ဒီခေါင်းစဉ်ကို ရဖို့အတွက် တော်တော်လေး ဦးနှောက်စားခဲ့ရတယ်။

ပထမဆုံး စဉ်းစားမိတဲ့ ခေါင်းစဉ်က “ ကျည်ပွေ့ အတက်ပေါက်ခြင်း” ။ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာနဲ့ ကိုက်ညီသလိုပါ။ သို့သော် ဖန်တစ်ရာတေနေတဲ့ စကားပုံအဟောင်းကြီး။ ပြီးတော့ ကျွန်တော်ပြောချင်တာက အဲဒါထက် နည်းနည်းပိုတယ်လို့လည်း ထင်တယ်။ မကြိုက်ဘူး ပယ်တယ်ပေါ့။

နောက်‌ခေါင်းစဉ်တစ်ခု စဉ်းစားမိတယ် “ ပညာလို၊ အိုသည်မရှိ” ။ စကားပုံက ဟောင်းရုံတင်မက ကိုယ်ကိုယ်ကိုယ် အိုပြီလို့ပါ ပြောလိုက်ရသေး။ ကျွန်တော်ကမှ မအိုသေးတာ။ ပယ်တာပေါ့။

နောက်ခေါင်းစဉ်တစ်ခု “ ခွေးကြီးမှ လက်ပေးသင်” ။ ပိုဆိုးပေါ့။ လူစစ်စစ်ကနေ ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန် ဖြစ်ခိုင်းရမှာ။ တိရစ္ဆာန်တောင်မှ ချစ်စရာ‌လေးလည်း မဟုတ်။ ခုခေတ်အခြေအနေနဲ့ဆို ပိုတောင်အဆင်မပြေသေး။ အနက်အဓိပ္ပာယ်အရ ဒီနာမ်က ရွံရှာစက်ဆုပ်ဖွယ် အစုအဖွဲ့တစ်ခုရဲ့ ကိုယ်ပိုင်နာမ် ဖြစ်သွားပြီလေ။

နောက်ဆုံးမှ စိတ်တိုင်းကျ ခေါင်းစဉ်ကို ရသွားတယ်။

“ စပျစ်သီးလေးတွေ ချိုစပြုလာပြီ”

ဟုတ်ကဲ့ ကျွန်တော်အသက် ငါးဆယ်ကျော်မှ Laparoscopic surgery, Key hole surgery ကို စတင်သင်ယူလေ့လာခွင့်၊ ကိုယ်တိုင် လက်ထောက်ခွဲစိတ်အကူအနေနဲ့ ဒီခွဲစိတ်မှုမှာ ပါဝင်ခွင့်ရလာခဲ့လို့ ခံစားရတဲ့ ကျွန်တော့်ရဲ့ခံစားချက်လေးကို ပြောပြချင်လို့ပါ။

Laparoscopic surgery ဆိုတာ ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာ ကြာပါပြီ။ ခုဆို အဲဒီထက်တောင် မြင့်သွားပြီး Robotic Surgery ဆိုတာတောင် လုပ်နေကြပါပြီ။ ဘယ်လောက်မြင့်သလဲ ကျွန်တော်မသိပါဘူး။

ကျွန်တော်တို့ နိုင်ငံမှာလည်း Laparoscopic surgery ကို အသုံးပြုလာတာ နှစ်သုံးဆယ်လောက် ရှိပြီထင်ပါတယ်။ လွန်ခဲ့တဲ့ဆယ့်ငါးနှစ် ကျွန်တော် OG ဘွဲ့လွန်ကျောင်းပြန်တက်တော့ မန္တလေးမှာ အများကြီးလုပ်နေကြပါပြီ။

Laparoscopic surgery ဆိုတာက ဘယ်လိုလဲဆိုတော့…….

လူနာရဲ့ဗိုက်မှာ ရွေးစေ့သာသာလောက် အပေါက်သေးသေးလေး သုံးပေါက်ဖောက်၊ လူနာရဲ့ဗိုက်‌ ဖောင်းကားလာအောင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ထိုးထည့်၊ တစ်ပေါက်ကနေ ဗီဒီယိုကင်မရာထည့်၊ TV နဲ့ဆက်ထား၊ TV ဖန်သားပြင်မှာ လူနာရဲ့ ဗိုက်ထဲက ကလီစာတွေကို အကုန်မြင်ရ။

နောက်ထပ်နှစ်ပေါက်ကနေ ခွဲစိတ်ကိရိယာတွေထည့်။ TV ဖန်သားပြင်ကို ကြည့်ပြီးခွဲရတာပေါ့။

ဗိုက်ထဲကို ဓာတ်ငွေ့တွေထိုးထည့်ထားတော့ နေရာလွတ်တွေ အများကြီး။ သမားရိုးကျ ဗိုက်ကိုခွဲကြည့်တာထက် မြင်ကွင်းပိုကောင်းတယ်။

ဥပမာ။ ကျွန်တော်က သားအိမ်ကိုကြည့်ချင်လို့ ရိုးရိုးအတိုင်း သားအိမ်ပေါ်တည့်တည့် ဗိုက်အောက်ပိုင်းနားလေးကို ကန့်လန့်ခွဲမယ်ဆို သားအိမ်ကိုပဲ မြင်ရမယ်။ အပေါ်က အသည်းတွေ၊ အစာအိမ်တွေကို့ ကြည့်ချင်ရင်၊ ကြည့်ဖို့လိုအပ်လာရင် ဒီခွဲကြောင်းကနေ ကြည့်လို့မရဘူး။ ခွဲကြောင်းကြီးကို အပေါ်ကို ထပ်ချဲ့မှရမယ်။ ဗိုက်ထဲရှိရှိသမျ ကလီစာတွေကို ကြည့်ဖို့လိုအပ်လာရင် ရှေးရှေးတုန်းက ပြောသလိုဆိုရင်တော့ ရင်ခေါင်းကနေ ဖင်ခေါင်းအထိ ဖွင့်ချလိုက်ရမှာပေါ့ဗျာ။

Laparoscopic surgery မှာကျတော့ အဲဒီလို ခွဲကြောင်း အကြီးကြီး မလိုတော့ဘူး။ ရွေးစေ့သာသာလောက် အပေါက်သေးသေးကနေ ထည့်ထားတဲ့ ကင်မရာလေးကို ၃၆၀ ဒီဂရီလှည့်ကြည့်လို့ရတယ်။ အပေါ်ဆုံးကနေ အောက်ဆုံးအထိ ရှိရှိသမျှကလီစာ အကုန်ကြည့်လို့ရတယ်။ ပြီးတော့ မြင်ကွင်းကို ခြောက်ဆချဲ့ပေးထားသေးတယ်။

ဘယ်လိုခံစားမှု မြင်ကွင်းမျိုးကို ရသလဲဆိုတော့ ကိုယ့်ကိုယ်ကို ပျားပိတုန်းလေးလို ဖန်ဆင်းလိုက်ပြီး လူရဲ့ဗိုက်ခေါင်းကျယ်ကြီးထဲကို ဝင်ကြည့်နေရသလိုပဲ။ အနီးကပ်ကြည့်ကြည့်၊ ဝေးဝေးကခွာကြည့်ကြည့် ကြိုက်သလိုရတယ်။

ခွဲစိတ်ရတာကတော့ ဂိမ်းဆိုင်တွေမှာ ဘောလုံးပွဲဂိမ်း ဆော့ရတာနဲ့တူတယ်။ လက်ကကိုင်ထားတဲ့ control ခလုပ်တွေကို မကြည့်ဘဲ TV ဖန်သားပြင်ကိုကြည့်ပြီး ခလုပ်ကို လိုသလိုနှိပ်ရသလိုပ။

ခွဲစိတ်ကိရိယာတွေကို ကိုယ်သွားစေချင်သလိုဖြစ်အောင် လက်ကိုမကြည့်ဘဲ TV ဖန်သားပြင်ကိုကြည့်ပြီး လှုပ်ရှားခွဲစိတ်ရတာပါ။ လေ့ကျင့်မှု အများကြီးလိုပါတယ်။ ဘောလုံးကန် ဗီဒီယိုဂိမ်း ဆော့ဖူးနေကျ ဆရာဝန်များ ပိုအတတ်မြန်ပါတယ်တဲ့။

ကျွန်တော် အဲဒီခွဲစိတ်မှုကို စမြင်စ လွန်ခဲ့‌သော ဆယ့်ငါးနှစ်က (ဘေးကနေ ပညာယူ ရပ်ကြည့်ရတုန်းကကိုပြောတာ) ဒယ်အိုးကိုမကြည့်ဘဲ TV ကြည့်ရင်း ယောက်မတစ်ဖက်စီကိုင်ပြီး ထမင်းကြော်နေတာ ကျနေတာပဲလို့ စပျစ်သီး ချဉ်ခဲ့ဖူးပါတယ်။

ယခင် သမားရိုးကျ ဗိုက်ကိုဖွင့်ခွဲစိတ်ခဲ့တဲ့ ရောဂါတွေကိုပဲ ခွဲတာပဲလေ။ နည်းလမ်းပြောင်းသွားတာ။ ပြီးတော့ ဒီနည်းလမ်းအသစ်နဲ့ ခွဲလို့မရတာတစ်ခုက ကလေးခွဲမွေးတာပဲ။ မွေးကင်းစ ကလေးလေးကိုကျ ဒီရွေးစေ့လောက် အပေါက်သေးသေးလေးတွေကနေ ဘယ်လိုလုပ် ထုတ်မလဲလေနော။

အခြား ခွဲထုတ်ပြီးလွှင့်ပစ်ရမယ့် အသားစတွေကျ ဒီအပေါက်သေးလေးကနေဆံ့အောင် တစ်စစီခြေမွပြီးထုတ်လို့ရတယ်လေ။ ကလေးကျ အဲဒီလိုမှ ထုတ်မရတာ။

ဒါပေမယ့် ဗိုက်ဖွင့်ခွဲရတဲ့ မီးယပ်ခွဲစိတ်မှုအားလုံးကို ဗိုက်မဖွင့်တော့ဘဲ Laparoscope နဲ့ ခွဲလို့ရတယ်။ ပိုကောင်းတယ်ပေါ့ဗျာ။ ဗိုက်မှာ ခွဲကြောင်းရာ အမာရွတ် အကြီးကြီး မထင်ဘူးဆိုတာနဲ့တင် အတော်ကောင်းနေပြီလေ။ ဒါနဲ့တင် လူတိုင်းကြိုက်ကြတာပေါ့။ အနာမကျက်ဘူးတို့၊ ချုပ်ရိုးမကျက်ဘူးတို့၊ ချုပ်ရိုးကွဲတယ်တို့ မရှိတော့ဘူးလေ။

ခွဲပြီးနောက်နေ့ တန်းလမ်းလျှောက်နိုင်တယ်တို့၊ ခွဲပြီးနာကျင်မှုနည်းတယ်တို့ ဆိုတာတွေက ပါသေး။

သို့သော်လည်းပေါ့လေ။ သရက်သီးထဲမှာ စိန်တစ်လုံး အကောင်းဆုံး ဆိုသော်ငြား ဈေးကြီးမတတ်နိုင်လို့ မချစ်စုနဲ့ အာသာဖြေရတယ် အဲလိုပြောရမလား။

ရန်ကုန်-မန္တလေး ကားစီးတယ်။ ကားပေါ်မှာ ကားစပါယ်ယာ ချောချောလေးတွေ ပါတယ်။ အပူချိန်တန် အပူ၊ အအေးချိန်တန် အအေး၊ ထမင်းချိန်တန် ထမင်း ခွံ့မကျွေးရုံတစ်မယ်ပဲ။ အပေါ့၊ အလေးသွားဖို့ အိမ်သာကပါသေး။ လေအေးစက်ကလည်း အေးအေးလေး။ ခရီးသည် တစ်ယောက်စီအတွက် ပေးထားတဲ့ထိုင်ခုံကလည်း အကျယ်ကြီး။ ထောင်မလား၊ လှဲမလား၊ စောင်းမလား၊ ဘယ်ဘက်မျက်နှာမူချင်သလဲ ရတယ်။ ဖျော်ဖြေရေးအတွက် ခရီးသည်တစ်ယောက် ဖန်သားပြင်တစ်ချပ် ပေးထားတယ်။ ဇိမ်ကျချက်။ ဘယ်လိုဘယ်လို ခရီးဆုံးရောက်သွားတယ်မသိ။

အဲဒီလိုကားလိုင်းမျိုး ထောင်ပေးနိုင်မယ့် သူဌေး အများကြီးမရှိဘူး။ ရှိလှ ဆယ်စီးပေါ့။ အရင်းအနှီးက နာမည်ကျော် ဘော်လုံးသမား ရော်နယ်ဒိုရဲ့ တစ်နှစ်စာဝင်ငွေလောက် ရှိမယ်လေ။

အဲဒီလိုကားမျိုးကို စီးနိုင်မယ့်ခရီးသည် များများမရှိဘူး။ ကားခက ရော်နယ်ဒို တစ်နာရီစာ ဝင်ငွေလောက် ရှိမယ်လေ။ သူဌေးက အမြတ်သည် ရင်းထားငွေရဲ့ ဘဏ်တိုးအမြတ်ထက် သာရမယ်ဆိုရင် အဲဒီထက်တောင် ဈေးကြီးဦးမယ် ကားခက။

ရန်ကုန်-မန္တလေး ကားပေါင်းက အသွားအပြန်ဆိုရင် တစ်နေ့တစ်နေ့ကို ရာချီပြီးဆွဲရတာ။ ခရီးသည်က ထောင်သောင်းချီလိမ့်မယ်။

ဆိုတော့ အတော်များများ ခရီးသည်ကတော့ အလျင်လို လမ်းအိုလိုက်၊ အဖိုးနည်းဝန်ပါ ပြွတ်သိပ်ကျပ်ညပ်နေအောင်တင်တဲ့ လိုင်းကားနဲ့လိုက်ရတာပေါ့ဗျာ။ လိုရာခရီးတော့ ရောက်သွားတာပါပဲ။ လူတော့ပင်ပန်းတာပေါ့။ ဒါပေမယ့် မသွားမဖြစ်မို့ သွားရတဲ့ခရီးမှာ ဈေးချိုတာပဲ ရွေးရတာပ ရောက်မှာချင်းအတူတူ။ မသကာ နောက်ကျလှ လေးငါးနာရီ၊ ကားပေါ် အနေအစားဆင်းရဲ ဒုက္ခခံရလှ တစ်ညပေါ့။ ဒီလိုပဲ ဖြတ်သန်းနေကြတာပဲ။

တိုတိုပြောကြပါစို့ဗျာ။ Laparoscope နဲ့ခွဲဖို့ အဲဒီစက်တွေက ဈေးကြီးတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ကျွန်တော်ဘွဲ့လွန်ကျောင်းသားဘဝက အဲဒီစက်တွေက ရန်ကုန်နဲ့ မန္တလေးမှာပဲ ရှိတယ်။ မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ တစ်ခုပဲရှိတယ်။ ဘဲအုပ်က တစ်ရာ၊ နှစ်ရာ မဗေဒါက တစ်ပင်ထဲပေါ့။

ဒီခွဲစိတ်မှုကို သင်ယူချင်သူ ကျွန်တော်တို့လို ဆရာဝန်အငယ်တွေက အများကြီး။ ခွဲစိတ်ပေးရမယ့် လူနာတွေကလည်း အများကြီး။ ဒီစက်တစ်ခုတည်းနဲ့ ခွဲစိတ်မှုအားလုံးကို ဘယ်လိုမှ မလုပ်နိုင်ပါဘူး။

ရှေးရိုးနည်း ဗိုက်ဖွင့်ခွဲစိတ်ကုသမှုကို လုံးဝလက်လွှတ်လို့ မရပါဘူး။ ဆိုတော့ ရိုးရိုးခွဲစိတ်မှုတွေကို ဆက်လက်လေ့လာ၊ သင်ယူ၊ လုပ်ကိုင်ရင်း Laparoscopic surgery သင်ယူခွင့်ရဖို့ စောင့်ခဲ့ရ၊ အားတိုင်း ဘေးကရပ်ကြည့်ခဲ့ရတာပေါ့။

ကိုယ်သင်ယူခွင့်ရမယ့် အလှည့်မရောက်ခင် နယ်ကိုပြောင်းမိန့် ထွက်လာတယ်။ ပြောင်းလည်း ပြောင်းချင်နေပါပြီလေ။ ကျွန်တော့်တစ်သက်အတွင်းတော့ မြန်မာပြည်က အစိုးရဆေးရုံအားလုံးမှာ Laparoscopic surgery စက် မဆင်ပေးနိုင်လောက်သေးပါဘူး။ ကလေးခွဲမွေးတာကိုလည်း Laparoscope နဲ့လုပ်လို့မရပါဘူး။ ကျွန်တော် ဒါကိုမတတ်လည်း နယ်မြို့တွေမှာ OG လုပ်ပြီး ဒီတစ်သက်နေလို့ရပါတယ်ဆိုတဲ့ စပျစ်သီးတွေက ချဉ်မှာပါကွာဆိုတဲ့ အလျှော့ပေးလိုစိတ်ကလည်း ပေါ်နေပြီ‌လေ။

အဲဒီလိုနဲ့ပဲ တုံးခုလှမ်းလို့တောင် မမီနိုင်တဲ့ ပင်မြင့်စံ နတ်သမီးလေးကို ကျောခိုင်းခဲ့ပြီး တောဆရာဝန် OG ဘဝနဲ့ ရိုးရိုးပဲ ခွဲစိတ်နေခဲ့တာ ခုထိပဲ။

ခုတော့ ကံ‌ဆိုးခြင်းများစွာထဲက ကံကောင်းမှုတစ်ခုလား။ Laparoscope စက်ကြီးရော Laparoscopic surgery ကို hands on training သင်ပေးမယ့်ဆရာရောရဲ့ဘေးမှာ ကျွန်တော်ရောက်နေပြီ။

Laparoscopic cholecystectomy, Laparoscopic DU perforation repair, Laparoscopic appendiectomy, Laparoscopic ovarian cystectomy, Laparoscopic salpingectomy စသည်ဖြင့်တွေမှာ ပထမလက်ထောက် ခွဲစိတ်အကူ ဝင်လုပ်ရပြီ။

Fitz- Hugh- Curtis Syndrome ကို မြင်ဖူးပြီ။

စပျစ်သီးလေးတွေ ချိုစပြုလာပါပြီ။ တကယ်ချိုဖို့ကတော့ အဝေးကြီးလိုပါသေးတယ်။ အစကထက်စာရင်တော့ နီးလာပြီပေါ့ဗျာ။ ငါးဆယ်ကျော်မှ စပျစ်သီးချိုမှန်းသိရလည်း ကျေနပ်ပါတယ်။

ကျွန်တော်သာ အသက်ကြီးသွားတာ။ လွန်ခဲ့သော ဆယ့်ငါးနှစ်က ကျွန်တော်မမီခဲ့တဲ့ ပင်မြင့်စံ နတ်သမီးလေးကတော့ လှမြဲ၊ လှဆဲပါဗျာ…။

ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

LEAVE A REPLY

Please enter your comment!
Please enter your name here