‎စိုးရိမ်စိတ်လွန်ကဲခြင်းကို ရင်ဆိုင်ခြင်း

‎ဘဝတွင် တစ်ခါတစ်ရံ စိုးရိမ်ပူပန်မှုဖြစ်ရခြင်းမှာ သဘာဝဖြစ်သော်လည်း ထိုစိုးရိမ်မှုသည် အကြောင်းရင်းမရှိဘဲ လွန်ကဲလာကာ မိမိ၏ နေ့စဉ်ဘဝနှင့် အလုပ်အကိုင်ကို အနှောင့်အယှက်ပေးလာပြီဆိုလျှင် တတ်သိနားလည်သော ပညာရှင်များနှင့် တိုင်ပင်ဆွေး‌နွေးပြီး ကုသမှုခံယူရန် လိုအပ်လာပါပြီ။
‎…
‎…

‎🍀 စိုးရိမ်လွန်ကဲမှု ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများ 🍀

‎စိုးရိမ်စိတ် (Anxiety) ဆိုသည်မှာ ခန္ဓာကိုယ်၏ “ အချက်ပေးခေါင်းလောင်း” ဖြစ်ပါသည်။ သို့သော် ထိုခေါင်းလောင်းသည် အကြောင်းရင်းမရှိဘဲ ခဏခဏမြည်နေပါက အောက်ပါအချက်များကြောင့် ဖြစ်နိုင်ပါသည်။

‎၁။ ဦးနှောက်အတွင်းရှိ အချက်ပေးစနစ်

‎ကျွန်ုပ်တို့၏ ဦးနှောက်ထဲတွင် Amygdala ဟုခေါ်သော အပိုင်းငယ်လေးတစ်ခု ရှိပြီး ၎င်းသည် ဘေးအန္တရာယ်ကို သတိပေးသော အစိတ်အပိုင်းဖြစ်ပါသည်။ စိုးရိမ်လွန်ကဲသူများတွင် ထိုအပိုင်းသည် လွန်စွာ ထိလွယ်ရှလွယ် (Oversensitive) ဖြစ်နေတတ်ပြီး သာမန်ကိစ္စလေးများကိုပင် အသက်အန္တရာယ်ရှိသကဲ့သို့ တုံ့ပြန်တတ်ခြင်း ဖြစ်ပါသည်။
‎.

‎၂။ အာရုံကြောဟော်မုန်းများ မမျှတခြင်း

‎ဦးနှောက်အတွင်းရှိ စိတ်ကိုတည်ငြိမ်စေသော GABA နှင့် ပျော်ရွှင်စေသော Serotonin ဓာတ်များ နည်းပါးနေသောအခါ စိုးရိမ်စိတ်ကို မထိန်းချုပ်နိုင်ဘဲ အမြဲတမ်း ထိတ်လန့်တုန်လှုပ်နေတတ်ပါသည်။
‎.

‎၃။ အတိတ်မှ စိတ်ဒဏ်ရာများ

‎ကလေးဘဝ သို့မဟုတ် အတိတ်တွင် ကြုံတွေ့ခဲ့ရသော ဆိုးဝါးသည့်အတွေ့အကြုံများသည် စိတ်ထဲတွင် စွဲထင်ကျန်ရစ်ပြီး ပစ္စုပ္ပန်တွင် အလားတူအခြေအနေမျိုးနှင့် တွေ့ကြုံရတိုင်း စိုးရိမ်စိတ်ကို လှုံ့ဆော်ပေးတတ်ပါသည်။
‎…
‎…

‎🍀 စိုးရိမ်လွန်ကဲမှု၏ လက္ခဏာရပ်များ 🍀

‎စိုးရိမ်လွန်ကဲခြင်းသည် စိတ်တွင်သာမက ခန္ဓာကိုယ်တွင်ပါ အောက်ပါအတိုင်း ဖြစ်ပေါ်ပြသတတ်ပါသည်။

‎🤕 ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ

‎ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်း၊ ချွေးပြန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းမူးခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း။

‎🤕 စိတ်ပိုင်းဆိုင်ရာလက္ခဏာများ

‎မကောင်းမြင်စိတ်များလွှမ်းမိုးခြင်း၊ အဆိုးဆုံးကိုသာ တွေးပူခြင်း၊ အာရုံစိုက်၍မရခြင်း။

‎🤕 အပြုအမူဆိုင်ရာလက္ခဏာများ

‎လူမှုပတ်ဝန်းကျင်ကို ရှောင်ဖယ်ခြင်း၊ ကိစ္စရပ်များကို အချိန်ဆွဲခြင်းနှင့် အိပ်ပျော်ရန်ခက်ခဲခြင်း။
‎…
‎…

‎🍀 စိုးရိမ်စိတ်ကို ရင်ဆိုင်ကျော်ဖြတ်ရန် နည်းလမ်းကောင်းများ 🍀

‎စိုးရိမ်စိတ်လွန်ကဲခြင်းကို အမြစ်ပြတ်ကုသနိုင်ရန်မှာ မိမိကိုယ်ကိုယ် နားလည်မှုနှင့် မှန်ကန်သော လေ့ကျင့်မှုများ လိုအပ်ပါသည်။

‎၁။ အသက်ရှူနည်းစနစ်ဖြင့် တုံ့ပြန်ပါ။ (၄-၇-၈ နည်းလမ်း)

‎စိုးရိမ်စိတ် မြင့်တက်လာသောအခါ အသက်ကို (၄) စက္ကန့်ကြာသည်အထိ ရှူသွင်းပါ။ ပြီးလျှင် (၇) စက္ကန့်ကြာအောင် အောင့်ထားပါ။ ထို့နောက် (၈) စက္ကန့်ကြာအောင် ဖြည်းဖြည်းချင်း ပြန်ထုတ်ပါ။ ဤနည်းသည် ဦးနှောက်အတွင်းရှိ အာရုံကြောစနစ်ကို ဘာအန္တရာယ်မှမရှိကြောင်းကို အသိပေးလိုက်ပြီး ချက်ချင်း ငြိမ်သက်သွားစေပါသည်။
‎.

‎၂။ အတွေးများကို စိန်ခေါ်ပါ။

‎” အဆိုးဆုံးတွေ ဖြစ်လာတော့မှာပဲ” ဟူသည့် အတွေးဝင်လာတိုင်း မိမိကိုယ်ကိုယ် ပြန်မေးပါ။ “ ဒါက တကယ်ဖြစ်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ” ၊ “ ငါ အရင်ကလည်း ဒီလိုအခြေအနေတွေကို ကျော်ဖြတ်နိုင်ခဲ့တာပဲ မဟုတ်လား” ဟု အမှန်တရားကို အခြေခံကာ ပြန်လည်စိန်ခေါ်ကြည့်ပါ။
‎.

‎၃။ “ ၅-၄-၃-၂-၁” အာရုံလွှဲနည်းကို သုံးပါ။
‎စိုးရိမ်စိတ်ကြောင့် လန့်ဖျပ်နေချိန်တွင် လက်ရှိပစ္စုပ္ပန်ကို ပြန်ရောက်ရန် ဤနည်းကို သုံးပါ။

‎- မြင်ရသော အရာ (၅) ခုကို ကြည့်ပါ။ နာမည်များကို ရွတ်ဆိုကြည့်ပါ။
‎- ထိတွေ့ရသော အရာ (၄) ခုကို ခံစားပါ။ (မာသလား။ ပျော့သလား။ ပူသလား။ အေးသလား စသည်)
‎- ကြားရသော အသံ (၃) ခုကို နားထောင်ပါ။ (သီချင်းသံ၊ ကားသံ၊ ငှက်ကလေးတွေရဲ့ အသံ စသည်)
‎- အနံ့ (၂) မျိုးကို ရှူရှိုက်ပါ။ (လေသန့်စင်ဘူး air fresher အနံ့၊ ရေမွှေးအနံ့ စသည်)
‎- အရသာ (၁) မျိုးကို သတိပြုပါ။
‎…
‎…

‎🍀 ကျန်းမာသော လူနေမှုပုံစံဖြင့် ကုစားခြင်း 🍀

‎စိတ်၏ကျန်းမာရေးသည် ခန္ဓာကိုယ်၏ ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။

‎☕ ကဖင်း (Caffeine) လျှော့ချပါ။

‎ကော်ဖီနှင့် လက်ဖက်ရည်တွင် ပါဝင်သော ကဖင်းသည် နှလုံးခုန်နှုန်းကို မြန်စေပြီး စိုးရိမ်စိတ်ကို ပိုမိုဆိုးရွားစေတတ်ပါသည်။

‎🚴 လှုပ်ရှားမှုရှိပါ‌စေ။

‎လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ကို လျော့ကျစေပြီး ပျော်ရွှင်မှုဟော်မုန်း (Endorphins) ကို တိုးပွားစေပါသည်။

‎🛌 အိပ်စက်ခြင်းကို ဂရုစိုက်ပါ။

‎အိပ်ရေးပျက်ခြင်းသည် စိုးရိမ်စိတ်ကို လှုံ့ဆော်သော အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါသည်။ ကောင်းမွန်သော အိပ်စက်ခြင်းသည် စိုးရိမ်စိတ်ကို သဘာဝအတိုင်း ကုစားပေးနိုင်သည်အထိ အစွမ်းထက်ပါသည်။


‎🧘 အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ။

‎အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ဖြည်းဖြည်းမှန်မှန် အသက်ရှူခြင်းသည် မိမိစိတ်ကို သိရှိခြင်း၊ စိတ်ဖိစီးမှု လျော့ကျစေခြင်း၊ ကောင်းမွန်စွာ အိပ်ပျော်ခြင်းတို့အတွက် အထောက်အကူပြုနိုင်သည့်အတွက် စိုးရိမ်စိတ်ကို အတော်အတန် လျော့ပါးစေပါသည်။

‎🤔 အတွေးအမြင်နှင့် အပြုအမူဆိုင်ရာ ကုထုံး

‎ဤနည်းလမ်းသည်  စိုးရိမ်လွန်ကဲခြင်းကို ကုသပေးနိုင်သော အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါသည်။

‎- အတွေးတွေကို စိန်ခေါ်ပါ။

‎” ငါဟာ နှလုံးရောဂါဖြစ်နေပြီ” လို့ တွေးမည့်အစား “ ဒါက အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်စိတ် ရုတ်တရက် ခံစားရတာ (Panic Attack) ကြောင့် ရင်တုန်တာ။ ငါက အရင်ကလည်း ဒီလိုဖြစ်ဖူးတယ်။ ဘာမှမဖြစ်ခဲ့ဘူး” လို့ အမှန်တရားနဲ့ ပြန်လည်တွေးမြင် ချေပပါ။

‎- ကိုယ်တတ်နိုင်တာနှင့် စတင်ပါ။

‎လူများသည့်နေရာကို ကြောက်လျှင် ရှောင်မနေပါနှင့်။ သူငယ်ချင်းတစ်ဦးနှင့်အတူ ခဏတာ သွားကြည့်ပါ။ ဘာမှမဖြစ်ကြောင်းကို ဦးနှောက်အလေ့အကျင့်ဖြစ်အောင် သင်ပေးပါ။
‎…
‎…

‎ချက်ချင်း သက်သာစေမည့် နည်းလမ်းများ (Coping Mechanisms)

‎ရောဂါထလာပြီလို့ ခံစားရရင် အထက်မှာ ပြောထားတဲ့အတိုင်း ဒီအချက်တွေကို လုပ်ဆောင်ပါ။

  • ‎4-7-8 Breathing
    လေကို (၄) စက္ကန့် ရှူသွင်းပါ။ ပြီးရင် (၇) စက္ကန့်ကြာအောင် အောင့်ထားပါ။ ဒီနောက် (၈) စက္ကန့်ကြာအောင် ဖြည်းဖြည်းချင်း ပြန်ထုတ်ပါ။ (ဒါက အာရုံကြောဖြစ်တဲ့ Vagus Nerve ကို လှုံ့ဆော်ပြီး နှလုံးခုန်နှုန်းကို ချက်ချင်းကျစေပါတယ်)။
    ‎.
  • ‎5-4-3-2-1 Grounding
    ‎မြင်ရသောအရာ (၅) ခုကို ကြည့်ပါ။
    ‎ထိတွေ့ရသောအရာ (၄) ခုကို ကိုင်ပါ။
    ‎ကြားရသောအသံ (၃) ခုကို နားထောင်ပါ။
    ‎အနံ့ (၂) ခုကို ရှူပါ။
    ‎အရသာ (၁) ခုကို ခံစားပါ။
    ‎(ဤနည်းလမ်းသည် သင့်စိတ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ဆွဲခေါ်လာပေးပါသည်။)
    ‎.
  • ‎The “ So What” Technique (“ အဲဒီတော့ ဘာဖြစ်လဲ” နည်းလမ်း)

    ‎” ငါ မူးလဲရင်လဲပါစေ။ ငါ သေရင်သေပါစေ” လို့ ရဲရဲဝံ့ဝံ့ စိန်ခေါ်လိုက်ပါ။ ထူးဆန်းတဲ့အချက်တစ်ခုအနေနဲ့ သင်က မကြောက်တော့တဲ့အခါ Adrenaline ထွက်တာ ရပ်သွားပြီး ရောဂါလက္ခဏာတွေလည်း ချက်ချင်း ပျောက်ကွယ်သွားတတ်ပါတယ်။
    ‎…
    ‎…

    ‎အားလုံးပဲ စိုးရိမ်စိတ် လွန်ကဲမှုမရှိဘဲ စိတ်နှလုံးငြိမ်းချမ်းပြီး ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ….။

    ‎စေတနာဖြင့်
    ‎အဓိပတိ

LEAVE A REPLY

Please enter your comment!
Please enter your name here