‎ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေနဲ့ ဆုံဖူးကောင်း ဆုံဖူးကြပါလိမ့်မယ်။ ကိုယ်က ဘာမှမဟုတ်တဲ့ သာမန်အရပ်သူ၊ အရပ်သားတစ်ယောက် ဖြစ်ပေမယ့် တစ်ဖက်က နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက် (သို့မဟုတ်) ကိုယ့်ကုမ္ပဏီက အမြင့်ဆုံး ခေါင်းဆောင်တစ်ယောက်က ကိုယ့်ကို တိတ်တခိုး စွဲလမ်းနေတယ်လို့ တစ်ထစ်ချ ယုံကြည်နေသူမျိုးပေါ့။
‎.

‎🌴 “ ဒီနေ့ ရုံးကို သူက အပြာရောင် ရှပ်အင်္ကျီ ဝတ်လာတာဟာ သက်သက်မဲ့ တိုက်ဆိုင်တာ မဟုတ်ဘူး။ ငါ အပြာရောင် ကြိုက်မှန်းသိလို့ ငါ့ကို တမင် သတိပေးတာ။”

‎🌴 “ တီဗီအစီအစဉ်တစ်ခုမှာ သူ့ဘယ်ဘက်ကို စောင်းကြည့်လိုက်တာက ပရိသတ်ကို ကြည့်တာမဟုတ်ဘူး။ ငါ့ကိုကြိုက်နေလို့ လှမ်းကြည့်လိုက်တာ။”

‎🌴 “ လူရှေ့သူရှေ့မှာ ငါ့ကို မခေါ်မပြောဘဲ နေတာက မရင်းနှီးလို့ မဟုတ်ဘူး၊ ငါတို့နှစ်ယောက်ရဲ့ အချစ်ရေးကို လျှို့ဝှက်ထားချင်လို့။ ငါ့အိမ်ကမသိအောင်လို့ သက်သက်မဲ့ ကာကွယ်ပေးနေတာ။”

‎ဒီစကားသံတွေကို ဘေးလူအမြင်နဲ့ နားထောင်ကြည့်ရင်တော့ “ ဒီလူ စိတ်မှမှန်သေးရဲ့လား” လို့ လွယ်လွယ်လေး တွေးမိကြမှာပါ။ ဒါပေမယ့် စိတ်ပညာမျက်လုံးနဲ့ ကြည့်ရင်တော့ ဒါဟာ ရယ်စရာကိစ္စ မဟုတ်ပါဘူး။ ဒါဟာ Delusional Disorder (စွဲလမ်းမှု မှားယွင်းသောရောဂါ) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Erotomania လို့ခေါ်တဲ့ ပြင်းထန်တဲ့ စိတ်ကျန်းမာ‌ရေးပြဿနာတစ်မျိုးပဲ ဖြစ်ပါတယ်။

‎သတိပြုရမှာတစ်ခုက သူတို့ဟာ ပတ်ဝန်းကျင်ကို လိမ်ညာလှည့်ဖြားချင်လို့ ပြောနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်ကူးယဥ် အတွေးကမ္ဘာထဲမှာတော့ ဒီအချစ်ဇာတ်လမ်း‌လေးဟာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ “ Reality” တစ်ခု ဖြစ်နေလို့ပါပဲနော်။
‎…
‎…

‎🍀 Erotomania ဆိုတာက ဘာကိုပြောတာလဲ။

‎Erotomania ဆိုတာဟာ လူတစ်ယောက် (အများအားဖြင့် အဆင့်အတန်းမြင့်သူ၊ ကျော်ကြားသူ သို့မဟုတ် လုံးဝ သူစိမ်းတစ်ယောက်) က မိမိကို ပြင်းပြင်းပြပြ ချစ်ကြိုက်နေတယ်လို့ ခိုင်မာစွာ၊ တိကျစွာ မှားယွင်းယုံကြည်နေခြင်း ဖြစ်ပါတယ်။

‎ဒီ‌နေရာမှာ သာမန် “ Crush” မိခြင်း (တစ်ဖက်သတ်ချစ်ခြင်း) နဲ့ ဘာကွာသလဲလို့ မေးစရာရှိပါတယ်။

‎သာမန်လူတစ်ယောက်အနေနဲ့က တစ်ဖက်သတ်ကြိုက်မိတဲ့အခါ “ သူ ငါ့ကို ပြန်ကြိုက်ရင် ကောင်းမှာပဲ” လို့ မျှော်လင့်ပါတယ်။ ငြင်းပယ်ခံရရင် ဝမ်းနည်းမယ်၊ လက်ခံလိုက်မယ်။ ဒီမှာတင် သူတို့ချစ်ဇာတ်လမ်းက တစ်ခန်းရပ်မယ်။

‎ဒါပေမယ့် Erotomania ရှိသူကတော့ “ သူ ငါ့ကို ကြိုက်ကို ကြိုက်နေတာ၊ အကြောင်းအမျိုးမျိုးကြောင့်သာ ဖွင့်မပြောနိုင်တာ” ဆိုပြီး တစ်ဖက်လူရဲ့ ငြင်းပယ်မှုကို လုံးဝလက်မခံပါဘူး။ တစ်ဖက်လူက “ ခင်ဗျားကို ကျွန်တော် စိတ်မဝင်စားဘူး” လို့ ပြောရင်တောင်မှ “ ဪ… သူ့ခမျာ လူကြားထဲမို့လို့ ဟန်ဆောင်ပြီး ပြောနေတာပဲ” လို့ ဘာသာပြန်တတ်ကြပါတယ်။
‎…
‎…

‎🍀 Erotomania ရဲ့ လက္ခဏာများ

‎ဒီရောဂါခံစားနေရသူတွေရဲ့ အဓိက လက္ခဏာကတော့ Delusion of Reference (အရာရာကို မိမိနှင့် ပတ်သက်ပြီး ကောက်ချက်ချခြင်း) ပါပဲ။

‎၁။ တိုက်ဆိုင်မှုများကို သက်သေအဖြစ် ယူခြင်း

‎လမ်းသွားရင်း ကားနံပါတ်ပြားက ဂဏန်းတူနေရင်၊ သူကြိုက်တဲ့သီချင်းက ရေဒီယိုမှာ လာနေရင် “ ဒါဟာ သူ ငါ့ကို သတိရနေကြောင်း အချက်ပြလိုက်တာပဲ” လို့ ယုံကြည်ပါတယ်။
‎.

‎၂။ Stalking (နောက်ယောင်ခံလိုက်ခြင်း)

‎အချစ်စိတ်လွန်ကဲပြီး တစ်ဖက်လူကို စာတွေ၊ လက်ဆောင်တွေ အဆက်မပြတ်ပို့မယ်။ ဖုန်းဆက်မယ်။ တစ်ဖက်လူက Block (မဆက်သွယ်နိုင်အောင် ပိတ်ပင်ထား) လိုက်ရင်လည်း “ သူ ငါ့ကို စမ်းသပ်နေတာ” ဆိုပြီး တစ်ခြားနည်းလမ်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားမယ်။
‎.

‎၃။ စိတ်ဒုက္ခပေးခြင်း

‎အများစုသော Erotomania လူနာတွေက အကြမ်းဖက်လေ့မရှိပါဘူး။ ဒါပေမယ့် သူတို့ စွဲလမ်းတာကိုခံရတဲ့သူ (Victim) အတွက်ကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ ကြောက်လန့်စရာ အခြေအနေတစ်ခု ဖြစ်လာတတ်ပါတယ်။
‎…
‎…

‎🍀 ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

‎စိတ်ပညာရှုထောင့်ကနေ သုံးသပ်ကြည့်ရင် ဒီအခြေအနေဟာ ဝေဒနာရှင်ရဲ့ အပြစ်မဟုတ်သလို သူတို့က လူဆိုးတွေဖြစ်နေလို့ လိမ်ညာနေတာလည်း မဟုတ်ပါဘူး။ အဓိကအားဖြင့် အခုပြောပြမယ့် အကြောင်းရင်း (၃) ချက်ကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။

‎၁။ စိတ်ပိုင်းဆိုင်ရာလစ်ဟာမှုကို အစားထိုး ဖြည့်ဆည်းခြင်း

‎လူသားတိုင်းမှာ အသိအမှတ်ပြုခံလိုစိတ် ကိုယ်စီ ရှိကြပါတယ်။ ဒီဝေဒနာ ခံစားနေရသူ အများစုဟာ လက်တွေ့ဘဝမှာ နက်ရှိုင်းတဲ့ အထီးကျန်ဆန်မှုတွေနဲ့ တိတ်တဆိတ် ရုန်းကန်နေရသူတွေ ဖြစ်တတ်ပါတယ်။ မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်တာတွေက များလာတဲ့အခါ သူတို့ရဲ့ မသိစိတ်ကနေ ဖြေသိမ့်စရာ ထွက်ပေါက်တစ်ခုကို ရှာဖွေပါတော့တယ်။ “ သာမန်လူတောင် မဟုတ်ဘူး၊ ဟိုလို အောင်မြင်ကျော်ကြားတဲ့သူက ငါ့ကို မြတ်နိုးစွဲလမ်းနေတာ” ဆိုတဲ့ ယုံကြည်ချက်က သူတို့အတွက်တော့ အကြီးမားဆုံးစိတ်ခွန်အား ဖြစ်လာပါတယ်။ ဒါဟာ နာကျင်စရာကောင်းတဲ့ လက်တွေ့ဘဝကို ခေတ္တမေ့ပျောက်ထားနိုင်ဖို့အတွက် ဦးနှောက်က အလိုအလျောက် ဖန်တီးပေးလိုက်တဲ့ “ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်” (Defense Mechanism) တစ်ခုသာ ဖြစ်ပါတယ်။

‎.

‎၂။ စိတ်ကူးယဉ်ကမ္ဘာဖြင့် ဒဏ်ရာကို ကုစားခြင်း

‎လူတစ်ယောက်ရဲ့ နှလုံးသားအာဟာရဆိုတာဟာ “ ချစ်ခြင်းမေတ္တာ” ပါပဲ။ ငယ်စဉ်ကလေးဘဝကတည်းက လုံလောက်တဲ့ မေတ္တာနဲ့ နွေးထွေးမှုကို မရခဲ့သူတွေဟာ အရွယ်ရောက်လာတဲ့အခါ အချစ်ကို အလွန်အမင်း ဆာလောင်မွတ်သိပ်တတ်ကြပါတယ်။ လက်တွေ့ဘဝမှာ ကိုယ့်အပေါ်ကြင်နာမယ့်သူကို ရှာမတွေ့တဲ့အခါ သူတို့ရဲ့စိတ်က လုံခြုံမှုရှိမယ့် ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကို တည်ဆောက်ယူလိုက်ပါတယ်။ အဲဒီကမ္ဘာထဲမှာတော့ သူတို့ချစ်တဲ့သူက သူတို့ကို ဘယ်တော့မှ ပစ်ပယ်မသွားဘူး၊ အမြဲတမ်းချစ်နေတယ်လို့ ယုံကြည်ထားလိုက်တာက သူတို့ရဲ့ စိတ်နှလုံးသားထဲက ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
‎.

‎၃။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြောင်းလဲမှုများ

‎တချို့အခြေအနေတွေမှာတော့ ဒါဟာ စိတ်ခံစားချက်သက်သက်ကြောင့် မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) သို့မဟုတ် Bipolar Disorder (စိတ်ကြွစိတ်ကျရောဂါ) လို ဝေဒနာတွေကို ခံစားနေရချိန်မှာ ဦးနှောက်ထဲမှာရှိတဲ့ ဓာတုဗေဒပစ္စည်းတွေက မညီမျှမှုဖြစ်ပေါ်ကာ အစစ်အမှန်နဲ့ စိတ်ကူးကို ခွဲခြားနိုင်စွမ်းဟာ အားနည်းသွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အချစ်ရေးဆိုင်ရာ စွဲလမ်းမှု (Delusion) ဟာ ရောဂါရဲ့ ဘေးထွက်ဆိုးကျိုး လက္ခဏာတစ်ရပ်အနေနဲ့ ပေါ်ပေါက်လာတတ်ပါတယ်။
‎…
‎…

‎🍀 မြင်သာအောင် လက်တွေ့ဘဝက “ သားကောင်” နှစ်ဦးနဲ့ ပြောပြပါရစေ။

‎ဒီဇာတ်လမ်းမှာ သားကောင် (Victim) နှစ်ယောက်ရှိပါတယ်။

‎တစ်ယောက်ကတော့ “ အစွဲလမ်းခံရသူ” ပါ။ သူတို့ဟာ ဘာမှမလုပ်ဘဲနဲ့ နောက်ယောင်ခံ လိုက်ခံရတာ၊ စောင့်ကြည့်ခံရတာတွေကြောင့် လုံခြုံမှုမရှိသလို ခံစားရပြီး စိတ်ဒုက္ခရောက်ရပါတယ်။

‎နောက်ထပ် သားကောင်အစစ်ကတော့ “ ဝေဒနာရှင် ကိုယ်တိုင်” ပါပဲ။ သူတို့ဟာ ဘယ်တော့မှ ဖြစ်မလာမယ့် အိပ်မက်ထဲမှာ ပိတ်မိနေကြရှာပါတယ်။ သူတို့ရဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ စိတ်ခံစားချက်တွေ အားလုံးဟာ လေထဲမှာ တိုက်အိမ်ဆောက်သလို အချည်းနှီး ဖြစ်ကုန်တယ်။ နောက်ဆုံးမှာ လူမှုပတ်ဝန်းကျင်ရဲ့ ဖယ်ကြဉ်တာ၊ လှောင်ပြောင်တာကို ခံကြရပြီး ပိုအထီးကျန်သွားတတ်ကြပါတယ်။
‎…
‎…

‎🍀 ထပ်ပြီးတော့ Social Media (လူမှုကွန်ယက်) နဲ့ Digital Erotomania (မရှိသော အချစ်ကို ရှာဖွေသူများရဲ့ လူမှုကွန်ယက်အသုံးပြုမှုများ) အကြောင်းကို ပြောပြချင်ပါတယ်။

‎ယနေ့ခေတ် နည်းပညာတွေ တိုးတက်လာတဲ့အခါမှာတော့ ဒီရောဂါဟာ ပိုပြီး အမြစ်တွယ်လွယ်လာပါတယ်။ Social Media ဟာ သူတို့အတွက်တော့ သက်သေရှာဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်လာပါတယ်။

‎သူတို့ စွဲလမ်းနေသူရဲ့ အကောင့်တွေ (Profile တွေ) ကို တစ်နေ့တစ်နေ့ အကြိမ်ပေါင်းများစွာ ဝင်ကြည့်မယ်။ “ သူ Online ဖြစ်နေတာက ငါနဲ့ စကားပြောချင်လို့ စောင့်နေတာ” ၊ “ သူ Post တင်လိုက်တဲ့ သီချင်းစာသားက ငါ့ကို ရည်ရွယ်တာ” ဆိုပြီး တစ်ထစ်ချ ယူဆတတ်ကြပါတယ်။

‎တစ်ဖက်လူက ကိုယ့်ပုံကို Like လုပ်လိုက်တာ၊ ကိုယ့် Story ကို ဝင်ကြည့်သွားတာ (View) တွေဟာ သာမန် Social Interaction (လူမှုဆက်ဆံရေးတုံ့ပြန်မှု) တွေဆိုတာကို လက်မခံဘဲ “ သူ ငါ့ကို သတိထားမိနေပြီ၊ ငါ့အကြောင်း စိတ်ဝင်စားနေပြီ” ဆိုတဲ့ ကြီးမားတဲ့ အချစ်သင်္ကေတတွေအဖြစ် ပုံကြီးချဲ့ ယူဆတတ်ကြပါတယ်။ ဒါဟာ အလွန်သတိထားရမယ့် ဆိုရှယ်မီဒီယာအသုံးပြုစဥ် ယုံမှားမှု “ Digital Delusion” တစ်မျိုးပါပဲ။
‎…
‎…

‎🍀 ဒါပေမယ့် ကုသနိုင်မယ့်နည်းလမ်းတွေလည်း ရှိတဲ့အကြောင်းကို ပြောပြချင်ပါတယ်။

‎မိတ်ဆွေ… တကယ်လို့ သင့်ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးရှိနေရင် “ နင် ရူးနေတာလား” လို့ မပြောမိပါ‌စေနဲ့။ သူတို့အတွက်က ဒီအချစ်ဟာ အချစ်စစ်ပါ။ သူတို့နဲ့ ပြိုင်ပြီးငြင်းခုံတာက ဘာမှထူးခြားမှု မရှိစေပါဘူး။

‎သူတို့ရဲ့ ခံစားချက်ကို နားထောင်ပေးပါ။ ဒါပေမယ့် သူတို့ရဲ့ ယုံကြည်မှုကို ထောက်ခံတာမျိုးတော့ မလုပ်ပါနဲ့။ ဥပမာ – “ နင့်ကို သူချစ်နေတာ သေချာတာပေါ့” လို့ မြှောက်ပြောတာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ “ နင် ဒီလိုယုံကြည်နေတယ်ဆိုတာ ငါနားလည်တယ်။ ဒါပေမယ့် ငါ့အမြင်မှာတော့ သူက အဲဒီလို ဆိုလိုတာမဟုတ်ဘူးလို့ ထင်တယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ ညင်ညင်သာသာ တုံ့ပြန်ပေးတာက ပိုသင့်တော်ပါတယ်။

‎တကယ်‌တော့ သူတို့လို ဝေဒနာရှင်မျိုးတွေဟာ နားလည်တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ ရေရှည်ကုသဖို့ လိုအပ်ပါတယ်။ ကုသမှုတွေအနေနဲ့ကတော့ . . .

  • ‎Antipsychotic Medication
    ဦးနှောက်တွင်း ဓာတုဗေဒပြောင်းလဲမှုတွေကို ထိန်းညှိပေးပြီး မှားယွင်းတဲ့ အတွေးတွေကို လျော့ပါးစေပါတယ်။
  • ‎Psychotherapy (Talk Therapy)
    ဆရာဝန်က လူနာရဲ့ အထီးကျန်ရတဲ့၊ နာကျင်ရတဲ့ အရင်းအမြစ်ကို ရှာဖွေပြီး လက်တွေ့ဘဝကို ဖြည်းဖြည်းချင်း ပြန်လည်လက်ခံနိုင်အောင် ကူညီပေးရပါတယ်။

    ‎ကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ “ နင့်ကို ဘယ်သူမှ မကြိုက်ဘူး” လို့ ပြောဖို့ မဟုတ်ပါဘူး။ ‎” မင်းကိုယ်တိုင်က တန်ဖိုးရှိပြီးသား လူသားတစ်ယောက်ပါ။ သူများရဲ့ အချစ်ကိုရမှ တန်ဖိုးရှိတာ မဟုတ်ပါဘူး” ဆိုတဲ့ အသိကို ပြန်လည်တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။

‎…
‎…

‎ချစ်ခြင်းတရားဆိုတာ အလွန်အင်မတန်ကို လှပပါတယ်။ ဒါပေမယ့် “ နှစ်ဦးသဘောတူညီမှု” ရှိမှသာ စစ်မှန်တဲ့အချစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

‎တစ်ဖက်သတ် ဖန်တီးယူထားတဲ့ အချစ်ဇာတ်လမ်းတွေဟာ ခဏတာအနေနဲ့ စိတ်ချမ်းသာမှုကို ပေးနိုင်ပေမယ့် ရေရှည်မှာတော့ ကြီးမားတဲ့ စိတ်ထောင်ချောက်ကြီးတစ်ခုသာ ဖြစ်လာမှာ သေချာပါတယ်။

‎တစ်ပါးသူရဲ့ ချစ်ခြင်း‌မေတ္တာကို ခံယူရမှ ဘဝကြီးက ပြည့်စုံမယ်လို့ မဆိုလိုပါဘူး။ သင်ကိုယ်တိုင်က ပြည့်စုံပြီးသားပန်းတစ်ပွင့် ဖြစ်တယ်ဆိုတာကို ယုံကြည်လိုက်ပါ။ အမှန်တကယ်ရှိတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သစ္စာမပျက်တမ်း၊ ထာဝစဉ်လက်ကမ်းလို့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေနော်….။

‎စေတနာဖြင့်
‎အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here