အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။
ဒီလိုအချဥ်ဖောက်ထားတာတွေက ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း တိုးစေပါတယ်။
ဒါ့အပြင် အူလမ်းကြောင်းဆိုင်ရာ အချက်အလက်၊ သတင်းပို့ဆောင်တာတွေကိုလည်း မှန်ကန်မြန်ဆန်စေပါတယ်။ ဒီတော့ ဗိုက်တင်းရင် တကယ်တင်းနေပြီလို့သိတော့ ဆက်မစားဖြစ်တော့ဘူးပေါ့။
နောက်ဆုံးထုတ်ပြန်ချက်တွေအရ အူလမ်းကြောင်းရဲ့ ကောင်းတဲ့ပိုးလေးတွေ မလုံလောက်တာဟာ အဝလွန်ရောဂါ၊ ဆီးချို၊ ကင်ဆာ စတာတွေအထိပါ ပတ်သက်တယ်လို့ သုတေသနစာတမ်းတွေမှာ တစ်စတစ်စ တွေ့ရှိလာရပါတယ်။
အချဉ်ဖောက်ခြင်းကို ဟိုးအရင်ကတော့ အစာရေစာကို တာရှည်ထိန်းသိမ်းတဲ့ စနစ်အနေနဲ့ တီထွင်အသုံးပြုခဲ့ကြတာပါ။ တဖြည်းဖြည်းနဲ့မှ သိလာရတာက နဂိုမူလပါဝင်တဲ့ သကြားဓာတ်၊ ကစီဓာတ်၊ ပရိုတင်းအချို့ စတာတွေဟာ အူလမ်းကြောင်းအနေနဲ့ ချေဖျက်ရခက်ပေမယ့် အချဉ်ပေါက်သွားတဲ့အခါ ချေဖျက်ပြီးသားဖြစ်စေတာမို့ အူလမ်းကြောင်းအတွက် အလုပ်လုပ်ရ သက်သာစေပါတယ်။
…
…
တကယ်တော့ ဒေသအလိုက် အချဉ်ဖောက်တဲ့ အစားအစာတွေက မျိုးစုံရှိကြပါတယ်။ (မိမိတို့ ဒေသထွက် ထူးထူးဆန်းဆန်းလေးတွေ ရှိရင်လည်း ကောမန့်မှာ မျှဝေပေးကြပါဦး)
ဒီလိုအချဥ်ဖောက်ထားတဲ့ အစားအစာတွေထဲကမှ ရင်းနှီးပြီးသားအချို့ကို ရွေးချယ်စားသုံးဖို့ သတိတရ ရေးပြလိုက်ပါတယ်။
🍜 မုန့်ဟင်းခါးဖတ် (ဆန်ကို အချဉ်ဖောက်ပြီးရတဲ့ ဒီမုန့်ဖတ်ကို ပဲ၊ ငါးဟင်းရည်ဆိုတဲ့ မုန့်ဟင်းခါးအနှစ်၊ ငှက်ပျောအူ စတဲ့အမျှင်ဓာတ်ပေါင်းစုံနဲ့ တွဲဖက်စားတဲ့အခါ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အကြော်မထည့်ဘဲ စားပါ။ ငံပြာရည်မထည့်ဘဲ စားပါပေါ့နော်။)
🍜 ပုဇွန်ချဉ် – ပဲခူးလမ်းကိုဖြတ်တိုင်း ပဲခူးမနီက signature (အထင်ကရ) ပါပဲ။ ဒီလိုမျိုး ပုဇွန်နဲ့ ထမင်းကို အချဉ်ဖောက်ထားတာလည်း ကောင်းမွန်တာပါပဲ။ ရာသီဥတုအရမ်းပူလို့ လူဆိုးဘက်တီးရီးယားတွေလည်း ပေါက်နိုင်တာကြောင့် သတိထားပြီး ရွေးချယ်၊ ဝယ်ယူစားသုံးပါနော်။
🍜 ပဲငါးပိ – အသားဓာတ်လည်းကြွယ်ဝပြီး အရသာလေးလေးပင်ပင်ရှိတဲ့ ပဲငါးပိလေးဆိုလည်း ထမင်းနဲ့ နယ်စားရင် သိပ်ကောင်းပါတယ်။
🍜 နောက်ပြီး ပုန်းရည်ကြီးပေါ့။ ကြက်သွန်စိမ်းနဲ့ သုပ်စားစား၊ ထမင်းနဲ့ နယ်စားစား သိပ်ကောင်းပါတယ်။
🍜 ဒိန်ချဉ် – နွေဆိုပူလို့ ဘာမှမစားချင်ပေမယ့် အိုးလေးဒိန်ချဉ်နဲ့ဆိုရင် ရင်ကိုအေးလို့ပေါ့။ ကီဖာ (kefir) ဆိုတာကတော့ အခံအချဉ်ဖောက်ပစ္စည်းတစ်မျိုး သုံးရတာပေါ့နော်။ ရရင်တော့လည်း သောက်ပါ၊ ကောင်းပါတယ်။ မရလည်း အခြားရနိုင်တာတွေထဲက စားပါလို့ အကြံပေးပါရစေ။
🍜 ငါးချဉ် ငါးပိကောင် – ဒါလည်း ပရိုတင်းကြွယ်ဝတဲ့အပြင် တာရှည်ခံစေတာပေါ့။ ဒါပေမယ့် ပြန်ချက်ရတော့ ထင်သလောက်တော့ ပိုးကောင်လေးတွေ မရစေပါဘူး။ ပိုချေဖျက်ရလွယ်တဲ့ အသားဓာတ်ကိုတော့ ရစေပါတယ်။ ဆားအများကြီးပါရင်တော့ သွေးတိုးနိုင်တာကို သတိပြုပါ။
🍜 ရှမ်းချဉ်/မုန်ညင်းချဉ်ဟာဆိုရင်လည်း လေးပင်ပြီး သိပ်ခံတွင်းတွေ့ရတာပါ။ နေ့တိုင်း လတ်ဆတ်တဲ့ အသီးအရွက် မဝယ်နိုင်တဲ့သူတွေအနေနဲ့ အမျှင်ဓာတ်နဲ့ ကောင်းတဲ့ပိုးကောင်လေးတွေရအောင် ဒီလို အသီးအရွက်အချဉ်ဖောက်တာတွေကို စားပေးသင့်ပါတယ်။
🍜 Kombucha အအေးအရည်အနေနဲ့ နိုင်ငံခြားက စျေးဆိုင်တွေမှာ ခေတ်စားပါတယ်။ ဂျပန်မှာလည်း မီဆိုတို့၊ ဆန်အရက်တို့လို အချဉ်ဖောက်တာတွေ မျိုးစုံရှိပါတယ်။
🍜 ကင်မ်ချီ – ကိုရီးယားရိုးရာအစားအစာဖြစ်တဲ့ ဒီဟာကို အစိမ်းအတိုင်း/အပူမပေးဘဲစားမှ ကောင်းတဲ့ပိုးကောင်လေးတွေကို ရမှာပါ။ ပြန်ချက်လိုက်ရင်တော့ အမျှင်ဓာတ်နဲ့ အခြားကောင်းတဲ့ ဓာတ်လေးတွေတော့ ရနိုင်ပါတယ်။
🍜 အိန္ဒိယဘက်မှာဆို တိုရှည်လို အစားအစာမျိုးပေါ့။ ပြန်ချက်လိုက်ရတော့ ဘက်တီးရီးယားလေးတွေတော့ သေသွားပါတယ်။ ဒါပေမယ့် ကြေညက်လွယ်တဲ့ ကစီဓာတ်တွေဖြစ်သွားစေတာက ကောင်းတဲ့အချက်ပါ။
🍜 ဥရောပဘက်မှာလည်း အချဉ်ဖောက်ဖျော်ရည်မျိုးစုံနဲ့ ဒေသအစားအစာတွေအဖြစ် ရှိကြပါတယ်။
…
…
တစ်ခုလောက် သတိပေးချင်တာကတော့ ဆားများများနဲ့စိမ်ထားရင် သွေးတိုးသမားတွေအနေနဲ့ သတိထားရပါမယ်။ ငါးပိ၊ အသီးအရွက်အချဉ်တို့လိုမျိုးပေါ့။
အပူပေးလိုက်ရင် ကောင်းတဲ့ဘက်တီးရီးယားရော၊ မကောင်းတဲ့ပိုးတွေရော သေသွားပါတယ်။ ဒါကြောင့် အကောင်းဆုံး အာနိသင်ရချင်ရင် ဒီတိုင်းစားပါ။ ဆီသွတ်ဘူးထဲ ထည့်ထားတာတို့၊ ဖန်ပုလင်းထဲ ထည့်ပေါင်းထားတာလိုဆိုရင်လည်း ပိုးကောင်လေးတွေ သေသွားပါတယ်။
…
…
အချဉ်ဖောက်တဲ့အခါ အစားအစာတွေမှာ ပါဝင်တဲ့ သကြားဓာတ်၊ အသားဓာတ် စတာတွေကို ကောင်းတဲ့ ဘက်တီးရီးယားတွေက ဖြိုခွဲပေးလိုက်ပါတယ်။ ဒီတော့ အက်ဆစ်ထွက်လာတာပေါ့။ ထွက်လာတဲ့ အက်ဆစ်ဓာတ်ဟာ လူဆိုးဘက်တီးရီးယားတွေကို မရှင်သန်အောင်တားဆီးပေးပါတယ်။ သတိပြုစရာအချက်လေးတွေတော့ ရှိတာပေါ့နော်။
အဲဒါကတော့ လိုချင်တဲ့ အက်ဆစ် pH ဖြစ်တဲ့ pH 4.6 အထိ ရောက်ဖို့လိုပါတယ်။ တကယ်လို့ အဲဒီထက်များနေမယ်ဆိုရင်တော့ မအောင်မြင်တဲ့ အချဉ်ဖောက်လုပ်ငန်းဖြစ်တယ်လို့ သတ်မှတ်ပြီး စွန့်ပစ်သင့်ပါတယ်။ ဒါကြောင့် pH တိုင်းတဲ့ စက်အသေးလိုဖြစ်ဖြစ်၊ အရောင်တွေနဲ့ စက္ကူအရောင်ပြောင်းတာ ကြည့်တာမျိုးဖြစ်ဖြစ် ဆန်းစစ်ပြီးမှ အသုံးပြုသင့်ပါတယ်။
…
…
အချဉ်ဖောက်ရာမှာ အများစုက ဖန်ပုလင်းတို့၊ စဉ့်အိုးတို့ကို အသုံးပြုပါတယ်။ ထွက်လာတဲ့အက်ဆစ်ဟာ ပလတ်စတစ်တို့၊ သံတို့နဲ့ဆို ဓာတ်ပြုနိုင်လို့ပါ။ food grade container (အစားအစာ ထည့်သွင်းအသုံးပြု၍ ရနိုင်သောဘူး) ဖြစ်/မဖြစ်ကို ဘူးအောက်ခြေလိုမျိုးမှာ စစ်ပြီးမှ အသုံးပြုပါ။
အဲဒါတွေအပြင် ထည့်စိမ်မယ့် ဘူးတို့၊ အိုးတို့ကို ရေနွေးနဲ့ပြုတ်တာမျိုး၊ ရေနွေးနွေးမှာ ဆပ်ပြာနဲ့ဆေးကြောတာမျိုးလို ပိုးသေစေမယ့်အရာမျိုးတွေ လုပ်ပြီးမှ ထည့်ရပါမယ်။ ငါးပိတို့၊ ငံပြာရည်တို့ ထည့်ဖူးတဲ့အိုးတွေတို့၊ တစ်ခုခု ပုပ်သိုးဖူးတဲ့ အိုးတို့၊ ခွက်တို့နဲ့ မထည့်သင့်ပါဘူး။
ဆားရည်စိမ်ထားမယ်ဆိုရင် ထည့်ထားတဲ့ အစားအစာ (မရမ်းသီး/သရက်သီး) တွေက ဆားရည်ထဲ မြုပ်နေရပါမယ်။ ထည့်စိမ်တဲ့အရည်နဲ့ မထိတွေ့နေတဲ့ မျက်နာပြင်ရှိရင် အဲဒီနေရာမှာ မှိုပေါက်နိုင်ပါတယ်။ မှိုတက်နေရင်တော့ ဆက်မသုံးဘဲ စွန့်ပစ်ရပါမယ်နော်။ ပြင်ပကလေတွေ မဝင်အောင်လည်း သေချာဖုံးထားရပါမယ်။ အထဲက အငွေ့တွေ (gasတွေ) ထွက်လာရင် အဖုံးက်ိုလှပ်လိုက်သလိုဖြစ်နိုင်လို့ ရှေးလူကြီးတွေက အလေးတုံးနဲ့ဖိတာကို သတိပြုမိနိုင်ပါတယ်။
…
…
နောက်ထပ် အရေးကြီးတာတစ်ခုကတော့ အရမ်းပူတဲ့ အပူချိန်မှာ အချဉ်မဖောက်သင့်ပါဘူး။ ဘက်တီးရီးယားတွေ အကြိုက်ဆုံးက ၃၇ ဒီဂရီစင်တီဂရိတ်လောက်မို့ ရိုးရိုးအခန်းအပူချိန် သို့မဟုတ် ၂၃ ဒီဂရီစင်တီဂရိတ်လောက်မှာပဲ အချဉ်ဖောက်သင့်ပါတယ်။ လိုချင်တဲ့ အချဉ်ဖောက်တာရပြီဆိုရင် ရေခဲသေတ္တာရိုးရိုးခန်း ၄ ဒီဂရီစင်တီဂရိတ်လောက် အပူချိန်မှာ သိုလှောင်သင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်တွေ၊ ကင်ချီတွေကို ထည့်ထားတာ သတိပြုမိမှာပါ။
အသီးအရွက်တွေကို အချဉ်ဖောက်ရင် သူ့အလေးချိန်ရဲ့ ၂% လောက်ပဲ ဆားကိုသုံးရင် ရပါတယ်။
pH level နဲ့ ပြောရရင်တော့ pH 4.6 ကိုရောက်ရင် botulism (ဘတ်တီးရီးယားကြောင့် အစာအဆိပ်သင့်တာ) မဖြစ်နိုင်တဲ့အတွက် စိတ်ချရပါတယ်။ အသား၊ ငါးနဲ့ ဝိုင်လိုဖြစ်အောင် အချဉ်ဖောက်မယ်ဆိုရင်တော့ တအားအလုံပိတ်သွားရင် botulism ဖြစ်နိုင်တာကို သတိပြုပါ။ ဒါကြောင့် အသား၊ ငါး အချဉ်ဖောက်လုပ်ငန်းစဉ်မှာ ဆိုးကျိုးဖြစ်နိုင်လားဆိုတာကို တွက်ဆပြီး အန္တရာယ်မဖြစ်အောင် စီမံထားတဲ့ စက်ရုံတို့၊ မုန့်ထုတ်လုပ်ငန်းတို့က အစားအစာက စိတ်ချရနိုင်ပါတယ်။
အသား၊ ငါးကို အစိမ်းလိုက်စားမယ်ဆိုရင်တော့ အဲဒီအသား၊ ငါးကနေ ကပ်ပါးပိုးတွေက ကိုယ်ခန္ဓာထဲကို ဝင်ရောက်နိုင်တာမို့ အချဥ်ဖောက်ထားတဲ့ ဘယ်အသား၊ ငါးကိုမှ အစိမ်းမစားဖို့ တိုက်တွန်းပါရစေ။
…
…
ခြုံငုံပြီး ပြန်ပြောပြရရင်တော့ ထုတ်လုပ်တဲ့နေရာကနေ ရောင်းချတဲ့နေရာထိကို အပူချိန် များလွန်းတာမျိုး၊ တချို့ အအေးနဲ့ထားရမှာမျိုး (ကင်ချီ /ဒိန်ချဉ်) လိုမျိုးကို အအေးမရရှိတာမျိုးဆိုရင် လူဆိုးဘက်တီးရီးယားတွေ၊ မှိုတွေ ပေါက်နိုင််လို့ စားပြီးရင် ဝမ်းပျက်ဝမ်းလျောဖြစ်နိုင်ခြေ ရှိပါတယ်။ စိတ်ချရတဲ့နေရာကသာဝယ်ယူသင့်ပါတယ်နော်။
အဓိကကတော့ ပိုးတွေမပေါက်ပွားအောင် ဆားတွေထည့်ရတာကြောင့် သွေးတိုးရှိသူတွေ၊ ကျောက်ကပ်အားနည်းသူတွေအနေနဲ့ သတိပြုသင့်ပါတယ်။ တာရှည်ခံအောင် ထပ်ထည့်တဲ့ ယမ်းစိမ်းတွေအပြင် တခြား စိတ်မချရတာတွေလည်းရှိနိုင်လို့ ချင့်ချိန်စားသုံးစေချင်ပါတယ်။ အချဉ်ဓာတ်ကိုဖုံးဖို့ သကြားတွေထည့်စားရတာမို့ သကြားအများကြီး စားမိနိုင်တာကိုလည်း သတိပြုပါ။
ဆက်စပ်ပြီး ပြောရရင် ဘီယာဆိုတာ “ အချဉ်ဖောက်ထားတာပါကွာ” လို့ မြင်ပြီး သောက်နေရင်တော့ ကောင်းကျိုးအများကြီး မဖြစ်စေပါဘူးလို့ ပြောပါရစေ။ ဘီယာဟာ မုယောစပါးကနေ အချဉ်ဖောက်တဲ့အခါ ကောင်းတဲ့ပိုးလေးတွေ ရလာရော။ ဒါပေမယ့် စျေးကွက်ထဲကို ဘီယာတွေ တင်ပို့ရောင်းချဖို့ ဘူးလိုက် ပိုးသတ်၊ အပူပေးလိုက်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ပိုးကောင်တွေက သေသွားပါပြီ။ နောက်ပြီး အီသနော (ethanol) ဆိုတဲ့ ဓာတ်က အူလမ်းကြောင်းကို ရောင်ရမ်းစေပြီး အသည်းက အလုပ်ပိုလုပ်ရပါတယ်။ အရက်ပြန်ကို အနာပိုးသေအောင် သုံးတာ၊ လက်သန့်ဆေးအနေနဲ့ သုံးတာကိုသာ ကြည့်ပါတော့။
ချွင်းချက်အနေနဲ့တော့ ကောင်းတဲ့ပိုးတွေပါတဲ့ ဘီယာက မရှိတာတော့မဟုတ်ပါဘူး။ Craft beer အချို့၊ အပူပေးထားတာမရှိဘဲ အပူချိန်ကို အအေးဘက်မှာပဲ ထိန်းထားတာမျိုး၊ အောက်မှာ အနည် နည်းနည်းထိုင်နေတာမျိုးလေး၊ အချဉ်ဓာတ်ပါတာလေးတွေက ရှိတော့ရှိပါတယ်။ ဝယ်သောက်လို့တော့ မလွယ်၊ လက်လှမ်းမမီဘူးပေါ့လေ။
ဖြစ်နိုင်ရင်တော့ စိတ်ချလုံခြုံမှ စားရမယ့်အစားအစာ list (စာရင်း) ထဲမှာ အချဉ်ဖောက်ထားတာကို ထည့်ထားပေးပါ။
…
…
ကဲ… အဲဒီတော့ မိမိရဲ့ လွမ်းဆွတ်ဖွယ် ဒေသအစားအစာတွေထဲမှာ အချဉ်ဖောက် အစားအစာရှိမယ်ဆိုရင် ဘယ်လိုမျိုးလဲ၊ ဘာနဲ့လုပ်တာလဲ၊ ဘယ်လိုလုပ်ရလဲဆိုတာကို ဗဟုသုတရအောင် ကောမန့်လေးတွေမှာ ရေးသွားပေးကြပါဦးနော် …။
အာဟာရဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


