လက်ကောက်ဝတ်အကြောညပ်တဲ့ရောဂါ Carpal Tunnel Syndrome

Carpal Tunnel Syndrome ဆိုတာကတော့ အလွယ်တကူပြောရရင် လက်ကောက်ဝတ်အကြောညပ်တဲ့ရောဂါပဲ ဖြစ်ပါတယ်။ လက်ကောက်ဝတ်ကို အာရုံကြောထောက်ပံ့ပေးနေတဲ့ median nerve လို့ခေါ်တဲ့ အာရုံကြော အဖိခံရတဲ့အတွက် ခံစားရတဲ့ ဝေဒနာဖြစ်ပါတယ်။

လက်ချောင်းတွေကို အာရုံခံစားမှု ထောက်ပံ့ပေးတဲ့ အဲ့ဒီ median nerve ဟာ လက်ကောက်ဝတ်မှာရှိတဲ့ carpal tunnel လို့ခေါ်တဲ့ လိုဏ်ခေါင်းတစ်ခုသဖွယ်ဖြစ်နေတဲ့ အရွတ်တွေ၊ အရိုးတွေကြားက ဖြတ်သန်းလာရပါတယ်။ ဒီအာရုံကြောလေး အဖိခံရတဲ့အခါ လက်ကောက်ဝတ် ၊ လက်ဖဝါးနဲ့ လက်ချောင်းလေးတွေမှာ ထုံခြင်း၊ ကျဥ်ခြင်း၊ အားနည်းခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရတာ ဖြစ်ပါတယ်။

.

ဘယ်လိုလူတွေမှာ ဖြစ်နိုင်လဲ ?

လက်ကောက်ဝတ်အကြောညပ်ခြင်းဟာ အဖြစ်များတဲ့ ဝေဒနာတစ်ခုဖြစ်ပြီး အဓိကအားဖြင့် သက်လတ်ပိုင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဟော်မုန်းတွေကြောင့် carpal tunnelမှာရှိတဲ့ အရွတ်တွေ ရောင်ရမ်းတာကြောင့် ဖြစ်နိုင်တယ်လို့လည်း ယူဆကြပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် carpal tunnel ပိုသေးတာကြောင့် အာရုံကြောပိုဖိခံရနိုင်ခြေများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

လက်ကောက်ဝတ်အရိုးကျိုးတာ၊ အဆစ်လွဲတာ၊ အဆစ်ရောင်တာ‌တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါရှင်တွေမှာလည်း နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အာရုံကြောထိခိုက်တာတွေကြောင့် လက်ကောက်ဝတ်အကြောညပ်နိုင်ပါတယ်။

ဒါတွေအပြင် လက်ကို အများကြီးအသုံးပြုပြီး အလုပ်လုပ်ရတဲ့အခါ ၊ အထူးသဖြင့် လက်ကို တောက်လျှောက်ကွေးပြီး အလုပ်လုပ်ရတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။

.

လက်ကောက်ဝတ်အကြောညပ်တဲ့အခါ ဘာ‌တွေခံစားရနိုင်လဲ ?

လက်ဖဝါး ၊ လက်မ ၊ လက်ညှိုး ၊ လက်ခလယ်နဲ့ လက်ကောက်ဝတ်ရဲ့နေရာတော်တော်များများမှာ ကျဥ်တဲ့၊ ထုံတဲ့ ဝေဒနာ ခံစားရမယ်။

လက်ကောက်ဝတ်ကနေစလို့ လက်မောင်းအထိ နာကျင်နေမယ်။ ဓာတ်လိုက်သလို ကျဥ်ခနဲ ခံစားရမယ်။ ဒီလို လက္ခဏာတွေက ကားစတီယာတိုင်ကိုင်တဲ့အခါ၊ လက်ကိုင်ဖုန်း ဒါမှမဟုတ် သတင်းစာကိုင်တဲ့အခါမျိုးတွေမှာ ဖြစ်နိုင်ပါတယ်။

ညဘက်တွေမှာ ဝေဒနာ ပိုဆိုးလာတတ်တဲ့အတွက်ကြောင့် အိပ်နေရာကနေ လန့်နိုးတာတွေအထိ ဖြစ်လေ့ရှိပါတယ်။

အထိအတွေ့ကို မသိတော့တာကြောင့် လက်ကကိုင်ထားတဲ့ပစ္စည်းတွေ လွတ်ကျတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

လက်ကောက်ဝတ်အကြောညပ်တာဟာ အန္တရာယ်ရှိတဲ့ ရောဂါတစ်ခု မဟုတ်ပေမယ့် မကုသဘဲ ပေါ့ပေါ့ဆဆနေခဲ့မယ်ဆိုရင် လက်ကောက်ဝတ်အကြော အမြဲအားနည်းတာ၊ လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်တွေမှာ အမြဲကျဥ်တာတွေ ခံစားရနိုင်ပါတယ်။

.

ဘယ်လို ကုသကြမလဲ ?

တစ်ခါတစ်ရံမှာ မကုသဘဲ ပျောက်ကင်းသွားတဲ့ အခြေအနေတွေလည်း ရှိပါတယ်။

လက်မှာ ကျောက်ပတ်တီးစည်းသလို ကျပ်စည်းထားနိုင်ပါတယ်။

Paracetamol, Ibuprofen တို့လို အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ (တန်ဆေးလွန်ဘေး မဖြစ်အောင် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့ တိုက်တွန်းလိုပါတယ်)

လက်လေ့ကျင့်ခန်း လုပ်ပေးရင်လည်း လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

လက်ကောက်ဝတ်ကို အကြာကြီးကွေးပြီး အလုပ်လုပ်တာမျိုး တတ်နိုင်သမျှ ရှောင်ပါ။

ဒီလို နည်းလမ်းတွေနဲ့ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြီး လိုအပ်ပါက ခွဲစိတ်ကုသရမှာ ဖြစ်ပါတယ်။

.

လက်ကောက်ဝတ်အကြောညပ်တာမျိုး မဖြစ်အောင် ဒီအချက်လေးတွေကို သတိထားကာကွယ်တဲ့အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်…

• စာရေးတဲ့အခါမျိုးတွေမှာ ဆုပ်ကိုင်မှုနည်းအောင် အရွယ်အစားခပ်ကြီးကြီး ဘောပင်၊ ခဲတံတွေကို အသုံးပြုပါ။

• လက်ကိုကွေးပြီး အကြာကြီး အလုပ်လုပ်ရတဲ့သူတွေမှာ လက်အကွေးအဆန့် လေ့ကျင့်ခန်းလေးတွေ မကြာခဏ ပြုလုပ်ပေးပါ။

• လက်ကို နွေးထွေးနေအောင် ထားပါ။ အေးတဲ့ နေရာဒေသ၊ ပတ်ဝန်းကျင်တွေမှာ အလုပ်လုပ်တဲ့အခါ လက်နာကျင်တာ၊ လက်အကြောကပ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အေးတဲ့နေရာတွေမှာ အလုပ်လုပ်တဲ့အခါ လက်အိတ်ဝတ်ပြီး အလုပ်လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

• ကွန်ပြူတာနဲ့ အလုပ်လုပ်ရတဲ့သူတွေမှာ ခေါင်းအရမ်းငုံ့ပြီး အလုပ်လုပ်တာတွေ၊ mouseကို အမြဲအတင်းဆုပ်ကိုင်ထားတာမျိုးတွေ ရှောင်ကြဥ်ပေးပါ။ ( ‌ကွန်ပြူတာ ကီးဘုတ် ခဏခဏ type တာထက် mouseကို အမြဲဆုပ်ကိုင်ထားခြင်းက လက်ကောက်ဝတ်အကြောညပ်ခြင်းကို ပိုဖြစ်စေနိုင်တယ်လို့လည်း ဆိုကြပါတယ်။)

.

လက်ကောက်ဝတ်အကြောညပ်ခြင်းက လူလူတော်တော်များများ ခံစားရလေ့ရှိတဲ့ ဝေဒနာဖြစ်တဲ့အတွက် ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ ‌ဖြေရှင်းနိုင်ဖို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးလိုက်ပါတယ်။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 181

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#carpal_tunnel_syndrome

Ministry of Health,

National Unity Government.

Published on: 12 January 2023
Last Updated: 12 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဘာသာရေးနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများ Spiritual Beliefs

မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။ ဒီအရာတွေကို...

အဆုံးစီရင်ဖို တွေးတတ်ကြတာ ဘာကြောင့်လဲ

🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀 လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ "ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ" ပေါ့။ "ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား" လို့လည်း အခါခါတွေးမိတယ်။ တကယ်တော့ သူတို့ဟာ...

ပွဲဆူသွားတဲ့ ဆေးခြောက်ပိုစ့်လေးအတွက် ရှင်းလင်းချက်

ပြီးခဲ့တဲ့တစ်ပတ်က တယ်လီကျန်းမာရဲ့ ပိုစ့်လေးတစ်ခုအောက်မှာ အတော်လေး ပွဲဆူသွားတာကို သတိထားမိပါတယ်။ ပိုစ့်လေးကတော့ "ဝိ ဆိုတာ ချိုနဲ့လားကွဲ့" ဆိုတဲ့ ဆေးခြောက်ရဲ့ ဆိုးကျိုးတွေအကြောင်း ရှင်းပြထားတဲ့ ပညာပေးပိုစ့်လေးပါ။ ဒီပိုစ့်လေးအောက်မှာပဲ ဆေးခြောက်သုံးစွဲသူ လူငယ်တချို့က ပိုစ့်မှာရေးသားထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို လက်မခံနိုင်တဲ့ အမြင်သဘောထား မှတ်ချက်တွေ ရေးသားကြသလို တချို့ဆို...

အိပ်စက်ခြင်းဆိုင်ရာ အလွဲ

"အိပ်စက်ခြင်းဆိုင်ရာ အလွဲ" တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ "ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု...