ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။
“ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။”
“ဘာဖြစ်လို့လဲ မအေးရယ်။”
ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။
“ကျွန်မ အစ်ကို… ကိုလေးပေါ့ .. သေပြီလို့ ရွာတောင်ပိုင်းက ဆရာမက ပြောသွားတယ်။ ညတုန်းက အရက်သောက်ပြီး ပြန်လာကတည်းက အိပ်နေတာ တစ်နေ့လုံးပဲ။ ခု ညနေထိမနိုးလို့ သွားနှိုးတော့ မထတာနဲ့ ဆရာမ သွားခေါ်တာ။ လာကြည့်ပြီး သေပြီတဲ့ဆိုပြီး ဘာဆေးမှတောင် ထိုးမပေးတော့ဘဲ ပြန်သွားပြီ။ ကျန်တဲ့သူတွေလည်း အလောင်းပြင်နေကြပြီ။ ကျွန်မကတော့ မယုံဘူးဖြစ်နေတယ်။ သူ့ကြည့်ရတာ ခါတိုင်းမူးပြီး အိပ်နေသလိုပါပဲ။
ကျွန်မတို့မှာ အဖေအမေ မရှိတော့ ဒီမောင်နှမ ၂ ယောက်ပဲ ရှိတာ။ ကျွန်မက ခြံထဲမှာ အိမ်ထောင်ကျကတည်းက အိမ်တစ်လုံးဆောက်ပြီး သပ်သပ်ခွဲနေတယ်။ အစ်ကိုက အိမ်တစ်လုံးနဲ့ သူတစ်ယောက်ထဲ နေတယ်။ ကျွန်မယောကျ်ား သေသွားတော့ ကျွန်မကလေးတွေကို သူပဲ စောင့်ရှောက်ပေးနေတာ။ အရက်လေး ကြိုက်တက်တာပဲ ရှိတာပါ။ ဆိုက်ကားနင်းရတာလည်း ပင်ပန်းတာကိုး။ သူသေတယ်ဆိုတာ မယုံလို့ပါ ဆရာရေ။ လိုက်ကြည့်ပေးပါနော်။”
အဲဒါနဲ့ ကျွန်တော်လည်း ဆေးခန်းက လူနာတွေပစ်ပြီး တွေ့တဲ့ဆေးအိတ် အမြန်ယူပြီး သူ့နောက်လိုက်ခဲ့ရတယ်။ သူတို့အိမ်မှာတော့ လူအတော်စုံနေပြီ။ အသုဘအိမ်လုပ်ဖို့ စီစဉ်နေကြပြီပေါ့။
ကြည့်လိုက်တော့ ကိုလေးက မေ့မြောနေသည်။ မနေ့က ညထဲကဆိုတော့ အိပ်နေတာ ၁၂ နာရီကျော်ပြီ ကော။ လက်ကောက်ဝတ် သွေးခုန်နှုန်း အလွန်အားနည်းနေသည်။ နှလုံးခုန်သံ တိုးနေသည်။ အသက်ရှူသံ နှေးနေသည်။ သွေးပေါင်ချိန် ကျနေသည်။ အပေါ်သွေးပေါင်ချိန် ၇၀ ခန့်သာ လက်ဖြင့်စမ်း၍ရသည်။ မျက်စိသူငယ်အိမ် အလင်းတုံ့ပြန်မှုရှိသည်။ သွေးတွင်းသကြားဓာတ်စမ်းဖို့ စက်က ပါမလာ။ ခက်ပြီ။
“ညည်းအစ်ကို ညက အရက်သောက် ပြန်လာပြီး ဘာစားသေးလဲ။ ထမင်းရော စားရဲ့လား။ “
“ညက သူအတော်မူးလာတယ် ဆရာ။ သူ့သူငယ်ချင်းတစ်ယောက် ချဲပေါက်လို့တဲ့ သွားသောက်ကြတာ။ ဘာမှမစားဘဲ အိပ်တာ။ အိမ်တံခါးကြီးပွင့်နေလို့ ကျွန်မသားအငယ်ကောင်ကို သွားပိတ်ခိုင်းပြီး သူနဲ့ အတူသွားအိပ်ခိုင်းတာ။ ကလေးက မနက်ထဲက ကျောင်းသွားပြီ။ ထမင်းစားချိန်ကျော်တဲ့အထိ ထမစားလို့ သွားနှိုးတာ နှိုးလို့မရလို့ ဆရာမကို ပြေးခေါ်တာပါ။”
“သူအရက်သောက်ရင် အမြည်းရော စားရဲ့လား”
“သူက အရက်သောက်ရင် အမြည်းအစားနည်းတယ်။ မနေ့က ချဲပေါက်တဲ့သူက အမြည်းတွေဘာတွေ သေချာကျွေးလည်း သူက မစားဘူး။ အရက်အရသာပျက်တယ်တဲ့ဗျာ….ဒီကောင်က အရက်ကို ကြိုက်တာပါဗျာ”…. ကိုလေးသူငယ်ချင်းတစ်ယောက်က ဝင်ပြောသည်။
ကျွန်တော်လည်း စကားပြောရင်း အဖြစ်နိုင်ဆုံးကို စဉ်းစားရသည်။ သွေးတွင်းသကြားဓာတ် နည်းတာပဲ ဖြစ်မည်။ ဆေးအိတ်ထဲ ဘာဆေးတွေပါလဲ အရေးတကြီး ရှာရသည်။ နောက်ကျလို့ မဖြစ်တော့။ ဆေးအိတ်က ကမန်းကတန်း ဆွဲလာတာ…. ပါလာတာကြည့်တော့ ပုလင်းကြီးလည်း မပါလာ။ ၂၅% ဂလူကို့ ပုလင်း၂၀ စီစီတွေ ပါသည်။ ဆေးထိုးအပ် ၂၀ စီစီတွေ မပါလာ။ ၅ စီစီ ဆေးထိုးပြွန်နှင့် လိပ်ပြာတောင်ပံအပ်ပဲ ပါလာသည်။
သွေးတွင်းသကြားဓာတ်ကို ဖြည်းဖြည်းချင်း ဖြည့်ဖို့လိုသည်။ ကိုင်း ဒီတော့ ဂလူးကို့ပုလင်းတွေကို ၅ စီစီ ဆေးထိုးအပ်တွေနဲ့ အလီလီ ထိုးရတော့သည်။ သူတို့အမြင်မှာ ဆေးတွေအများကြီး ထိုးရသည်ပေါ့။ အသုဘဆိုပြီး လာမေးသည့်လူကလည်း အိမ်အပြည့်။ သူတို့ကို မကြည့်အား။
ဂလူးကို့ ၂ ပုလင်းအကုန်တွင် ကိုလေးတစ်ယောက် တအားအား တအင်းအင်း လုပ်ရင်း အကြောဆန့်သည်။ ၂၀ စီစီ ၃ လုံးလောက်ကို အတော်ကြာအောင် ထိုးပေးလိုက်ရသည်။ ဝိုင်းကြည့်နေသူများက တစ်ယောက်တစ်ပေါက်။ အဲ… ပြန်ရှင်လာပြီဟ….ဖုတ်လားဟ…. ဆရာ့ဆေးက စွမ်းတယ်ဟ…. ကိုလေးရော ဟုတ်ရဲ့လား… ခေါ်ကြည့်ပါဦးနှင့် တဲပြိုကျမှာတောင် စိုးရသည်။
ကိုင်း… ကိုလေး သတိရရင် အချိုရည်လေးဘာလေးတိုက်။ အစာလေးဘာလေး ဖြည်းဖြည်းကျွေးလိုက်ဦး။ ကျွန်တော်လည်း လူနာတွေထားခဲ့တာ ဆေးခန်းပြန်ဦးမယ်ဆိုပြီး အမြန်ပြန်ခဲ့ရသည်။
(သေပြီလို့ သတ်မှတ်သွားသူ တောင်ပိုင်းက ဆရာမကိုလည်း ပြောရပေဦးမည်။ လူတစ်ယောက် သေပြီလို့ အတည်ပြုဖို့ သေချာစမ်းသပ်ဖို့ လိုသလို အရေးပေါ်စောင့်ရှောက်မှုပေး၍ အသက်ရှင်နိုင်သော သူတွေရှိသည်။ မိမိမကျွမ်းကျင်လျှင် ကျွမ်းကျင်သူထံ ချက်ချင်း အကူအညီတောင်းရမည်။ ထို့ကြောင့် လူတစ်ဦးသေဆုံးကြောင်း အတည်ပြုရန် ဆေးပညာကျွမ်းကျင်သူတစ်ဦးဖြင့် ဆုံးဖြတ်ရန် သတ်မှတ်ထားခြင်းဖြစ်သည်)
သို့နှင့် . . .
သေရွာပြန် ကိုလေးကောင်းမှုနှင့် ကျွန်တော့်ဆေးခန်းလည်း လူသိများ၍ လူစည်ကားသွားခဲ့သည်။
ကိုရင်မောင်တို့လည်း အရက်သောက်ရင် အမြည်းစားဗျ။ မအေးလို ညီမ မရှိရင်ခက်မယ်…။
ထူးသထက်ထူးတဲ့
ပြည်သူ့ကျန်းမာရေး ဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

