‎အခုတလော ဆေးခန်းတွေမှာ ပိန်ဖို့အတွက် ဆေးထိုးပေးတယ်ဆိုပြီး ခေတ်စားလာပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဒီဆောင်းပါးလေးမှာ ရှင်းပြပါရစေနော်။

‎အထူးကုတွေ၊ သမားတော်တွေလည်း ခုနောက်ပိုင်းမှာ ညွှန်ကြားလာကြတဲ့အတွက် အဲဒီဆေးအုပ်စုအကြောင်းကို အရင်ဆုံးပြောပြပါရစေ။

‎Google ခေါက်ရှာချင်ရင်တော့ GLP-1 agonist အုပ်စုဆိုပြီး ရှာကြည့်နိုင်ပါတယ်။

ဒီအုပ်စုမှာ

‎- တစ်ရက်တစ်ခါ ထိုးရတဲ့ Liraglutide (Victoza/Saxenda)
‎- တစ်ပတ်တစ်ခါ ထိုးရတဲ့ Semaglutide (Wegovy/Ozempic), Tirzepatide (Mounjaro/Zepbound)
‎- တစ်ပတ်တစ်ခါ အစာမစားခင် နာရီဝက်အလိုမှာ သောက်ရတဲ့ Semaglutide (Rysbelsus) ဆိုတဲ့ဆေးတွေ ပါဝင်ပါတယ်။

‎လက်ရှိပြုလုပ်ထားတဲ့ သုတေသနအရတော့ တစ်ပတ်တစ်ခါ ထိုးရတဲ့ Tirzepatide (Mounjaro/Zepbound) က ဝိတ်ကို ၂၀ ရာခိုင်နှုန်းလောက်ထိ ချပေးပါသတဲ့။

‎ဒီဆေးတွေဟာ ဘာလို့  အဝလွန်ကုသမှုမှာ ရှေ့ပြေးလာလဲဆိုတော့ သူ့ရဲ့ ဝိတ်ကျ‌စေတဲ့နှုန်းက သိသာတယ်၊ များတယ်၊ မြန်တယ်လို့ ပြောလို့ရပါတယ်။ အရင်ကဆိုရင် သောက်ဆေးတွေ၊ ထိုးဆေးတွေဟာ ဝိတ်ချတဲ့နေရာမှာ ထိရောက်မှုနည်းတယ်၊ ဝိတ်ကျနည်းတယ်ပေါ့လေ။ ပြီးတော့ ဘေးထွက်ဆိုးကျိုးကျ များတယ်။ ထိရောက်တဲ့ဆေးဆိုတာ လက်ချိုးရေလို့ရပါတယ်။
‎…
‎…

‎အဝလွန်ခြင်းမှာ ထိရောက်တဲ့ ကုထုံးတစ်ခုကတော့ အစာအိမ်ကိုဖြတ်ထုတ်ခြင်းဆိုတဲ့ ကုထုံးပါ။

‎ဒီကုထုံးမှာ အစာအိမ်က သေးသွားမှာဖြစ်တဲ့အတွက် အစားနည်းနည်းပဲ စားနိုင်တော့တာတွေ၊ အစားအစာပုံစံကို အထူးပြုရတာမျိုးတွေ ရှိတဲ့အပြင် ခွဲစိတ်ရတာ ဒါမှမဟုတ် မှန်ပြောင်းထည့်ရတာမို့ ထုံဆေး၊ မေ့ဆေးတွေရဲ့ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ထည့်တွက်ရပါမယ်။ Stress ဖြစ်ရမယ်ပေါ့နော်။

အ‎ခုဆောင်းပါးရဲ့ အပေါ်ဘက်မှာဖော်ပြခဲ့တဲ့ ဆေးအုပ်စုရဲ့ ဝိတ်ကျနိုင်စွမ်းကတော့ အစာအိမ်ဖြတ်ထုတ်တဲ့ ကုထုံးနီးနီး မမီပေမယ့် သူနဲ့ သိပ်မကွာတော့ပါ။ ဝိတ်ကို ချပေးနိုင်ပါတယ်။

‎ကောင်းတဲ့အချက်ကတော့ အစာစားချင်စိတ် အဲဒီလောက် ဖြစ်မနေတော့ဘူး။ ဗိုက်ပြည့်လွယ်လာတယ်။ စားရင်လည်း ပျော်ရွှင်မှုဖြစ်တာလိုမျိုး ဟော်မုန်းပြောင်းလဲမှုတွေ သိပ်မဖြစ်လို့ အစားအစာဟာ စိတ်ပင်ပန်းမှု (Stress) လျော့စရာအဖြစ် ဆုလာဘ်အဖြစ် အသုံးချစရာမျိုး သိပ်မရှိတော့ပါဘူး။

‎အဲဒါ‌တွေအပြင် အသည်းအဆီဖုံးတာလိုမျိုး ကိုယ်တွင်းကလီစာတွေမှာဖြစ်တဲ့ မူမမှန်တဲ့ အဆီသိမ်းတာတွေကို ကုသပေးပါတယ်။ ဆီးချိုရောဂါမှာလည်း အသုံးဝင်တယ်။ ဒီတော့ အဝလွန်တဲ့ ရောဂါအပြင် အခြားအခြေအနေ တစ်ခုခုနဲ့ တွဲနေပြီဆိုရင် ဆရာဝန်က စမ်းစစ်ပြီးတဲ့နောက် ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (BMI) 30 ကျော်ရင် ပေးလို့ရပါပြီ။
‎.

‎ဆိုးကျိုးကတော့ အစားပျက်တာ၊ ဗိုက်ကယ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ/မမှန်တာ စတာမျိုးလောက်ပဲ ဖြစ်နိုင်ပြီး စိုးရိမ်ရတဲ့ဆိုးကျိုးက ကောင်းကျိုးနဲ့ယှဉ်ရင် အတော်လေးနည်းပါတယ်။
‎…
‎…

‎ကဲ… ဒါဆို ဒီဆောင်းပါးက “ အဝလွန်ခြင်းအတွက် ဆေးထိုးတာ၊ ဆေးသောက်တာဟာ ကောင်းတယ်ဆိုပြီး ခေတ်စားနေတဲ့ trend ကိုထောက်ခံတာလား” ဆိုရင်တော့ အခြေအနေပေါ် မူတည်တယ်လို့ပဲ ပြန်ဖြေချင်ပါတယ်။

‎ဆရာမတို့ဆီကို လူနာတစ်ယောက်လာပြီဆိုပါစို့ …။ အဝလွန်/မလွန် ဆန်းစစ်မယ်။

‎ခါးအရွယ်အစားကို တိုင်းကြည့်ပြီး အမျိုးသားမှာ ၉၀ စင်တီမီတာကျော်ရင်၊ အမျိုးသမီးမှာ ၈၅ စင်တီကျော်ရင် စိုးရိမ်ရေမှတ်ရောက်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။

‎နောက်ထပ် ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (BMI) လည်း တွက်လို့ရတာပေါ့နော်။ အာရှသားတွေအနေနဲ့ လူကောင်သေးတော့ BMI ၂၅ ကျော်ရင်ကို ဝိတ်များနေပါပြီ။ တကယ်က BMI ၂၃ ကျော်ကျော်ဆိုရင်ကို စိုးရိမ်မှတ် စရောက်နေပါပြီ။ BMI 30 ကျော်ရင်တော့ အဝလွန်ရောဂါ ဖြစ်နေပါပြီနော်။
‎.

‎အိုခေ…။ အဝလွန်နေပြီလို့ သတ်မှတ်လိုက်ရင်တော့ ပထမဆုံး လုပ်ရမှာက အဝလွန်ရောဂါကို လူနာအနေနဲ့ သိရှိနားလည် လက်ခံနိုင်ဖို့ ဆွေးနွေးရပါမယ်။ ဖြစ်လာနိုင်တဲ့ အခြေအနေတွေနဲ့ အကျိုးဆက်တွေကိုပါ သေချာသိရှိသွားတဲ့အထိ ဆွေးနွေးကြည့်ရမှာပါ။

‎- နံပါတ်တစ်အနေနဲ့ လုပ်ပေးမှာကတော့ သူ့ရဲ့စိတ်နဲ့ လူနေမှုဘဝအခြေအနေတွေကို ဆွေးနွေးတိုင်ပင်ရမှာပါ။

‎- နံပါတ်နှစ်မှာတော့ သူ့အနေနဲ့ လုပ်ဖို့ဖြစ်နိုင်လောက်မယ့် လူနေမှုစနစ်ကို ပြုပြင်ပေးရပါမယ်။ ဝိတ်ချဖို့ဆိုရင် ကယ်လိုရီက အသက်ပါပဲ။ ကယ်လိုရီ အဝင်နည်းပြီး အထွက်များအောင် အကြံဉာဏ်ပေးရပါမယ်။ အစားအသောက်လည်း ပြင်ဆင်ချင့်ချိန်ဖို့ပါသလို လေ့ကျင့်ခန်း၊ လှုပ်ရှားမှုစတာတွေလည်း အကြံပေးရပါမယ်။ ဒါတွေအားလုံးက အချိန်ယူရပါတယ်။ ဥပမာ- တစ်ပတ်တစ်ခါလောက် ဆွေးနွေးတိုင်ပင်တာမျ်ိုးလုပ်သင့်ပြီး လူနာဘက်က ကိုယ်‌ရှင်းပြ၊ ပြောပြသမျှကို နားလည်၊ လိုက်နာ၊ ဆောင်ရွက်နိုင်တဲ့အထိ သင့်တော်သလို တိုင်ပင်ကြရပါတယ်။

‎- နံပါတ်သုံးမှာတော့ ဆက်စပ်ရောဂါတွေရှိရင် သင့်တော်တဲ့ အထူးကုဆီလွှဲတာ၊ သမားတော်ဆီ လွှဲတာတွေကို လုပ်ရမှာပါ။ လိုအပ်တဲ့ဆေးတွေကို ညွှန်ကြားပေးဖို့၊ ချိန်ညှိပေးဖို့ပေါ့။


‎- နံပါတ်လေးအနေနဲ့ အထူးကုဆရာဝန်တွေက “ ဒီလူနာနဲ့ ထိုက်သင့်သလောက် ကနဦး တိုင်ပင်မှုတွေလုပ်ပြီးပါပြီ။ အဝလွန်ခြင်းအတွက် ထိုးဆေး၊ သောက်ဆေးတွေပေးဖို့ သင့်တော်ပါတယ်” လို့ ဆုံးဖြတ်ရင်တော့ ဆေးကို စပေးဖြစ်ပါမယ်။
‎.

‎ဆိုလိုချင်တာက အဝလွန်ခြင်းဖြစ်တာနဲ့ ဆေးတန်းမထိုးပါဘူး။ ပဲကြီးလှော်ဝယ်သလို ဆေးဆိုင်က သောက်ဆေးဝယ်သောက်လို့လည်း မရပါဘူး။ မိမိရဲ့ သိရှိနားလည်မှု၊ ကျန်းမာရေးကို ဂရုစိုက်မှု၊ မိမိကိုယ်ကိုယ် ချစ်ခင်မှုဆိုတဲ့ တန်ဖိုးအခံတွေရှိပြီးကာမှ အဝလွန်ခြင်းကုသမှုဟာ အောင်မြင်နိုင်ပါတယ်။

‎ဆေးခန်းမှာဆေးထိုးတာ ခေတ်စားလို့ ကိုယ်ကလည်း အထိုးခံတယ်၊ ဆရာဝန်ကလည်း ထိုးပေးတာပဲလေနော်ဆိုပြီး အဆင့်တန်းကျော်တာကိုတော့ အားမပေးပါဘူး။ ဆေးက ထိုးလို့ရလားဆိုရင် ရပါတယ်။ ဒါပေမယ့် အခုဝိတ်ကျတယ်ဆိုတဲ့ သုတေသန လေ့လာချက်တွေက တစ်နှစ်၊ နှစ်နှစ် ဆေးထိုးပြီး (ဆေးသောက်ပြီး) ရလာတဲ့ ရလဒ်တွေပါ။ ဖြတ်ပြီးတစ်နှစ်အတွင်း ကျသွားတဲ့ ကိုယ်အလေးချိန်ရဲ့ သုံးပုံနှစ်ပုံ (၂/၃) က ပြန်တက်လာတာကို တွေ့ရပါတယ်။
‎.

‎ဒီတော့ ဒီဆေးတွေကို မိမိအနေနဲ့ ရေရှည် ထိုးနိုင်လားဆိုတာကို သေချာစဉ်းစားစေချင်ပါတယ်။ ဆေးထိုးတော့ အစားရှောင်စရာမလိုဘူး၊ စားချင်တာ စားလို့ရပြီဆိုပြီး တွေးမိနေမယ်ဆိုရင် အဲဒီစိတ်သဘောထားကို အရင်ဆုံးပြင်ဆင်ဖို့ လိုပါမယ်။ ဆေးထိုးရင် စားချင်စိတ်နည်းပြီး သိပ်မစားဖြစ်တော့ဘူး။ ဒီတော့ ဝိတ်ကျနိုင်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကိုယ်ချစ်ရင် ကျန်းမာရေးလိုက်စားတာ၊ အသီးအရွက်ပိုစားတာ၊ တိရစ္ဆာန်အဆီတွေ လျှော့တာလိုမျိုး ဆင်ခြင်သတိထားတာ၊ အသိသတိယှဉ်တာတော့ လုပ်ကိုလုပ်ရပါမယ်။

‎တကယ်လို့ ဆေးပေးအပြီး ၃ လအတွင်း မထူးခြားရင်တော့ ဆေးကို မတုံ့ပြန်သူအနေနဲ့သတ်မှတ်ပြီး ဆက်မပေးတော့ဘဲ ဖြတ်သင့်ပါတယ်။
‎.

‎ရေရှည်မှာ မိမိရဲ့ လိုချင်တဲ့ဝိတ်ကို ရောက်သွားပြီမို့ ဆေးကိုဖြတ်လိုက်မယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်လဲ… 🤔

‎ဆေးဖြတ်လိုက်ပီး ဆေးရဲ့အရှိန်တွေ ကိုယ်ထဲက ကုန်သွားရင်တော့ ဗိုက်ပြည့်လွယ်တာမျိုးက မဖြစ်နိုင်တော့ပါဘူး။ အစာစားဖို့ အာသီသရှိတာတွေဟာ ပြန်ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး မိမိကိုယ်တိုင်က  ကယ်လိုရီကို လိုတာထက် ပိုစားမိတယ်ဆိုရင်တော့ အရင်လို ဝိတ်ပြန်တက်လာနိုင်ပါတယ်။
‎.

‎ဒါဖြင့်ရင် ဖြတ်ရင် ဝိတ်ပိုတက်တာလားလို့ မေးစရာရှိပါတယ်။

‎ဒီလိုဆိုလိုတာ မဟုတ်ပါဘူး။ မိမိရဲ့ ဆင်ခြင်အသိသတိနဲ့ ယှဉ်နိုင်မယ်ဆိုရင်တော့ ဆေးကိုဖြတ်လိုက်‌ပေမယ့်လည်း ဝိတ်မတက်အောင် ဆက်ထိန်းလို့ရပါတယ်။ ဆေးဖြတ်ဖို့နဲ့ မဖြတ်ခင် သိထားရမှာတွေကတော့ ကုသပေးနေတဲ့ဆရာဝန်နဲ့ပဲ ဆက်တိုင်ပင်ရမှာပါ။ ဆေးဖြတ်ခါနီးမှာလည်း လူနေမှုပုံစံ (lifestyle) က အိုကေလား၊ ခံယူချက်စိတ်သ‌ဘောထား (mindset) က အိုကေလားဆိုတာကို ဆန်းစစ်သင့်ပါတယ်။
‎…
‎…

‎ဆိုတော့ လိုအပ်လာရင် အဝလွန်တာအတွက် ဆေးထိုး/ဆေးသောက်လို့ ရပါတယ်။ ကုသမှုကိုလည်း ဆရာဝန်က ချိန်ညှိပေးပြီး အိုကေရင်/ လိုအပ်ရင်ဖြစ်ဖြစ်၊ မထူးရင်ဖြစ်ဖြစ် ဖြတ်တောက်လို့ရပါတယ်။ ဒါကြောင့် ကုသမှုခံယူဖို့ မကြောက်ပါနဲ့လို့ ပြောချင်သလို တအားလည်း စိတ်မစောပါနဲ့လို့ မှာချင်ပါတယ်။
‎…
‎…

‎‌ထပ်ပြီးပြောပြချင်တာကတော့ “ ဝခြင်းဟာ အခြေအနေတစ်ရပ် မဟုတ်တော့ဘဲ ကုသမှုယူရမယ့် ရောဂါတစ်ရပ်လို့ အမြင်ပြောင်းကြည့်ပါ” တဲ့။

‎ပတ်ဝန်းကျင်ကသူတွေလည်း အသက်ကြီးလာရင် ဗိုက်ရွှဲလာတာကို ပုံမှန်နီးပါးမြင်နေရတော့ ဒါက ခေတ်ကာလအရ ဖြစ်လာတာပဲလို့ မြင်မိတတ်ကြပါတယ်။ အားလုံးလည်း ဝလာနေကြတယ်။ ကိုယ်လည်း ဘာဆန်းလဲဆို‌ပြီး တွေးမိတတ်ကြပါလိမ့်မယ်။

‎ဒါပေမယ့် အဝလွန်ခြင်းနဲ့ ဆက်စပ်တဲ့ အခြားရောဂါတွေဆိုတာလည်း အများသားလား။ ဆီးချို၊ သွေးတိုး၊ အသည်းအဆီဖုံး၊ နှလုံးသွေးကြောကျဉ်း၊ အိပ်ဟောက်ပိတ်ရောဂါ စတာတွေအပြင် ကင်ဆာဆိုပြီး မနည်းမနောပါပဲ။ ဒီတော့ “ နောက်ကွယ်က လက်မည်းကြီးဖြစ်တဲ့ အဝလွန်ခြင်းကိုသာ ကုသနိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်” တဲ့။

‎တစ်ကိုယ်ရေစာအမြင်အနေနဲ့ ပြောရရင် ‎မိမိသာ အဝလွန်ဖြစ်နေတယ်၊ ဒီဆေးသုံးဖို့ ကိုက်ညီတဲ့အုပ်စုထဲဝင်တယ်ဆိုရင်တော့ တစ်လတစ်လ ကုန်မယ့်ပိုက်ဆံ (ဘတ်ဂျက်) ကို နှစ်ရှည်တတ်နိုင်ပါ့မလားဆိုတာကို ချိန်ဆပါမယ် ‌(ဆေးက ဈေးကြီးလို့ပါ)။ သုတေသနက လတ်တလောပြုလုပ်ထားတာ ဖြစ်နေသေးတာရော၊ တလရ ကာလမှာ ဆေးကရှား၊ ဈေးကကြီးနေတာရောမို့ လူနေမှုပုံစံ (lifestyle) ပြင်ရင်း စောင့်ကြည့်ချင်ပါတယ်။ ဆေးက တော်တော်လေးစိတ်ချရတဲ့အခြေအနေဖြစ်ပြီ၊ စျေးပေါလာပြီဆိုရင်တော့ နောက်နှစ်အနည်းငယ်မှာ သောက်ဖြစ်ရင်လည်း သောက်ဖြစ်ပါမယ်။
‎…
‎…

‎နိဂုံးချုပ်အ‌နေနဲ့ အဝလွန်ရောဂါ ဖြစ်နေပြီဆိုတာကို ကျွန်မတို့အနေနဲ့ သိရှိမိဖို့၊ လက်ခံနိုင်ဖို့ မလွယ်ပါဘူး။ အပေါ်မှာပြောသလိုပဲ မြင်ပါများတော့ သမားရိုးကျဖြစ်နေပါပြီ။ ဒါပေမယ့် ဒီနှစ် ၂၀၂၆ ခုနှစ်မှာတော့ စပြီး ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။ မိမိဘာသာ ပိန်အောင်လုပ်မယ်၊ ဝိတ်ချမယ်ဆိုတာထက် တယ်လီကျန်းမာမှာ လာဆွေးနွေးလို့ တိုင်ပင်လို့ ရပါတယ်နော်။ ဘာဆေး၊ ညာဆေးတွေ တစ်သက်လုံး ထိုးရ၊ သောက်ရတော့မှာထက် အဝလွန်ရောဂါကို တစ်ဆင့်ပြီးတစ်ဆင့် တူတူ တိုက်ထုတ်ကြရအောင်ပါလား…။


အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

မှတ်ချက်။ ‎အထက်ပါ အကြောင်းအရာများသည် WHO က ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသော အဝလွန်ခြင်းအတွက် ကုထုံးအသစ်ဖြစ်သည့် ထိုးဆေးအသစ်/GLP1-agonist အုပ်စု အသုံးပြုရန်် ညွှန်ကြားချက်နှင့် KSSO (the Korean Society for the Study of Obesity) က ၂၀၂၄ တွင် ထုတ်ပြန်ထားသော အဝလွန်ခြင်းအတွက် ဆေးဝါးဖြင့်ကုသခြင်း ညွှန်ကြားချက်ကို မှီငြမ်းလေ့လာ တင်ပြခြင်းဖြစ်ပါသည်။

‎Ref: 📖
https:// doi . org / 10.7570 / jomes25042
‎WHO guideline on the use of glucagon-like peptide-1 (GLP-1) therapies for the treatment of obesity in adults – World Health Organization (WHO)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here