🖤 ဝမ်းနည်းစရာအဆုံးသတ်ကို ရွေးချယ်ဖို့ စဥ်းစားမိနေသူကို နွေးထွေးမှုနဲ့ လက်ကမ်းကူညီကြရအောင် ❤️
__

သူတို့ဆီက စကားသံတွေ၊ နာကျင်မှုတွေကို နှလုံးသားနဲ့ နားမထောင်မိကြဘဲ . . .

“ သူရဲဘောကြောင်တာပဲ” ၊ “ စိတ်ဓာတ်ပျော့ညံ့လို့” ၊ “ အဖန် ၅၀၀ ငါးကမ္ဘာကိုမ‌ကြောက်ဘူးလား” စသဖြင့် လက်ညှိုးထိုးကြတဲ့အခါ…

ဒါဟာ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်နေသူအပေါ် ကျွန်မတို့ လူ့အသိုက်အဝန်းက ထပ်ပေးမိတဲ့ နာကျင်စရာ ထိုးနှက်ချက်တွေပါပဲ။

“ သူရဲဘောကြောင်တယ်” ဆိုတဲ့ စကားကလည်း အရမ်းကို ရက်စက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်လိုက်ဖို့အထိ စဥ်းစားနေမိတဲ့ သူတစ်ယောက်ဟာ ဘယ်လောက်အထိ စိတ်ဓာတ်ကျဆင်းနေမလဲ၊ ဘယ်လောက်အထိ နာကျင်နေမလဲဆိုတာကို တွေးကြည့်ဖူးကြပါရဲ့လား။

ဒါဟာ သူရဲဘောကြောင်လို့၊ စိတ်ဓာတ်ပျော့ညံ့လို့ မဟုတ်ပါဘူး။

သူတို့ရဲ့ စိတ်ဝိညာဉ်ဟာ အဘက်ဘက်ကဖိအားတွေအပေါ် ခံနိုင်ရည်မရှိတော့တဲ့ အခြေအနေကို ရောက်သွားကြတာပါ။ တစ်နည်းအားဖြင့် ဒီအခက်အခဲတွေကို ဘယ်လိုကိုင်တွယ်‌ဖြေရှင်းရမလဲဆိုတာကို လတ်တလော မတွေးနိုင်တော့လောက်အောင် ခြေကုန်လက်ကမ်းကျသွားတဲ့ သူတွေရယ်ပါ။

တချို့လူတွေက “ အဖန် ၅၀၀” လို့ ပြောတတ်ကြတယ်။ ဒါဟာလည်း ဘာသာတရားတစ်ခုရဲ့ ယုံကြည်မှုသာဖြစ်ပြီး အကုသိုလ်ကံရှိခဲ့ရင် နောက်ဘဝတွေမှာ အဲဒီအကျိုးဆက်တွေကို ခံစားရမယ်လို့ပဲ ဆိုလိုတာပါ။

ဒါပေမယ့် ဒီလိုပြောဆိုမှုဟာ လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရုန်းကန်နေရသူတစ်ယောက်အဖို့ ဘာမှ အထောက်အကူမဖြစ်သလို အကူအညီလည်းမပေးနိုင်ပါဘူး။

တကယ်တမ်း သူတို့လိုအပ်တာဟာ နားလည်မှု၊ စာနာမှုနဲ့ အားပေးမှုသာ ဖြစ်ပါတယ်။ ခံစားချက် တိမ်တိုက်တွေ ဖုံးလွှမ်းနေလို့ မျှော်လင့်ချက်အလင်းရောင်‌လေး ပျောက်နေတဲ့အချိန်မှာ ဒီအလင်းရောင်လေးကို ပြန်မြင်အောင်၊ ဘဝကို ရှေ့ဆက်လျှောက်လှမ်းဖို့ ခွန်အား ပြန်ရလာအောင် ကူညီပေးဖို့ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ အမှောင်မိုက်ဆုံး ခံစားနေရတဲ့ အချိန်မှာ သူတို့ရဲ့အတွေး၊ ခံစားချက်ကို အပြစ်တင်တာ၊ သူတို့ရဲ့ စိတ်အားငယ်မှုကို လှောင်ပြောင်တာ၊ “ ဘာလို့ ဒီလောက်အားနည်းရလဲ” ဆိုပြီး ဝေဖန်တာကို Victim Blaming လို့ခေါ်ပါတယ်။ မုဒိန်းမှုကျူးလွန်ခံရသူကို “ ဒီလိုဝတ်စားလို့” ဆိုပြီး အပြစ်တင်တာမျိုးနဲ့ အလားတူပါပဲ။

လူရယ်လို့ဖြစ်လာရင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ဆိုတာ ဘယ်သူ့မှာမဆို ရှိနိုင်ပါတယ်။ တစ်ခါတလေ ဘဝရဲ့ ဖိအားတွေ၊ စိတ်ဒဏ်ရာတွေ၊ နာကျင်စရာ အတွေ့အကြုံတွေက ကျွန်မတို့ကို မခံနိုင်လောက်အောင် ပြိုလဲသွားစေတတ်ပါတယ်။

အဲဒီလို အချိန်မျိုးမှာ အားပေးကူညီမယ့်သူ တစ်ဦးတစ်ယောက်မှ မရှိဘူးဆိုရင် ကျွန်မတို့ မလိုလားတဲ့ အဆုံးသတ်တွေကို ထပ်ပြီးကြုံနေရဦးမှာပါ။

သေဆုံးပျောက်ကွယ်သွားချင်တယ်ဆိုတဲ့ စိတ်ဟာ တဒင်္ဂဖြစ်တဲ့ စိတ်ခံစားချက်ပါ။ ဒီခံစားချက်တွေကို ‌ဝေဖန်ပြစ်တင်မှုမပြုဘဲ နားထောင်ပေးမယ်၊ ဖေးမကူညီပေးမယ်ဆိုရင် ဒီ ကာလလေးကို ကျော်လွှားနိုင်ပြီး ဆက်လက်ရပ်တည် ရှင်သန်နိုင်မှာပါ။ လူတိုင်းမှာ ရှင်သန်လိုစိတ် ရှိပါတယ်။

ဒါကြောင့် ကျွန်မအမြဲတမ်းပြောနေကျစကားလိုပါပဲ၊ မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟာ ကာကွယ်လို့ရနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့သူတွေကို လျစ်လျှူမရှုဘဲ ပိုဂရုစိုက်ပြီး နွေးထွေးတဲ့ စကားလုံးတွေနဲ့ အားပေးပါ။ သူတို့ရဲ့ ခံစားချက်တွေကို နားထောင်ပေးပါ။ ကိုယ်ချင်းစာပေးပါ။ အပြစ်တင်တာတွေ ကဲ့ရဲ့တာတွေ မလုပ်ပါနဲ့။ လိုအပ်ရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ ပညာရှင်တွေဆီ လမ်းညွှန်ပေးပါ။

ကိုယ့်ရဲ့သေးငယ်တဲ့ ဂရုစိုက်မှုတစ်ခုက တစ်စုံတစ်ယောက်ရဲ့မျှော်လင့်ချက်ကို ရှင်သန်နိုင်စေသလို ကိုယ့်ရဲ့ နွေးထွေးတဲ့စကားတစ်ခွန်း၊ ကမ်းပေးတဲ့ လက်တစ်စုံဟာလည်း လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။

စိတ်ကျန်းမာရေးပြဿနာတိုင်း ဝေဒနာတိုင်းဟာ ကာယကံရှင် မိမိရဲ့အားနည်းချက် မဟုတ်တာကြောင့် ရှက်စရာမလိုဘဲ လိုအပ်တဲ့ စိတ်ကျန်းမာရေးအကူအညီ ရယူကြပါလို့ တိုက်တွန်း အားပေးရင်း….။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

(စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်သည့် တယ်လီကျန်းမာ အွန်လိုင်းဆေးခန်း၏ link များကို အောက်ဘက်တွင် ဖော်ပြပေးထားပါသည်)

(၁) စိတ်ကျန်းမာရေးပြဿနာများအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ရန်
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
https://m.me/telehealthmm

(၂) မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု လုံးဝမရှိစေရ Campaign သို့ ဆက်သွယ်ရန်
(နေ့စဥ်… မနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီ
ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း)
https://t.me/zeroscbot

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here