ဝမ်းဗိုက်ထဲမှာ ခိုအောင်းနေတဲ့ အဆီပိုတွေဟာ ကျန်းမာရေးအတွက် တကယ်ကို စိုးရိမ်စရာ ကောင်းပါတယ်။
ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ အဆီတွေစုနေသလဲဆိုတာက ကျန်းမာရေးအခြေအနေကို ဆုံးဖြတ်ပေးတာပါ။ အိမ်ခြံမြေ ဝယ်သလိုပါပဲ။ နေရာက အဓိကကျလှပါတယ်။ ကိုယ်တွင်းအင်္ဂါတွေရဲ့ ဝန်းကျင်မှာရှိတဲ့ ဝမ်းဗိုက်အဆီဟာ ပန်းသီးပုံစံကိုယ်လုံးမျိုး ဖြစ်စေပြီး ကျန်းမာရေးနဲ့ အသက်ရှည်ဖို့အတွက် အန္တရာယ်အရှိဆုံး အဆီအမျိုးအစား ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ဒီအဆီဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်မှန်း သတိမထားမိတတ်ကြလို့ ပိုပြီးစိုးရိမ်ရပါတယ်။
…
…
ဝမ်းဗိုက်အဆီ ဘယ်လောက်ရှိရင် များလွန်းတယ်လို့ သတ်မှတ်မလဲ။
ကိုယ်အလေးချိန်ဆိုတာဟာ အသက်အရွယ်၊ စားသုံးတဲ့ ကယ်လိုရီပမာဏနဲ့ နေ့စဉ်လှုပ်ရှားမှုမှာ ဘယ်လောက်ပြန်ပြီး လောင်ကျွမ်းသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အစားပိုစားပြီး လှုပ်ရှားမှုနည်းတာက ဝမ်းဗိုက်အဆီအပါအဝင် အဆီပိုတွေကို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်း၊ မျိုးရိုးဗီဇနဲ့ သောက်နေရတဲ့ ဆေးဝါးတွေကလည်း ကိုယ်အလေးချိန်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ကြွက်သားထုတွေဟာ လျော့နည်းလာပြီး အဆီတွေက ပိုများလာတတ်ပါတယ်။ ကြွက်သားထုလျော့နည်းသွားတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီလောင်ကျွမ်းတဲ့နှုန်းလည်း ကျသွားလို့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ ပိုခက်ခဲလာပါတော့တယ်။
“ ၂၀၂၀-၂၀၂၅ အမေရိကန် အစားအသောက် လမ်းညွှန်ချက်” အရ အသက် ၅၀ အရွယ် အမျိုးသားတွေဟာ ကြွက်သားဆုံးရှုံးမှုကြောင့် အသက် ၃၀ အရွယ်တုန်းကထက် တစ်နေ့ကို ကယ်လိုရီ ၂၀၀ လောက် လျှော့စားဖို့ လိုအပ်ပါတယ်။ အမျိုးသမီးအများစုကလည်း အသက်ကြီးလာတဲ့အခါ ကိုယ်အလေးချိန်မတက်ရင်တောင် ဝမ်းဗိုက်အဆီ ပိုများလာတာကို သတိထားမိကြပါတယ်။ ဒါဟာ အီစထရိုဂျင် (Estrogen) ဟော်မုန်း လျော့နည်းလာတာနဲ့ ဆက်စပ်နေပါတယ်။ ဘာလို့လဲဆိုတော့ လိင်ဟော်မုန်းတွေက အဆီတွေကို ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ သိုလှောင်မလဲဆိုတာကို ထိန်းချုပ်ပေးလို့ပါပဲ။
…
…
အဲဒီတော့ ကိုယ်အလေးချိန်က ကျန်းမာတဲ့အဆင့်မှာ ရှိလား၊ ဝနေလား ဒါမှမဟုတ် အဝလွန်နေလားဆိုတာကို သိဖို့ ကိုယ်အလေးချိန်နဲ့ အရပ်ကို နှိုင်းယှဉ်တွက်ချက်ရပါတယ်။
အလွယ်ဆုံးနည်းလမ်းကတော့ ကိုယ်ခန္ဓာထုထည်ညွှန်းကိန်း (BMI – Body mass index) ကို တွက်ချက်တာပါ။ BMI ဟာ အဆီထုကို တိတိကျကျ မတိုင်းတာနိုင်ပေမယ့် အခြေခံစစ်ဆေးမှုတစ်ခုအနေနဲ့ အသုံးဝင်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ထိပ်တန်းအားကစားသမားတွေအတွက်တော့ BMI က အမြဲတမ်း တိကျမှုမရှိနိုင်ပါဘူး။ BMI ကောင်းနေတဲ့သူတွေမှာတောင် ဝမ်းဗိုက်အဆီ (Visceral fat) များနေရင် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာ၊ သွေးတိုးတာ၊ “ ကိုလက်စထရော” ပမာဏ မကောင်းတာ၊ အသည်းအဆီဖုံးတာနဲ့ ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေက နှလုံးရောဂါ၊ အသည်းရောဂါ၊ ဆီးချိုနဲ့ ကင်ဆာရောဂါတွေကို ဖြစ်စေပြီး အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို မြင့်တက်စေပါတယ်။
သုတေသနအသစ်တွေအရ ဝမ်းဗိုက်အဆီ များတဲ့သူတွေဟာ COVID-19 ကူးစက်ခံရရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်တယ်လို့ သိရပါတယ်။ သူ့ရဲ့ဆန့်ကျင်ဘက်အနေနဲ့ တင်ပါး၊ ပေါင်နဲ့ တင်ပါးဆုံတွေမှာရှိတဲ့ အရေပြားအောက်က အဆီတွေကတော့ BMI အရ အဝလွန်တဲ့အဆင့်မှာ ရှိနေရင်တောင် ဝမ်းဗိုက်အဆီလောက် အန္တရာယ်မကြီးလှပါဘူး။
…
…
ဝမ်းဗိုက်အဆီ များနေပြီလားဆိုတာကို ဘယ်လိုသိနိုင်မလဲ။
” ခါးအတိုင်းအတာ” နဲ့ “ ခါးနဲ့တင်ပါး” အချိုးအစား နှစ်ခုလုံးဟာ ဝမ်းဗိုက်ထဲက အဆီတွေ ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာတဲ့ ကိုယ်ခန္ဓာတိုင်းတာမှုဆိုင်ရာညွှန်းကိန်းတွေပဲ ဖြစ်ပါတယ်။ ခါးနဲ့ တင်ပါးကို တိုင်းတာရတာဟာ လွယ်တယ်လို့ ထင်ရပေမယ့် တိုင်းတဲ့နေရာ အနိမ့်အမြင့်၊ မတ်တပ်ရပ်တဲ့ပုံစံ ဒါမှမဟုတ် အသက်ရှူသွင်းရှူထုတ်လုပ်နေတဲ့ အခြေအနေတွေကြောင့် ရလဒ်တွေက ကွဲပြားသွားနိုင်ပါတယ်။
ခါးအတိုင်းအတာကို တိုင်းကြည့်တာက ဝမ်းဗိုက်အဆီကို စစ်ဆေးဖို့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ မတ်တပ်ရပ်ပြီး ခါးပတ်ပတ်လည်ကို ပေကြိုးနဲ့ တိုင်းကြည့်ပါ။ ပေကြိုးကို အရေပြားထဲ နစ်ဝင်သွားအောင် မတင်းစေဘဲ အနေတော်လေး တိုင်းရပါမယ်။ ပေကြိုးက ခါးတစ်ပတ်လုံး ညီညီညာညာ ရှိနေဖို့လည်း လိုပါတယ်။ အာရှတိုက်သား လူအများစုအတွက်ဆိုရင်တော့ အမျိုးသားတွေမှာ ခါးအတိုင်းအတာက ၉၀ စင်တီမီတာ (၃၅ လက်မ) နဲ့ အထက်၊ အမျိုးသမီးတွေမှာ ၈၀ စင်တီမီတာ (၃၁.၅ လက်မ) နဲ့ အထက် ရှိနေမယ်ဆိုရင် ဝမ်းဗိုက်အဆီစုတဲ့ အဝလွန်ရောဂါလို့ သတ်မှတ်ပါတယ်။ ခါးနဲ့တင်ပါး အချိုးအစားမှာလည်း အမျိုးသားတွေအတွက် ၀.၉၀ နဲ့ အထက်၊ အမျိုးသမီးတွေအတွက် ၀.၈၅ နဲ့ အထက် ရှိနေရင် ဝမ်းဗိုက်အဆီစုပြီး အဝလွန်နေတာကို ပြသနေတာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့်တော့ ခါးအတိုင်းအတာ ပိုကြီးလာလေလေ ဒါမှမဟုတ် ခါးနဲ့တင်ပါး အချိုးအစား ပိုများလာလေလေ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေက ပိုများလာလေလေပါပဲ။
…
…
ဝမ်းဗိုက်အဆီကို ဘယ်လိုချမလဲ။
အဆီပိုတွေကို လျော့ကျစေဖို့အတွက် အစားအသောက်ဆင်ခြင်တာက အခြေခံပါပဲ။
အစားအသောက်ပမာဏကို ထိန်းညှိရပါမယ်။ ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံ၊ သစ်သီးဝလံနဲ့ အစေ့အဆန်တွေလို အပင်ထွက် အစားအစာတွေကို ပိုစားပေးပြီး အသားဓာတ်ကိုလည်း မျှတအောင် စားရပါမယ်။ အချိုရည်တွေနဲ့ အရက်သေစာတွေကိုတော့ လုံးဝ ရှောင်ကြဉ်တာ ဒါမှမဟုတ် အကန့်အသတ်နဲ့ သောက်တာမျိုးကို လုပ်ရပါမယ်။
ထပ်ပြီးပြောပြရရင် လေ့ကျင့်ခန်း လုပ်တာက ဝမ်းဗိုက်အဆီလျော့ကျစေဖို့နဲ့ ကျန်းမာရေး အန္တရာယ်တွေကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းပါ။
လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကို တိုက်ရိုက်မကျစေရင်တောင် ကျန်းမာတဲ့ အစားအသောက်နဲ့ တွဲလုပ်မယ်ဆိုရင် ကြွက်သားထုကို တိုးစေပြီး ဝမ်းဗိုက်အဆီတွေကို သိသိသာသာ လောင်ကျွမ်းစေပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ကနေ ၆၀ အထိ “ အနေတော်” လေ့ကျင့်ခန်းမျိုးကို ပုံမှန် လုပ်ပေးပါ။ လမ်းလျှောက်တာ၊ ရေကူးတာလိုမျိုး နှလုံးအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေနဲ့ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို တွဲလုပ်တာက အကောင်းဆုံးရလဒ်ကို ရစေမှာ ဖြစ်ပါတယ်။ တကယ်တော့ အဆီရဲ့ပမာဏထက် အဆီရှိနေတဲ့နေရာက ပိုအရေးကြီးပါတယ်နော်။
…
…
အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ဝမ်းဗိုက်အဆီဟာ ရိုးရိုးအဆီမဟုတ်ဘဲ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးနေတဲ့ “ တိတ်တဆိတ် လူသတ်သမား” တစ်ဦးလို ဖြစ်နေတာကြောင့် ဒီအန္တရာယ်ရှိတဲ့ အဆီတွေကို ထိရောက်စွာ ဖယ်ရှားပြီး ကျန်းမာစွာနေထိုင်ကြဖို့ အကြံပြုရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်…။
ဒေါက်ပီ (တယ်လီကျန်းမာ)
Reference:
https: // mcpress . mayoclinic . org /healthy -aging / the- truth- about- belly- fat/
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.



