်လေထွက်ကောင်းစေတဲ့ ဖိနပ်အပွင့်ကိုပဲ စီးပေးတာ ပိုကောင်းပါတယ်။
• ဖိနပ်မစီးဘဲ ခြေဗလာသွားတာမျိုးကို ရှောင်ပါ။
• အိမ်မှာ အနားယူတဲ့အချိန်တွေမှာ ခြေထောက်ကို နေရောင်နဲ့ ထိတွေ့‌ပေးပါ။

• ဒါ့အပြင် tea tree oil, Whitfield’s ointment အစရှိတဲ့ လိမ်းဆေးတွေကို လိမ်းပေးလို့ ရပါတယ်။ ဒါပေမယ့် မှိုသတ်ဆေးခရင်မ်တွေ လိမ်းပေးတာကတော့ အကောင်းဆုံးပါ။ တစ်နေ့ကို (၂) ကြိမ်၊ (၃) ကြိမ်ခန့်နဲ့ (၂) ပတ်ကနေ (၃) ပတ်လောက်အထိ လိမ်းပေးရပါတယ်။ ဒီထက်ပိုဆိုးလာရင်တော့ ဆေးသောက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ‌‌ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးဆိုတာ ရှိစမြဲမို့ ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးဘဲ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိမ်းပေး၊ သောက်ပေးနိုင်တာ ပိုအန္တရာယ်ကင်းပါတယ်။
..
..

ဒီလောက်ဆို ခြေထောက်မှိုစွဲတာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ၊ ဆောင်ရန်/ရှောင်ရန်တွေနဲ့ ပတ်သက်ပြီး မှတ်မိလောက်ပြီလို့ ထင်ပါတယ်။

ခြေထောက်မှိုစွဲတဲ့အခါ အဓိကက တစ်ကိုယ်ရည်သန့်ရှင်းရေးမို့ အတတ်နိုင်ဆုံး ခြေထောက်မှိုစွဲခြင်း မဖြစ်ရလေအောင် အထက်ပါအချက်တွေကို ဂရုစိုက်လိုက်နာရင်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုကြဖို့ တိုက်တွန်းပါရစေ။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 155

https ://www .mayoclinic. org/diseases-conditions/athletes-foot/symptoms-causes/syc-20353841#:~:text=Overview,include%20an%20itchy%2C%20scaly%20rash .

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

* ပိတ်ရက်မရှိပါ *
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#Tinea_pedis

Ministry of Health,

National Unity Government.

Published on: 22 February 2023
Last Updated: 22 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဒီနေ့ တစ်ရက်ပဲ ရှင်သန်ခွင့်ရတော့မယ်ဆိုရင် ဘာလုပ်မလဲ

ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေ ဆန္ဒတွေကို တစ်ချက်လောက် သတိထားကြည့်ကြရအောင်။ မေးခွန်းက ကြောင်တောင်တောင်နိုင်နေမလား။ဝမ်းနည်းစရာ ကောင်းနေမလား။ဟာသတစ်ခု ဖြစ်နေမလား စတာတွေကို မစဉ်းစားဘဲ ရုတ်တရက်ပေါ်လာတဲ့ အတွေးပေါ်မှာပဲ အာရုံထားကြည့်ပါ။ သေချာပေါက်တော့ ဒီမေးခွန်းကို ကြားလိုက်ရင် လူအများစုရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေက လုံးဝ...

မီးပိုးကောင်အန္တရာယ် Paederus Dermatitis

မြန်မာလို အများအားဖြင့် "မီးပိုးကောင်” လို့ ခေါ်ကြတဲ့ Rove beetle ခေါ် Paederus မျိုးနွယ်ဝင် အင်းဆက် တစ်မျိုးရဲ့အဆိပ်ဟာ လူရဲ့ ခန္ဓာကိုယ်အရေပြားကို ရောင်ရမ်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကို မီးပိုးကောင်လောင်ခြင်း (Paederus dermatitis) လို့ ခေါ်ပါတယ်။ ဒီပိုးကောင်တွေဟာ ကိုက်တာ၊ တုပ်တာ...

စိတ်ကျန်းမာရေးအကူအညီများရယူဖို့

စိတ်ကျန်းမာရေးကုသမှုခံယူတာကို ရှက်စရာတစ်ခုလို့ မြင်နေကြတုန်းလား။ လူတိုင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေ ရှိတတ်ပါတယ်။ မရှိမှတော့ လူသားရယ်လို့ ဘယ်ခေါ်နိုင်တော့မလဲနော်။ အနည်းဆုံးတော့ ဖြေရှင်းလို့မတတ်တော့တဲ့ ပြဿနာတွေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဒုက္ခ‌ရောက်တာတွေ၊ ဒီနေ့ မနက်စာကို ဘာနဲ့စားခဲ့လဲဆိုတာတောင် ရုတ်တရက်စဉ်းစားလို့ မရတော့အောင် အလုပ်ရှုပ်နေသူတွေ၊ မွန်းကျပ်နေသူတွေ ရှိနေကြတာပဲ မဟုတ်လား။ တချို့က...

ကလေးငယ်များ သေဆုံးစေခဲ့သော အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ

သတင်းအရင်းအမြစ်များစွာကို စိစစ်လေ့လာပြီးနောက် တယ်လီကျန်းမာအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို သိရှိခဲ့ရပါသည်။ အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးအထိ သေဆုံးစေခဲ့ပါသည်။ ချောင်းဆိုးပျောက်ဆေးတွင် ပါဝင်သော အဆိပ်အတောက်ပစ္စည်းမှာ 48.6% diethylene glycol ဖြစ်ပြီး ကျောက်ကပ်ပျက်စီးရာမှတစ်ဆင့် ကလေးငယ်များ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ချောင်းဆိုးပျောက်ဆေး၏အမည်မှာ "Coldrif" ဖြစ်ပြီး၊ Sresan...