‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။

‎ဥပမာ – ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့ လက်ခံရတာဟာ သိပ်မခက်ခဲလှပါဘူး။

‎ဒါပေမယ့် တချို့သော ပြောင်းလဲမှုတွေကတော့ ကျွန်မတို့ကို နာကျင်စေပါတယ်။ မမျှော်လင့်ဘဲ ရုတ်တရက်ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေက စိတ်ကို လှုပ်ခတ်သွားစေတတ်ပါတယ်။

🤕 ချစ်ရသူနဲ့ ခွဲခွာရခြင်း
‎🤕 အလုပ်အကိုင် ဆုံးရှုံးခြင်း
‎🤕 ကျန်းမာရေး ချို့ယွင်းလာခြင်းစတဲ့ အခြေအနေမျိုးတွေပေါ့။

‎ဒါကြောင့်လည်း ဘဝဆိုတာဟာ “ စီးဆင်းနေတဲ့ မြစ်လိုပဲ” လို့ တင်စားကြတာဖြစ်ပါလိမ့်မယ်။ တစ်နေရာတည်းမှာ ရပ်တန့်မနေဘဲ အမြဲတမ်း စီးဆင်းပြောင်းလဲနေတတ်တာ မဟုတ်လား။
‎…
‎…

‎တကယ်တော့ ကျွန်မတို့ပတ်ဝန်းကျင်မှာ ရှိသမျှ အရာအားလုံးဟာ ပြောင်းလဲနေတာပါ။ ရာသီဥတုတွေဟာ အလှည့်ကျ ပြောင်းလဲသလို လူတွေဟာလည်း ပြောင်းလဲတတ်ကြပါတယ်။ အမူအကျင့်တွေ ပြောင်းလဲတတ်သလို ရုပ်ဆင်းသွင်ပြင်တွေလည်း ပြောင်းလဲနေတာပါပဲ။

‎ငယ်သူငယ်ချင်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ်စီလမ်းကြောင်းတွေနဲ့ ကွဲပြားသွားကြသလို စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကလည်း ပြောင်းလဲသွားတတ်ကြပါတယ်။ ‎ကိုယ်တိုင်လည်း အရင်ကကြိုက်ခဲ့တာကို အခုမကြိုက်တော့တာမျိုး၊ အရင်က ဝါသနာပါတာကို အခုစိတ်မဝင်စားတော့တာမျိုးက လူတိုင်းမှာ ဖြစ်လေ့ရှိတဲ့ သဘာဝပါ။

‎ဒီတော့ ပြောင်းလဲခြင်းတွေကို လက်ခံတတ်ဖို့ဆိုတာဟာ သတ္တိလိုပါတယ်။ တစ်ခါတလေမှာ တစ်ဖက်လူ ပြောင်းလဲသွားတာကို ကျွန်မတို့က အံ့ဩမိတတ်ကြသလို စိတ်ထဲမှာ မနှစ်မြို့တတ်ကြပါဘူး။ “ အရင်က ဒီလိုမဟုတ်ပါဘူး” ဆိုတဲ့ အတွေးနဲ့ နာကျင်တတ်ကြတယ်မဟုတ်လား။ အထူးသဖြင့် Relationship (သမီးရည်းစားဆက်ဆံရေး) တွေမှာပေါ့။

‎ဒါကို ကျော်လွှားဖို့ဆိုရင် တစ်နည်းအားဖြင့် Move on နိုင်ဖို့ဆိုရင် ဒီပြောင်းလဲခြင်းတွေကို အရင်ဆုံး လက်ခံပေးဖို့ လိုအပ်ပါတယ်။

‎တချို့အရာတွေဟာ ကျွန်မတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေပါဘူး။ အခြားသူရဲ့ ဆုံးဖြတ်ချက်၊ သဘာဝဘေးအန္တရာယ်နဲ့ လူမှုရေးအခြေအနေတွေကို လိုက်ပြီးပြောင်းလဲတတ်တာမို့ ဒါတွေကို အားမလိုအားမရနဲ့ အပြစ်တင်နေမယ့်အစား ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မိမိရဲ့စိတ်ကလေးကိုပဲ အရင်ဆုံး ပြန်ကြည့်ပေးပါ။
‎…
‎…

‎တကယ်‌တော့ ဘယ်လိုပြောင်းလဲခြင်းမျိုးပဲ ဖြစ်ဖြစ် နောက်ဆုံးမှာ ကျွန်မတို့ဟာ လက်ခံဖို့ကြိုးစားရင်းနဲ့ပဲ ခံနိုင်ရည်ကို မွေးကြရတာ မဟုတ်လား။

‎🤕 ဝမ်းနည်းရင် ဝမ်းနည်းခွင့်ပေးလိုက်ပါ။
‎🤕 နာကျင်ရင်လည်း နာကျင်ခွင့်ပေးလိုက်ပါ။

ဒါပေမယ့် ဒါတွေဟာ ခဏတာ (ယာယီ) သာ ဖြစ်တယ်ဆိုတာကို သတိရပါ။ ခံစားချက်တွေကလည်း အချိန်တန်ရင် ပြောင်းလဲသွားမှာပါနော်။

‎ဝမ်းနည်းစရာတွေကို သိပ်ကြာကြာ မဖြတ်သန်းရသလို ပျော်ရွှင်စရာတွေကြုံရင်လည်း တစ်ချိန်မှာ ကုန်ဆုံးသွားမှာပါ။ အရာအားလုံးဟာ ခဏတာမို့ ဒီအမှန်တရားကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်ထားရင် ပြောင်းလဲခြင်းတွေကို ပေါ့ပေါ့ပါးပါးနဲ့ လှပစွာ လက်ခံနိုင်လာပါလိမ့်မယ်။

‎ဒီလိုမျိုး အတက်အကျတွေများလွန်းတဲ့ ဘဝကြီးမှာ ပြောင်းလဲခြင်းတွေကို လက်ခံနိုင်လာတဲ့အခါ ကျွန်မတို့ဟာ ပစ္စုပ္ပန်မှာ ပိုပြီးငြိမ်းချမ်းစွာ တည်ရှိနေနိုင်မှာ ဖြစ်ပါတယ်…။

‎သင်၏စိတ်ကလေး ကျန်းမာစေဖို့
‎ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here