Women of Child Bearing Age (WCBA)
ကိုယ်ဝန်ရနိုင်သော အရွယ်ရှိ အမျိုးသမီးများ၊ အသက် ၁၅ – ၄၅ နှစ်ကြား အမျိုးသမီးများပေါ့ဗျာ။
အဲဒီအရွယ် အမျိုးသမီးတွေ ရောဂါဝေဒနာ တစ်ခုခုနဲ့ ဆေးရုံရောက်လာခဲ့ရင် ကျွန်တော်ငယ်ငယ် ဆေးရုံ လက်ထောက်ဆရာဝန်ဖြစ်ခါစက အတော်ဒုက္ခရောက်သဗျ။
သူတို့ကို ဘယ်လူနာဆောင်ကို တင်ပေးရမလဲ စဉ်းစားရတာ သုံးခုဖြစ်သွားတယ်လေ။ ဖျားနာကုသဆောင်လား၊ ခွဲစိတ်ကုသဆောင်လား၊ သားဖွား မီးယပ်ကုသဆောင်ကိုလား။
၁၂ နှစ်အောက်ဆိုရင် ဘာမှ စဉ်းစားစရာမလိုဘူး။ ကလေးကုသဆောင်ကို တင်ပေးလိုက်။ ကိုယ့်တာဝန်ကျေ။ အေးဆေးပဲ။ ၁၀၀ % မှန်တယ်။
၁၂ နှစ်အထက် ယောက်ျားလေးဆိုရင်လည်း ဖျားနာလား၊ ခွဲစိတ်လား နှစ်ခုပဲစဉ်းစားစရာရှိ။ လွဲရင်တောင်မှ ၅၀% ပဲလေ။
၁၅ – ၄၅ အမျိုးသမီးများကြတော့ သုံးမျိုးဖြစ်နိုင်တော့ လွဲနိုင်ခြေ ၆၆ % ကျော်။ အထူးသဖြင့် အိမ်ထောင်မရှိပါဘူးပြောတဲ့ အရွယ်ကောင်း အမျိုးသမီးတွေဆိုရင် စဉ်းစားရ အတော်ခက်ပါတယ်ဗျ။ ရာသီမှန်လား မေးရတယ်။ နောက်ဆုံးရာသီလာတဲ့ရက် မေးရတယ်။
ကျွန်တော်တို့ ဓလေ့ထုံးစံ ယာဥ်ကျေးမှုအရ အိမ်ထောင်ရှိလား/မရှိဘူးလားဆိုပြီး သွယ်ဝိုက်မေးရတယ်။ ရှိတယ်ဆိုရင်တော့ ပြီးပြီပေါ့။ စဉ်းစားတဲ့အထဲမှာ ကိုယ်ဝန်နဲ့ ပတ်သက်နေမလား တစ်ခါထဲ ထည့်စဉ်းစားပြီလေ။ အူအတက်ရောင်လည်း ဗိုက်နာတာပဲ၊ နေရာလွဲ သန္ဓေတည်ရင်လည်း ဗိုက်နာတာပဲလေ။
အိမ်ထောင်မရှိ အပျိုပါဆိုတဲ့ အရွယ်ကောင်း အမျိုးသမီးဆိုရင် ခေါင်းကိုက်ရပြီဗျ။
ရည်းစားရှိသလား ထပ်မေးရတယ်။ ရည်းစားနဲ့က ရည်းစားလိုလား၊ အဲဒီထက်ပိုသလား ထပ်မေးရတယ်။ ကိုယ်ဝန်တားဆေး ဘာသုံးသလဲ မေးရတယ်။
အဲဒါတွေကျတော့ တချို့ဆရာဝန် အငယ်လေးတွေက မမေးရဲသလို၊ တချို့ အမျိုးသမီးတွေကလည်း အမှန်မဖြေကြဘူးဗျ။
အကြံပေးချင်တာကတော့ ဂျူနီယာဆရာဝန်တွေ ဒီလိုမေးခွန်းမျိုးတွေ မေးဖို့လိုအပ်လာပြီဆိုရင် လူနာက ဖွင့်ဟဝန်ခံဖို့ လုံခြုံသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ရယ်၊ လူနာများဘက်ကလည်း မှန်မှန်ကန်ကန် အရိုးသားဆုံး ဖြေပေးဖို့ရယ် တိုက်တွန်းလိုပါတယ်ဗျ။
ကျွန်တော့် အတွေ့အကြုံအရ အခုခေတ် အမျိုးသမီးငယ်လေးများကတော့ မေးရမြန်းရ အဆင်ပြေလာပါပြီ။ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးလိုက်ရင်လေ။ ကိုယ့်ဆရာတွေကိုပဲ သတိပေးချင်တာပါ။ မေးဖို့ တွန့်ဆုတ်မနေပါနဲ့လို့။
ကျွန်တော်တစ်ခါကြုံဖူးတယ်။ အိမ်ထောင်ရှိသလားဆိုတော့ မရှိဘူးတဲ့။ ရည်းစားရှိသလားဆိုတော့ ရှိတယ်တဲ့။ အဲဒါနဲ့ မသိချင်ယောင်ဆောင်ပြီး အဆင့်ကျော်ပြီး ဘာတားဆေးသုံးသလဲလို့ ခပ်တည်တည် မေးလိုက်တော့ “ စိတ်ချ” သောက်ပါတယ်တဲ့ဗျား။
သူလာပြတာက မိန်းမကိုယ် အဖြူဆင်းတာနဲ့။ Ganorrhoea လိုလို Chlamydia လိုလိုလေ။ ဒီရောဂါတွေက လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါတွေနဲ့ ဆက်စပ်နေတာကိုး။
သူရော၊ သူ့ partner ရော နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း ကုမှပျောက်မှာပေါ့။
ကျွန်တော့်ဆီကို လာမပြသော သူ့အဖေါ်အတွက်ပါ ဆေးပေးလိုက်ရတယ်။
ဆရာဝန်တွေက အိမ်ထောင်ရှိ၊ မရှိ မေးတာသည် တရားဝင် ပုဆိုးတန်းတင် အကြင်လင်မယား ရှိ/မရှိ မေးတာမဟုတ်ပါဗျ။ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နေမှာစိုးလို့ လိင်ဆက်ဆံဖူးသလားဆိုတဲ့သဘော မေးတာပါဟု သဘောပေါက်ကြစေလိုကြောင်းပါဗျာ…။
ဒေါက်တာဝသုန်
သားဖွား မီးယပ်ဆရာဝန်
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.