မနေ့က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ရဲ့သားအိမ်ကို အရေးပေါ် ခွဲစိတ်ပြီး ထုတ်ပေးခဲ့ရပါတယ်။
” ဟ… ဘယ်လို သားဖွားမီးယပ် အထူးကုဆရာဝန်လဲ။ ဒီလို အရွယ်ကောင်း အမျိုးသမီးတစ်ယောက်ကို ဘာလို့ အင်္ဂါမစုံအောင် လုပ်လိုက်ရတာလဲ။ OG ရောဟုတ်ရဲ့လား။ ကျားဖြန့်ရမ်းကုများလား” ဆိုပြီး မေးစရာတွေ ရှိလာမှာပါ။
ကျွန်တော်ကိုယ်တိုင်လည်း လုပ်သာလုပ်ပေးပြီးသွားတယ်။ မှန်သလား/ မှားသလား အတွေးများမိပါတယ်။ ပြီးတော့ သားအိမ်မထုတ်ဘဲ အခြားသွေးတိတ်စေမယ့် နည်းလမ်းတွေဖြစ်တဲ့ B Lynch’s suturing, Uterine arteries ligation, internal iliac arteries ligation စတဲ့ သားအိမ်ကို ထိမ်းသိမ်းထားနိုင်မယ့် ခွဲစိတ်မှု (Uterine conserving surgery) တွေကို စဉ်းစားကြည့်မိပါသေးတယ်။
(ခွဲစိတ်မှုနည်းလမ်း ၁) B Lynch’s suturing က ကျွန်တော် ကောင်းကောင်း လုပ်တတ်တယ်။ သို့သော် သူ့ရဲ့အကျိုးသက်ရောက်မှုကို ကျွန်တော် သေချာမသိဘူး။
(ခွဲစိတ်မှုနည်းလမ်း ၂) Bilateral uterine arteries ligation ကိုလည်း ကျွန်တော် ကောင်းကောင်းလုပ်တတ်တယ်။ ခဏခဏလည်း လုပ်ဖြစ်တယ်။ လုပ်ဖူးတယ်။ ဒါပေမယ့် ကျွန်တော်ရော လူနာရော နှစ်ယောက်စလုံးက သားအိမ်ကို ဆက်မထားချင်တော့ဘူး။
(ခွဲစိတ်မှုနည်းလမ်း ၃) Bilateral anterior branches of internal iliac arteries ligation ကတော့ ကျွန်တော် မကျွမ်းကျင်ဘူး။ ထားပါတော့လေ။ လူနာအကြောင်းပဲ ဆက်ပြောကြရအောင်။
…
…
လူနာက အသက် ၂၄ နှစ်ဆိုပေမယ့် လေးယောက်မြောက်ကိုယ်ဝန်ကို ဆောင်ထားတာပါ။ ပထမဆုံး ကိုယ်ဝန်က လနုနုမှာ ပျက်ကျပါတယ်တဲ့ ခင်ဗျ။
ဒုတိယနဲ့ တတိယကိုယ်ဝန် နှစ်ခုဆက်တိုက်ကိုတော့ ခွဲမွေးခဲ့တာပါ။ အခု စတုတ္ထကိုယ်ဝန် လနုနုမှာ သွေးဆင်းလို့ အာထွာဆောင်း USG သွားရိုက်ကြည့်တော့ ဆက်လက်မကြီးထွားတော့မည့် ကိုယ်ဝန် (Arrested pregnancy/ missed miscarriage) လို့ အဖြေထွက်လာပါတယ်။
ထုံးစံအတိုင်း သတင်းဆိုးကို ပြောပြဖို့ (breaking the bad news) ကတော့ ကျွန်တော်တို့ OG Clinician တွေရဲ့ တာဝန်ကိုးဗျ နော။ ဆေးခန်းကို ရောက်လာတဲ့အခါ ပြောပြလိုက်ရပါတယ်။ “ ကိုယ်ဝန်ကပျက်သွားပြီ။ နောက်ကိုးလစောင့်လည်း ကလေးအကောင်းလေး မွေးထွက်လာမှာ မဟုတ်တော့ဘူး။ ကလေးလေးက သားအိမ်ထဲမှာ သေဆုံးနေပါပြီ။ အာထွာဆောင်း ဆရာဝန်ကလည်း အတိအကျ၊ အခိုင်အမာကို ပြောထားတယ်။” ဆိုတာတွေကို နားလည်အောင် သေချာ ရှင်းပြပေးလိုက်ပါတယ်။
.
ဆိုတော့……..
လုပ်စရာအလုပ်က သုံးခုရှိပါတယ်။
၁။ သေဆုံးနေတဲ့ ကလေးနဲ့အချင်းကို သူ့ဘာသာသူ ထွက်ကျလာအောင် စိတ်ရှည်ရှည်နဲ့ စောင့်မယ်။ ဘယ်လောက်ကြာမယ်ဆိုတာ မသိသလို အောင်မြင်မယ်/ မအောင်မြင်မယ်မသိပေမယ့် ရာခိုင်နှုန်း probability တွေတော့ ရှိတာပေါ့။ စာလေးမှာစိုးလို့ မပြောတော့ပါဘူးနော်။
၂။ မြန်မြန်ထွက်ကျအောင် ဆေးနှစ်မျိုးကို နာရီခြားတိုက်မယ်။ ရလဒ်ကတော့ အပေါ်ကလိုပါပဲ။ သူ့ထက်တော့ အချိန်တိုမယ်၊ ရာခိုင်နှုန်း ပိုများမယ်ပေါ့လေ။
၃။ သားအိမ်ခြစ်မယ်ပေါ့။ သားအိမ်ခြစ်မယ်ဆိုရာမှာ အရင်ကလို ခြစ်ထုတ်တာမဟုတ်။ MVA Manual Vacuum Aspiration နည်းနဲ့ စုပ်ထုတ်တာပါ။
အပေါ်က ပြောပြထားတဲ့ ကုသမှုနည်းလမ်း တစ်ခုချင်းစီရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ (pros and cons တွေ) ကို ပေထက်အက္ခရာတင်ပြီးတော့ကို သေချာရှင်းပြခဲ့ပါတယ်။ ဘယ်ကုသမှုကို ရွေးချင်လဲဆိုတော့ လူနာက သားအိမ်ခြစ်ကုသမှု MVA ကို ရွေးပါတယ်။
…
…
ကျွန်တော် မပြောဖြစ်လိုက်တာက “ စုပ်ထုတ်လိုက်ပြီးရင် အရင်ကလေးနှစ်ယောက်ကို ခွဲမွေးထားတဲ့ သားအိမ်ခွဲကြောင်းအဟောင်းရဲ့ ဒဏ်ရာကနေ သွေးတွေအများကြီး ဆင်းလာနိုင်တတ်တယ်။ အဲလိုဖြစ်လာရင် အရေးပေါ် ဗိုက်ခွဲပြီး သားအိမ်ထုတ်ရတတ်တယ်” ဆိုတာကိုပါ။
ဖြစ်တောင့်ဖြစ်ခဲမို့လည်း ပါပါတယ်။ လူတစ်သောင်းမှာ တစ်ယောက်အောက်ပဲ ဖြစ်တတ်တာဆိုတော့လည်း မပြောဖြစ်လိုက်ဘူးပေါ့။ ကိုယ့်ဘက်မှာ ၉၉၉၉ ယောက်တောင်ရှိတာလေ။ ရှားရှားပါးပါး ကျန်နေတဲ့တစ်ယောက် ဖြစ်လာနိုင်သေးမယ်လို့ ဘယ်ထင်မိမှာလဲ။
.
လက်တွေ့ကျတော့ ရှားရှားပါးပါး တစ်ယောက်နဲ့ကို တည့်တည့်တိုးတာဗျာ။ ကလေးနဲ့ အချင်းစတွေ အကုန်လုံး ထွက်ပြီးသွားတဲ့နောက်ကို သွေးတွေက ရေပိုက်ခေါင်းကနေ ပန်းထွက်သလိုကို ထွက်တာပါ။
လိုအပ်တဲ့ထိုးဆေးတွေကို ပေးတာလည်း မရပ်ဘူး။ ကြည့်နေရင်းနဲ့ လူနာက သွေးပေါင်တွေကျလာပြီ။ ခန့်မှန်းခြေ သွေးဆုံးရှုံးတာ (estimated blood loss) ကလည်း နှစ်ပုလင်းကျော်လာပြီ။
သွေးတိတ်ဖို့အတွက် ဗိုက်ကိုဖွင့်ပြီး တစ်ခုခု လုပ်ရတော့မယ်…
အကောင်းဆုံးကတော့ သွေးထွက်နေတဲ့ ခွဲဒဏ်ရာဟောင်းနှစ်ခုရှိနေတဲ့ သားအိမ်ကို ထုတ်ပစ်လိုက်တာပါ။ အဲလိုလုပ်ရင် မကောင်းတာကတော့ နောက်ထပ် ကလေးမမွေးနိုင်တော့မှာပဲပေါ့။
သားအိမ်မထုတ်ဘဲ သွေးတိတ်စေမယ့်နည်းတွေဖြစ်တဲ့ ကျွန်တော်လုပ်တတ်တဲ့ B Lynch’s suturing ဒါမှမဟုတ် Bilateral Uterine arteries ligation လုပ်ရမလားလို့ လူနာနဲ့ တိုင်ပင်ပါသေးတယ်။ ဒါပေမယ့် သားအိမ်ထားခဲ့လို့ နောက်တစ်ခါထပ်ပြီး ဗိုက်ကြီးရင် လူနာရင်လည်း အသက်သေဆုံးနိုင်မယ် ဒါမှမဟုတ် သူ့ကို တာဝန်ယူပေးရမယ့် OG ရင်လည်း ဒုက္ခလှလှကြီး ကြုံရပါလိမ့်မယ်။
.
ဇာတ်လမ်းကို ဆက်ရရင် လူနာရော ကျွန်တော်ရော သဘောတူညီစွာနဲ့ သားအိမ်ထုတ်ဖို့ပဲ လုပ်ခဲ့လိုက်ပါတယ်။ သားဥအိမ်နှစ်ခုစလုံးကိုလည်း ချန်ခဲ့ပါတယ်။ ဒီလိုချန်ထားခဲ့တာကြောင့် သူတို့ကနေ အမျိုးသမီး ဟော်မုန်းဓာတ်တွေ ဆက်ထုတ်ပေးနေဦးမှာ ဖြစ်တဲ့အတွက် သားအိမ်မရှိတာ၊ ကိုယ်ဝန်မဆောင်နိုင်တာ၊ ရာသီမလာတာကလွဲပြီး သွေးဆုံးခြင်းဝေဒနာကို ခံစားရမှာ မဟုတ်ပါဘူး။ မွေးလမ်းကြောင်း ရှိနေသေးတဲ့အတွက် ယောက်ျားနဲ့လည်း ချစ်ကြည်နူး တစ်တီတူးဖို့ရာ အဆင်ပြေမှာပါနော်။ ဘယ်လို Superman အတွက်မှ သားအိမ်မလိုပါဘူး။
” ကိုယ်ဝန်တားဆေးတွေ သုံးရမယ့် ဝန်ထုပ်ဝန်ပိုးတောင် သက်သာသွားပါလိမ့်မယ်” လို့ အားပေးစကား မှာကြားလိုက်ရပါသေးတယ် ခင်ဗျ။
ယောက်ျားမယူနဲ့လို့ ပြောတာမဟုတ်ပါဘူးဗျာ။ အသက်နှစ်ဆယ့်လေးနှစ်မှာ ဗိုက်လေးခါမကြီးအောင် တားကြဖို့ စေတနာဒေါသနဲ့ ပြောပြချင်မိတာပါ။ ကျွန်တော့် ဂျူနီယာတွေကိုလည်း ခွဲစိတ်မွေးဖွားခြင်းကို လွယ်လွယ်နဲ့ လုပ်မပေးကြဖို့ တိုက်တွန်းလိုတာပါဗျ။
ဘွဲ့လွန်ကျောင်းသားဘဝမှာ Professor အမက ဆေးရုံကိုပတ်ပြီး လူနာကြည့် (round လှည့်) တဲ့အခါ ခွဲမွေးထားတဲ့ လူနာကိုတွေ့ရင် ဘာလို့ခွဲရတာလဲလို့ အကြောင်းရင်းကို အသည်းအသန်လိုက်မေးခဲ့တာကို မြင်ပေမယ့် ဘာမှန်းမသိခဲ့ပါဘူး။ ဘာကိုဆိုလိုချင်တာလဲ၊ ဘာကြောင့်လဲဆိုတာကို ခုမှ ရေရေလည်လည် နားလည်သဘောပေါက်မိပါတယ်။
.
ဒါကြောင့် လွယ်လွယ်နဲ့ ဗိုက်မကြီးကြပါနဲ့။ လွယ်လွယ်နဲ့ ခွဲမမွေးကြပါနဲ့လားဗျာ။
ကျွန်တော်တို့ဘက်ကလည်း painless labour (နာကျင်မှုကင်းသော ရိုးရိုးမွေးဖွားခြင်း) ကိုလုပ်ပေးနိုင်ဖို့ ကြိုးစားရပါဦးမယ်ဆိုတာကို ပြောပြရင်း ဒီကျန်းမာရေးဆောင်းပါးလေးကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါရစေ…။
ဒေါက်တာဝသုန်
သားဖွားမီးယပ် ဆရာဝန်
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

