Hello
အားလုံးပဲ နေကောင်းကြရဲ့လား။
ကျွန်မက အထွေထွေသမားတော် တစ်ယောက်ပါ။ ဒီနေ့တော့ ထူးထူးခြားခြား ပညာပေးဆောင်းပါး မဟုတ်ဘဲ ကျွန်မကိုယ်တိုင် လူနာဖြစ်သွားတဲ့ ကိုယ်တွေ့အတွေ့အကြုံလေး ပြောပြချင်လို့ပါ။
ပညာပေးဆောင်းပါး မဟုတ်တဲ့ ပညာပေးဆောင်းပါးလေးပါပေါ့။
ဖြစ်တာက ဒီလို… ကျွန်မက ပုံမှန် အစာအိမ်ရောဂါ လက္ခဏာတွေ မရှိတဲ့သူတစ်ယောက်ပါ။ ကျောင်းတက် ဆေးရုံဆင်းတုန်းကတောင် လမ်းဘေးစာတွေ အကုန်လျှောက်စား ဘာမှမဖြစ်တဲ့ သံမဏိဗိုက်ပါ။
လွန်ခဲ့တဲ့ ခြောက်လလောက်ထဲကပေါ့… အစားစားပြီးရင် ဗိုက်ကြီးက ပြည့်ပြည့်နာနာကြီး၊ လေပဲတက်ချင်သလို၊ ကိုယ့်ကိုယ်ကိုယ် စမ်းကြည့်တော့လည်း ဗိုက်က ပျော့ပျော့လေး၊ ခံစားချက်မှာပဲ တင်းနေတာမျိုး။ ပြီးတော့လေ ရင်တွေပူတာ၊ တစ်ခုခုစိတ်ပူစရာကြားရင် ပိုဆိုးတာပေါ့။ ခံရတအားခက်တာ။
အသားသိပ်မစားတဲ့ ကျွန်မက ပဲပြုတ်တို့၊ အရွက်တို့၊ ရေစိမ်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ တအားကြိုက်။ ခုက အဲဒါတွေ စားပြီးရင် တော်တော်နဲ့မကြေအောင် ပြည့်နေရော။ စားပြီး အားကုန်သလိုကြီး။
ရင်ပူများတဲ့နေ့ဆို တစ်ကိုယ်လုံးပဲ ပူလာသလို စိတ်တွေပါ ပူလာရော။ ငလျင်ပြီးတော့ ကျွန်မ အိပ်မရတာပါနဲ့ဆက်ပြီး ပိုဆိုးပါလေရော။
စိတ်ထဲလည်း ဟယ် ငါ စိတ်ဖိစီးမှုတွေ တော်တော်များပြီး အက်ဆစ်တွေ အထွက်များနေပြီလား၊ ငါလေး သနားပါတယ်ပေါ့။
သက်သာလိုက် ဖြစ်လိုက်နဲ့ကို ဒီလိုပဲ ပေတေနေလိုက်သေး။ ဆေးလည်း မသောက်ဘူးရှင်။ နောက်တော့မှ မဖြစ်ချေဘူး၊ ဆေးကုမှ ဖြစ်မယ်ပေါ့။
အဲဒါနဲ့ ပိုးတစ်ကောင် စစ်ကြည့်လိုက်တယ်။
(ဘာပိုး ဖြစ်မယ်ထင်လဲ စာဖတ်သူတို့…. အရင်က ပို့စ် ဖတ်ထားတဲ့သူတွေဆို သိတယ်နော်)
…
…
ဟုတ်ပါတယ်… H pylori ပိုးပါ။
တိတိကျကျပြောရရင် အစာအိမ်ရောင်ရမ်းစေပြီး အချိန်ကြာရင် ကင်ဆာဖြစ်စေတဲ့ ဘက်တီးရီးယား Helicobacter pylori ပိုးပေါ့။
ဒီပိုးကို တိကျစွာရှာဖွေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ Urea Breath Test (UBT) ကို လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
(UBT ဆိုတာ ဘာလဲ၊ ဘယ်လို စစ်ရသလဲ၊ ဘာတွေ သတိထားရမလဲ ဆိုတာတွေကိုတော့ ကွန်မန့်မှာ ဖော်ပြပေးထားပါတယ်။ အခုကတော့ စာရှည်သွားမှာစိုးလို့ လိုရင်းကိုပဲ ဆက်လိုက်ပါမယ်နော်)
ဒါနဲ့ UBT result ထွက်လာတော့…
positive ပေါ့ 😶
H. pylori ရှိနေတယ်။ အဲဒါကြောင့် ဖြစ်လာတာပေါ့ ကျွန်မခံစားရတာတွေ။
ကဲ ဒီတော့ ဆေးကုတဲ့အပိုင်း ရောက်ပါပြီ။
မြန်မာနိုင်ငံမှာရှိတဲ့ အန္တရာယ်တစ်ခုက Antibiotic Resistance ခေါ် ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးစွဲမှုကြောင့် အရပ်ထဲမှာ ဆေးယဉ်ပါးမှုတွေ ရှိနေတာပါ။ ဆေးယဉ်ပါးမှု အတော်လေးမြင့်နေတဲ့အတွက် အရင်က ပေးတဲ့ဆေးတွေက ထိရောက်မှု လျော့နည်းနေပါတယ်။
ဒါကြောင့် သင့်လျော်တဲ့ quadruple therapy ခေါ် ဆေး (၄) မျိုးပေါင်းကို ရွေးချယ်ရပါတယ်။ ကုသမှုက ပိုးသတ်ဆေးပေးရုံပဲ၊ ရိုးရှင်းတယ်လို့ အရင်က ရေးခဲ့တယ်မို့လား။
တကယ်က အဲဒီလောက် မရိုးရှင်းဘူးရှင်။
ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ လူက မူးချာနေတာပါ။ (အဲဒီအချိန် စိတ်မလျှော့ဘဲ သေချာလေး သောက်ပေးဖို့ အရေးကြီးပါတယ်။ အားတင်းပြီးသောက်ပါ။ တချို့လည်း ဘာမှ မခံစားရဘူးတဲ့ ကံကောင်းတဲ့သူတွေက)
H. Pylori ပိုးသတ်ဆေးတွေဟာ သောက်ရတဲ့ဆေး များတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်း များတာမို့ လူနာတွေက မခံနိုင်ဘဲ Drop out rate ခေါ် ကိုယ့်ဘာသာကိုယ် ဆေးရပ်တဲ့နှုန်းများတဲ့ ကုထုံးပါတဲ့။ အဲဒါကြောင့် လူနာတွေကို ကုပေးတုန်းကဆို သေချာမှာရတယ်။ ဒါတွေ ဒါတွေ ဖြစ်နိုင်တယ်နော်…ဆေးမရပ်ရဘူးနော်…. မကြောက်နဲ့ စသဖြင့်။
ကျွန်မကတော့ ရှင် … ဆေးလုံး (capsules) တွေ သောက်ရတာ မကြိုက်တဲ့သူမို့လားမသိ… စသောက်တဲ့နေ့ထဲက မူးတာရယ်၊ နင်ချင်သလိုဖြစ်တာရယ်၊ ဆေးနင်မှာစိုးလို့ ရေတွေအများကြီးနဲ့သောက်တော့ ဗိုက်ကကယ်၊ ပြီးတော့ နုံး၊ လျှာကြီးကထူပြီး အရသာမရှိပေါ့ ရှင်။ (၁၄) ရက်ကို အတော်ကြိုးစားရတာနော်။ ထမင်းလည်း မစားချင်ဘူးပေါ့။ ရာသီဥတုကလည်းပူတော့ ပိုပင်ပန်းနေရော။
(အချို့တွေ ပိုးသတ်ဆေးကြောင့် ဝမ်းပျက်တတ်၊ အစားပျက်တတ်၊ Bismuth ဆေးပါရင် ဝမ်းမည်းတာ လျှာမည်းတာမျိုးလည်း ဖြစ်တတ်ပါတယ်)
တစ်ချိန်တည်းမှာ ဆေးသောက်ရတာက ရောဂါခံရတာထက် ဆိုးနေမလားတောင် စဉ်းစားမိပါတယ်။ ဒါပေမယ့် သောက်နေရင်းတော့ ၃-၄ ရက်လောက်မှာ ဘေးထွက်ဆိုးကျိုးတွေလည်း ခံနိုင်ရည် ရှိလာတယ်။ နည်းနည်း သက်သာလာတယ်လည်း ခံစားရတယ် (ဆေးသောက်တဲ့အချိန် ပိုးကိုပဲကုတာမို့ အစာအိမ် မသက်သာတာလည်း ရှိတတ်ပါတယ်နော်။ အားမလျှော့ဘဲ ဆက်သောက်ပါ)။
ကျွန်မလိုပဲ ဒီဆေးတွေ သောက်နေရသူတွေရှိရင် ဒီလို မလွယ်တဲ့အချိန်ကို ကျော်ဖြတ်ဖို့ အကြံပေးချင်တာကတော့ ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝရင် လူက ပိုကြည်လင်ပါတယ်။
အစာအမာတွေ မစားဘဲ အစာကြေလွယ်တာ စားပါ။ လွယ်တာဆို ဆန်ပြုတ်၊ ထမင်းပျော့ပျော့ပေါ့။ ဗိုက်ကို ပြည့်တင်းနေအောင် မစားပါနဲ့။ ပြည့်တယ် ခံစားရချိန်မှာ စားတာရပ်ပါ။
ကျွန်မကတော့ အသီးအရွက် မစားရမနေနိုင်တော့ အရွက်လေးတွေ ပြုတ်ပြီး အချိုလေး သုပ်စားတယ်။ အရသာမရှိတော့ သရက်သီးလို ရာသီပေါ် အချိုအသီးလေးတွေ စားတယ်။ ဟင်းရည်လေးတွေ သောက်တယ်။
အဓိကက ထမင်းစားရမှ မဟုတ်ဘူး။ ကျွန်မတို့က ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တွေနဲ့ အာဟာရတွေကို စားတာမို့ ကိုယ့်ခန္ဓာကိုယ် ခံနိုင်တာ၊ အစာခြေဖို့ မပင်ပန်းတာ၊ ပိုနေလို့ကောင်းတာမျိုးကို စားပေးဖို့ လိုပါတယ်။
ဘာရောဂါဖြစ်ဖြစ် အားရှိအောင်စားနော်။ အာဟာရ က အလွန်အရေးကြီးတာ။
နားဖို့ လိုနေရင် နားပါ။
စားပြီး ဗိုက်တင်း ဗိုက်ထောက်တာ၊ နာတာတွေ ရှိတယ်မို့လား… ဖြစ်နိုင်ရင် ၁၀-၁၅ မိနစ်လောက် ခနလမ်းလျှောက်ပေး။
လူကတော့ လျှောက်ချင်မှာ မဟုတ်ဘူး။ စားပြီးရင် ပင်ပန်းပြီး အိပ်ချင်တာကိုး။ အဲဒီလို တန်းမလှဲနဲ့နော်။ ခနလေး လျှောက်ပေး။ ဒါမှမဟုတ် ခါးဆန့်ပြီးထိုင်ပေး။ ဒါက အစာအိမ်အပေါ် ဖိအားကို သက်သာစေပြီး အစာပြန်တာ၊ ဗိုက်ထောက်တာ သက်သာစေပါတယ်။
ပြီးရင် လေ့ကျင့်ခန်းလုပ်ပါလို့။ လမ်းလျှောက် ဒါမှ မဟုတ် တခြား မပြင်းထန်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်နော်။
အသက်ရှူပါ။ ကျွန်မကတော့ ဗိုက်နဲ့အသက်ရှူခြင်း (Diaphragmatic breathing) လုပ်တယ်။ ဒါက ရင်ဝမ်းခြားကြွက်သားကို ထောက်ပံ့ပေးပြီး အစာအိမ်နဲ့ အက်ဆစ်ပြန်တာအတွက်လည်း ကောင်းစေတယ်။
စားပြီး ဗိုက်တင်းတဲ့ချိန်တော့ မရှူနဲ့နော်။ အစာနဲ့ ခွာပြီး လုပ်ပါနော်။
စိတ်ဓာတ်ခွန်အား တည်ဆောက်ပါ။ (အိမ်က လူကြီးတွေကို ဆေးသောက်ရတာ ပင်ပန်းကြောင်း ညည်းပေါ့ ချွဲပေါ့ရှင်။ ဒါကတော့ အပိုသင်ပေးတာပါ 😁😁)
ဒါပေမယ့် လူမမာလို မနေပါနဲ့။ ရောဂါကို စိတ်ပူရတာက ပိုစိတ်ပင်ပန်းပြီး အားကုန်တယ်။ လှုပ်ရှားပါ။ အစားကို အချိန်မှန်စားပါ။
…
…
ကျွန်မကတော့ အခု ဆေး (၁၄) ရက်သောက်ပြီး တစ်လ (၄ ပတ်ကနေ ၆ ပတ်) အကြာမှာ ပြန်စစ်ရဦးမယ်။
ပိုးကုန်ပါစေ ဆုတောင်းရမယ်ရှင်။
အစာအိမ်ရောဂါ အတော်ဆိုးနော်။ အစပ်ကြိုက်တဲ့သူနဲ့မှ ကွက်တိ ဖြစ်တော့တာပဲ။ ရခိုင်မုန့်တီစားဖို့ အောင့်ထားရတယ်ရှင်။
အားလုံးပဲ
အစာအိမ် အူလမ်းကြောင်း ဝေဒနာတွေ ခံစားရတဲ့သူတွေရှိရင် Fighting ပါနော်။
နောက်ခါတွေကျ အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်ဆက်နွယ်တဲ့ ရောဂါတွေအကြောင်း ဆက်ပြောပြပါမယ်။ ကျွန်မအပါအဝင် လူအတော်များများက အစာအိမ်ပိုးအပြင် အဲဒါနဲ့ပါ ဆက်နွယ်ခံစားကြရတယ်ရှင့်။
စာတွေ ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်နော်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ….။
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.