အူကျခြင်း သို့မဟုတ် အူကျွံခြင်း Herniation ( April, 2022 )

အူကျခြင်း သို့မဟုတ် အူကျွံခြင်း

အူကျွံတာ အရေးကြီးလို့လားဆရာ။ အဖြစ်များလို့လား
မွေးကာစကလေးကနေ ဟိုးသက်ကြီးရွယ်အိုအထိ အူကျွံတာ/အူကျတာက ဖြစ်နိုင်ပါတယ်။ အမျိုးသမီး/ အမျိုးသား နှစ်ဦးလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် သိသင့်ပါတယ်။ပြီးတော့ စောစောသိပြီး ခွဲစိတ်မှုခံယူရင် အူပိတ်/အူပုပ်တဲ့အဆင့်အထိ မရောက်တော့တာမို့ ရလဒ် အင်မတန်ကောင်းပါတယ်။

အသက်အရွယ်မရွေး ကျား/မ မရွေး အူကျွံ/အူကျနိုင်တယ်ဆိုတော့ ဘယ်လိုတွေဖြစ်တာလဲ

ဘယ်နေရာမှာ ကျွံတာလဲဆရာ
အူကျွံ/အူကျတာက ခန္ဓာကိုယ်နေရာတော်တော်များများမှာ ( မြင်ရတဲ့ နေရာမှာရော ၊ မမြင်ရတဲ့ ၀မ်းတွင်းမှာပါ ) ကျွံနိုင်ပါတယ်။

► ဒါပေမယ့် အဖြစ်များတာကတော့

(၁) ပေါင်ခြံမှာ အူကျတာ

(၂) ချက်မှာ/ချက်နားတဝိုက်မှာ အူကျွံတာ

(၃) ခွဲထားတဲ့ ဒဏ်ရာနေရာမှာ အူကျွံတာ

(၄) ရင်ညွန့်နား/ ၀မ်းဗိုက်အလယ်မှာ အူကျွံတာ အစရှိသဖြင့်ပေါ့။

► ဘာလို့ကျွံလဲဆိုတော့ အဓိက ကတော့

(က) နဂိုတည်းက အူကျဖို့/အူကျွံဖို့ မွေးရာပါလမ်းကြောင်းလေးရှိနေပြီးသားကို ညှစ်မိလို့

(၀မ်းချုပ်လို့ညှစ် ၊ အလေးအပင်မလို့ ညှစ်/ ချောင်းဆိုးလို့ညှစ်/ ဆီးကျိတ်ရှိလို့ ဆီးညှစ်ပေါက်)

(ခ) ၀လို့/ကလေး ခဏခဏမွေးလို့/ အသက်ကြီးလို့ကြွက်သားတွေလျော့ရဲလာတာတွေကြောင့် အူကျွံ/အူကျပါတယ်။

မကျွံအောင် ကြိုတင် ကာကွယ်လို့ရလားဆရာ
ခွဲတဲ့ဒဏ်ရာ နေရာကနေ အူကျွံတာ/ ၀လို့အူကျွံတာတွေမှာတော့ မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတော့- ခွဲစိတ်ပြီး ၃လ-၆လ‌ကြာမှ အတွင်းချုပ်ရိုးက ခိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်ပြီး ၃လ-၆လအထိ ၀မ်းမချုပ်ပါစေနဲ့။ (ရေများများသောက်၊ အသီးအရွက်များများစား၊လေ့ကျင့်ခန်းလုပ်ပါ) ချောင်းမဆိုးပါစေနဲ့။ ချောင်းဆိုးရင် ဆေးသေချာသောက်ပါ။ ရင်ကြပ်ပန်းနာ/ အဆုတ်ရောင်အဆုတ်ပွရောဂါရှိရင် ရောဂါကို သေချာကုပါ။ အလေးအပင် မ,မရပါ။ -၀လာရင် ဝိတ်ချပါ။ အစားလျော့ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ဒါဆို ထိုက်သင့်သလောက် ကာကွယ်နိုင်ပါတယ်။

ကာကွယ်လို့မရတာတွေကျတော့ရော ဆရာ
ကာကွယ်လို့မရတဲ့ အူကျွံ/အူကျတာဖြစ်ဖြစ်၊ ကာကွယ်လို့ရသော်လည်း မလိုက်နာမိလို့ ဖြစ်လာတဲ့ အူကျွံတာ/အူကျတာဖြစ်ဖြစ် စောစောသိရင် စောစောခွဲသင့်ပါတယ်။ အူကျွံ/အူကျတာအတွက် ဟိုးမွေးကင်းစကနေ လူကြီးအထိ ခွဲစိတ်နည်းတစ်ခုကပဲ ကုထုံးအမှန်ပါ။

အူကျွံတာ/အူကျတာက အဆင့်ဆင့်ရှိပါတယ်။

(၁) နည်းနည်းထွက်လာ/ သူ့အလိုလိုပြန်၀င်/ ၀င်လိုက်ထွက်လိုက်ဖြစ်

(၂) ပိုကြီးလာ (ပေါင်ခြံအူကျတာဆို အောက်အထိကျလာ) ၀င်လိုက်ထွက်လိုက်ပဲ

(၃) လက်နဲ့ထည့်မှ ပြန်၀င်

(၄) ပြန်မ၀င်တော့ဘူး

(၅) နာလာမယ် သို့ အူပိတ် ( အန်၊ ဗိုက်တင်း၊ လေမလည်၊ ၀မ်းမသွားတော့ဘူး)

(၆) အူပုပ် သို့ အူပေါက် (နာလာ/အူကျတဲ့နေရာနီလာ/ဖျားလာ)

ဒီအဆင့်တွေမှာ ပြန်မ၀င်တာကစပြီး အန္တရာယ်ရှိပါတယ်။ ပြန်မ၀င်တာကို အချိန်မီ မခွဲရင် အူပိတ်နိုင်ပါတယ်။ ပြီးရင် အူပုပ်/အူပေါက်နိုင်ပါတယ်။

အဲလိုတွေ အူပုပ်/အူပေါက်တွေဖြစ်လာခဲ့ရင် အရေးပေါ်ခွဲရမှာပါ၊ မကောင်းတဲ့အူကို ဖြတ်ပြီးပြန်ဆက်ရတာတွေ အထိကျယ်ပြန့်နိုင်ပါတယ်။

ဘယ်လိုခွဲလို့ရလဲဆရာ ဟို ခုခေတ်စားနေတဲ့အပေါက်ကလေးတွေနဲ့ရော ( keyhole surgery) ခွဲလို့ရလား
ရိုးရိုးခွဲလို့လည်း ရသလို အပေါက်ကလေးတွေနဲ့လည်း ခွဲလို့ရပါတယ်။ စောစောသိလို့ စောစောခွဲရင် ရလဒ်ပိုကောင်းပါတယ်။ လူနာ သက်သာပါတယ်။

ခွဲပြီးရင်ကော ပြန်ဖြစ်နိုင်လားဆရာ
ခွဲပြီးရင်လည်း အပေါ်မှာ ပထမပြောထားတဲ့ အနေအထိုင် ဆင်ခြင်နည်းတွေကို ဂရုစိုက်ရမှာပါ။ ၃လ-၆လ အထိ ၀မ်းမချုပ်စေနဲ့။ ချောင်းမဆိုးစေနဲ့။အလေးအပင်မ,မနဲ့။ ရင်ကြပ်ပန်းနာ အဆုတ်ရောင်အဆုတ်ပွရောဂါရှိရင် သေချာကုပါ။ ဆီးကျိတ်သေချာကုပါ။ ဝိတ်ချပါ။ ကလေးယူမယ်ဆိုလည်း တစ်နှစ်ကျော်မှ ယူရပါမယ်။ အမှန်တော့ မခွဲခင်တည်းကလည်း ဒါတွေသေချာပြင်ဆင်ပြီးခွဲရပါတယ်။ ဒါမှ ခွဲပြီး ပြန်မဖြစ်မှာပါ။ ဒါကြောင့် မပြင်မဆင်ပဲ အရေးပေါ်မခွဲရလေအောင် အေးဆေးသေချာပြင်ဆင်ပြီး စောစောစီးစီး ခွဲလိုက်တာ အကောင်းဆုံးမို့ အူကျွံ/အူကျခဲ့ရင် မပေါ့ဆဘဲ ခွဲစိတ်ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးကုသဖို့ အကြံပြုလိုက်ရပါတယ်။

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး)

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် - အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး) ဘယ်လောက်ကြာကြာ ကျွန်တော် ဟန်ဆောင်နေနိုင်မှာလဲဆိုတာကို ကျွန်တော် မသိဘူး။ လူတွေရှေ့မှာ သန်မာဟန်ဆောင်ရင်း အတွင်းစိတ်မှာတော့ နေ့စဉ်နဲ့အမျှ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေရတဲ့ ဘဝဟာ တစ်နေ့မှာတော့ ရပ်တည်နိုင်စွမ်း အကန့်အသတ်ကို ရောက်လာခဲ့ပါတယ်။ နေ့တိုင်း ရင်ဆိုင်ရလွန်းတဲ့အခါ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ...

ရာသီဥတု ပူပြင်းနေချိန်တွင် အရက်သောက်ပါက(မေလ၊ ၂၀၂၆ ခုနှစ်)

▪️ ရေဓာတ်ခန်းခြောက်ပြီး အရေးပေါ် အပူလျှပ်ခြင်း (Heat stroke) ကို ပိုမို ဖြစ်စေနိုင်သည်။▪️ အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။▪️ အရက်ကို လုံးဝရှောင်ကြဉ်ပါ သိုမဟုတ် လျှော့သောက်ပါ။▪️ ရေများများ သောက်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ

"တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ" ပလတ်စတစ်ကို ရှာဖွေတွေ့ရှိပြီး အသုံးပြုလာကြတာတော့ (၂၀) ရာစု အစပိုင်းမှာပါ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်စွာ နေ့စဥ်ဘ၀ထဲ ရောက်ရှိလာတာတော့ ဒုတိယကမ္ဘာစစ်အတွင်း လိုအပ်ချက်တွေကြောင့်လို့ပြောရမှာပဲ။ အသုံး၀င်တယ်။ သုံးလို့လည်း ကောင်းတာကိုး။ ဒီလိုနဲ့ ပလတ်စတစ်တွေ သုံးလာလိုက်ကြတာ ပလတ်စတစ်အမှိုက်တွေ စုပြုံပြီး ဘယ်လိုစွန့်ပစ်ရမလဲလို့ အခက်တွေ့ကြတဲ့အထိပါပဲ။ မယုံမရှိပါနဲ့။...

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၂)(ဟန်ဆောင်မျက်နှာဖုံးအောက်က မမြင်ရသော စစ်ပွဲများ)

လူတွေက Anxiety ကို စိတ်ထားမတတ်လို့ ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ Anxiety ဆိုတာ စိတ်ကနေ စတင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ မမြင်ရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ။ အပြင်ပန်းက ကြည့်ရင် အကောင်းပကတိလို ဖြစ်နေပေမယ့် ဝေဒနာရှင်ရဲ့ အတွင်းစိတ်နဲ့...