Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ(November, 2022)

” Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ “

ရတာမလို လိုတာမရတဲ့….

အမွေးအမျှင်ထူတဲ့ အမျိုးသားတွေက အမွေးထူတာမကြိုက်ကြဘူး… ဟော… အမွေးအမျှင်သိပ်မရှိလှတဲ့အမျိုးသားတွေကျပြန်တော့လည်း ပသိုင်းမွေး၊ မုတ်ဆိတ်မွေးပေါက်ချင်လွန်းလို့ ဆေးလိမ်းဆေးသောက်လုပ်လိုက်ကြရတာ…

ဒီလိုဆိုပေမယ့် အမျိုးသမီးထုထဲမယ်တော့ မလိုအပ်တဲ့နေရာတွေမှာ အမွေးအမျှင် ထူထဲတာကို နှစ်သက် မယ့်သူမရှိလောက်ဘူး ထင်တယ်နော်….

Hirsutism ဆိုတာ အမွေးအမျှင်ထူတာကို ဆိုလိုပါတယ်။ အမျိုးသမီးတွေမှာ ကိုယ်ခန္ဓာအမွေးအမျှင်၊ မျက်နှာအမွေးအမျှင် ( မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပသိုင်းမွေးပေါက်တဲ့နေရာတွေ ) ထူထဲတာပါ။
…
…

” ကျားဟော်မုန်း၊ မဟော်မုန်းအကြောင်း တစေ့တစောင်း “

အမျိုးသားတွေမှာရှိတဲ့ တက်စ်တိုစတီရုန်း (Testosterone) ခေါ်ဆိုတဲ့ ကျားဟော်မုန်း…. သူ့ရဲ့သဘောသဘာဝက အမျိုးသားတွေကို ယောကျာ်းအသွင်သဏ္ဍန်ပေးတယ်…အသံကြီးကြီး…ကိုယ် ကြံ့ခိုင်ဖွံ့ထွားစေတယ်။ နောက် အမွေအမျှင်​လည်းထူထဲစေပါတယ်။

ကျားဟော်မုန်းကို အဓိကအားဖြင့် အမျိုးသားတွေရဲ့ဝှေးစေ့ကနေထုတ်ပြီး ကျောက်ကပ်ပေါ်က Adrenal ဆိုတဲ့ ဂလင်းကလေးကနေလည်း အနည်းငယ်ထုတ်ပါတယ်။
( ဒါ့ကြောင့် အမျိုးသမီးတွေမှာလည်း မဟော်မုန်းအပြင် Adrenal ဂလင်းကထုတ်တဲ့ ကျားဟော်မုန်းအနည်းငယ်ကိုပါ ပိုင်ဆိုင်ပါတယ် )

မဟော်မုန်း အီစထရိုဂျင် (Oestrogen) ကတော့ အမျိုးသမီးတွေကို ကိုယ်ခန္ဓာသေးသွယ်ပျော့ပြောင်း…အသားအရေ ချောမွေ့စေပါတယ်…

မဟော်မုန်းကို အမျိုးသမိီးသားဥအိမ်ကနေ အဓိကထုတ်​ပြီး Adrenal ဂလင်းကနေလည်း အနည်းငယ်ထုတ်တယ်။
( ဒါ့ကြောင့် အမျိုးသားတွေမှာလည်း အနည်းငယ်သော မဟော်မုန်းပိုင်ဆိုင်ပါတယ် )

” သဘာဝကပေးတဲ့ အပိုလက်ဆောင် “

အမျိုးသမီးတွေမှာ အမွေးအမျှင် ထူရခြင်းအကြောင်းရင်းဟာ ကျားဟော်မုန်းများလို့ ဖြစ်တယ်။ ဘာလို့ ရှိရမယ့် ပမာဏထက်ပိုများနေရသလဲ တိတိကျကျ အဖြေမရှိလှပါ။ သဘာဝက ပေးတဲ့ မလိုချင်တဲ့ အပိုဆုကလေးပဲ ဖြစ်ရမယ်။

Hirsutism ဟာ မျိုးရိုးလည်းလိုက်လေ့ရှိသလို အချို့သော လူမျိုးစုအမျိုးသမီးတွေမှာလည်း အဖြစ်များတတ်တာမျိုးရှိပြန်တယ်။ (ဥပမာ Australian အမျိုးသမီးထုရဲ့ ၁၀ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပြီး အာရှသူတွေမှာဖြစ်တာတော့ ရှားလှပါတယ်တဲ့)

နောက် သားဥရေအိတ်တည်ရောဂါ (Polycystic ovarian syndrome) နဲ့လည်း ဆက်စပ်တွဲဖက်ဖြစ်လေ့ရှိတယ်။

ရှားရှားပါးပါး သားဥအိမ်/ Adrenal ဂလင်း စတာတွေမှာ ကင်ဆာအကျိတ်ဖြစ်/ ရေအိတ်တည်တဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်တတ်​သေးတယ်။

ကိုယ်ဝန်တား သောက်ဆေး၊ အတက်ရောဂါမှာသုံးတဲ့ဆေးတွေကြောင့်လည်း ဖြစ်စေတတ်တယ်။
…
…

ဘသာဝရဲ့အပိုဆုကလေးကို မယူလိုတဲ့အခါ ပုံမှန် နဲ့ မူမမှန်တာ ခွဲခြားသိတတ်ပါစေ

ချိုင်း၊ လက်ဖျံ ၊ ဆီးခုံအောက်ခြေ၊ နို့သီးခေါင်းတစ်ဝိုက်နေရာတွေဟာ အမျိုးသမီးတွေအတွက် ပုံမှန်အမွေးအမျှင်ရှိတတ်တဲ့နေရာတွေဖြစ်လို့ ဒီနေရာတွေမှာ အမွေးအမျှင်ထူထဲလာတဲ့အခါ သိပ်အလေးထားအာရုံစိုက်ရမယ့် အခြေအနေတစ်ခုမဟုတ်ပါဘူး။

ဒီလိုမှမဟုတ်ဘဲ မျက်နှာ ၊ ရင်ဘက် ၊ နောက်ကျော ၊ ပေါင် စတဲ့နေရာတွေမှာ အမွေးအမျှင်ထူထပ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ညွှန်ကြားတဲ့အတိုင်းလိုက်နာဖို့ လိုပါလိမ့်မယ်။

” အသိမှားကလေးတစ်ခု “

ငယ်ငယ်က “အမွေးရိတ်ရင် အမွေးတွေ ပိုပြီးထပ်ပေါက်လာတတ်တယ်”လို့ အိမ်ကလူကြီးတွေ သတိပေးခဲ့တာ ကြားဖူးခဲ့ကြမယ်ထင်တယ်။ တကယ်တော့ အမွေးရိတ်လို့ အမွေးပိုပေါက်တယ်ဆိုပြီး အခိုင်အမာဆိုနိုင်တဲ့ ဆေးပညာအထောက်အထားမရှိသေးပါဘူး….

အမွေးကို နှုတ်ပစ်တဲ့အခါမှာတော့ အမွေးထွက်ဖို့ hair growth ကို အားပေးသလိုတော့ ဖြစ်စေတတ်ပါတယ်။

ဒါ့ကြောင့် နှုတ်ခမ်းတစ်ဝိုက်၊ မေးစေ့တစ်ဝိုက်က အမွေးတွေကို နှုတ်တာကိုရှောင်ပါ။

လေဆာသုံးပြီး အမွေးရှင်းလင်းတာကလည်း နည်းလမ်းတစ်ခုပါပဲ

လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ဆေး လိမ်းဆေး အသုံးပြုကုသမှုခံယူနိုင်ပါတယ်။

????Reference:
????John Murtagh’s Patient Education, Sixth Edition: Hirsutism pg-84

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#hirsutism#အမျိုးသမီးများတွင်အမွေးအမျှင်ထူထဲခြင်း

Ministry of Health,

National Unity Government.

Published on: 21 November 2022
Last Updated: 21 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ကျန်းမာရေးကို ထိခိုက်စေသော နေ့စဉ်အလေ့အထများ

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် "ငါဘာလို့ ပင်ပန်းနေတာလဲ" လို့ မေးမိတယ်။ အိပ်လည်း အိပ်တယ်။ စားလည်း စားတယ်။ ဒါပေမယ့် စိတ်က နားလိုက်တယ်လို့ မခံစားရဘူး။ အဖြေကတော့ ကြီးမားတဲ့ အကြောင်းရင်းကြီးတွေ မဟုတ်ပါဘူး။ နေ့စဉ် သတိမထားမိတဲ့ ကိုယ့်ရဲ့ အလေ့အထအချို့တွေကြောင့်ပဲ ဖြစ်ပါတယ်။... ၁။ အိပ်ရာဝင်ပြီး ဖုန်းကြည့်ခြင်း ည...

ရင်သားကင်ဆာ ကာကွယ်ရေး

မနေ့က (အောက်တိုဘာ ၁၃ ရက်နေ့) ဟာ ရင်သားကင်ဆာ အသိပညာပေးနေ့လေး ဖြစ်ပါတယ်။ ဒီအတွက် ဟိုတစ်နေ့က ရင်သားကင်ဆာကို သတိပြုမိဖို့ ဆောင်းပါးလေးတစ်ပုဒ် တင်ဆက်ပြီးပြီဖြစ်ပါတယ်။ ဒီနေ့ကတော့ ရင်သားကင်ဆာအကြောင်းလေး နည်းနည်းပိုပြီး ပြောပြချင်လို့ ထပ်လောင်းရေးကြည့်လိုက်ပါတယ်။ ရင်သားကင်ဆာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခု ဖြစ်ပါတယ်။...

စတီးရွိက် (Steroids) စပ်ဆေးများအကြောင်း

"ဆရာဝန်ပေးတဲ့ဆေးက မပျောက်ဘူး။ လမ်းထိပ်က ၅၀၀ တန် စပ်ဆေးထုပ်လေး သောက်လိုက်မှ ချက်ချင်း သက်သာတာ" ဆိုတဲ့ စကားမျိုး သင့်ပတ်ဝန်းကျင်မှာ ကြားဖူးပါသလား။ ဆရာဝန်တွေ မပေးရဲတဲ့ ဆေးစွမ်းထက်မှုကို ကွမ်းယာဆိုင်က ဘယ်လိုလုပ် ပေးနိုင်နေတာလဲဆိုတဲ့ ကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို အခုပဲ ပြောပြပေးပါမယ်။ "ကွမ်းယာဆိုင်က...

အယူအဆလွဲ (၄၃)

❌ အယူအဆလွဲ >>> ဆားခါး (Epsom Salt) သို့မဟုတ် ခြေစိမ်စက်/ရေနွေးထဲ ခြေထောက်စိမ်ထားရင် အရေပြားကနေတစ်ဆင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စုပ်ထုတ်ပေးနိုင်တယ်။ (Spa တွေ ဒါမှမဟုတ် ခြေစိမ်စက်အချို့မှာ စိမ်ထားရင်း ရေတွေ မည်းနက်သွားတာ၊ ရေအရောင် ပြောင်းသွားတာကို ကြည့်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ...