ကျွန်မတို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ တစ်နည်းအားဖြင့် ကျွန်မတို့ယဉ်ကျေးမှု Culture မှာ တစ်ယောက်ကိုတစ်ယောက် ချီးကျူးဂုဏ်ပြုဖို့၊ ချီးမွမ်းစကားပြောဖို့၊ အသိအမှတ်ပြုပေးဖို့ကို တော်တော်လေး အားနည်းကြတာကို တွေ့ရပါတယ်။

မိမိကလည်း Affirmation (ချီးကျူးဂုဏ်ပြုခြင်း/အသိအမှတ်ပြုခြင်း၊ ရိုးရိုးရှင်းရှင်းပြောရရင် အားပေးစကားပြောခြင်း) ဆိုတာမျိုးကို လုပ်လေ့မရှိသလို၊ သူများက ကိုယ့်ကို ချီးကျူးလာရင်လည်း ဘယ်လိုတုံ့ပြန်ရမှန်းမသိ၊ အနေခက်ပြီး “ အပိုတွေပြောနေတာ” လို့တောင် ထင်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်တော့ Affirmation ဆိုတာ လူမှုဆက်ဆံရေးနဲ့ စိတ်ကျန်းမာရေးအတွက် တကယ်ကို လိုအပ်တဲ့အရာပါ။

လူတစ်ယောက်ကို “ တော်လိုက်တာကွာ” ၊ “ မင်းရဲ့ကြိုးစားမှုကို ငါမြင်တယ်” ဆိုတဲ့ အသိအမှတ်ပြုတဲ့ စကားလေးတွေက သူတို့ရဲ့ စိတ်အားတက်ကြွမှု၊ ယုံကြည်မှုနဲ့ ပျော်ရွှင်မှုကို တကယ်ပဲ မြှင့်တင်ပေးနိုင်ပါတယ်။

ကျွန်မတို့အများစုက ချီးမွမ်းတာကို “ မြှောက်ပင့်ပြောဆိုတာ” ဒါမှမဟုတ် “ လှည့်ဖြားတာ” လို့ ထင်တတ်ကြတယ်။ တကယ်တမ်းမှာ ရိုးရိုးသားသား အားပေးစကား (Genuine affirmation) က လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်ကို ပိုကောင်းအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိကြပါတယ်။

ဥပမာ . . .

ကလေးတစ်ယောက်ကို “ သား ခုလိုကြိုးစားနေတာ မေမေဖြင့် သိပ်ဂုဏ်ယူတာပဲ” လို့ ပြောတာက ကလေးကို ပိုပြီးအားရှိစေသလို ပျော်ရွှင်တက်ကြွစေပါတယ်။

လုပ်ဖော်ကိုင်ဖက်/သူငယ်ချင်းတစ်ယောက်ကို “ နင်ပြောတဲ့အကြံက တကယ်အသုံးဝင်တယ်ဟာ” လို့ ပြောတာကလည်း သူ့ရဲ့ယုံကြည်မှုကို တည်ဆောက်ပေးရာ ရောက်ပါတယ် ။

တစ်ခါတလေ ကိုယ်တိုင် ချီးမွမ်းခံရတဲ့အခါမှာလည်း ကျွန်မတို့ဟာ

“ ဟုတ်လား… ငါက‌တော့ ငါ့ကိုယ်ငါ အဲ့လို မထင်ပါဘူး” ဆိုပြီး ငြင်းတတ်ကြပါတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု အားနည်းတာ (Low self-worth) ကြောင့်ပါ။

အမြဲ မိမိကိုယ်ကို နှိမ်ချပြီး နေရမယ်ဆိုတဲ့ သင်ပြမှုတွေအောက်မှာ ကြီးပြင်းခဲ့ရလို့လည်း ပါပါတယ် ။

ဒီလို အသိအမှတ်ပြုစကားကြားရတဲ့အခါမျိုးမှာ ကျွန်မတို့အနေနဲ့ ဒါကို သံသယကင်းစွာနဲ့ လက်ခံလိုက်ပါ ။

ပြီးရင် “ ကျေးဇူးတင်ပါတယ်” လို့ ရိုးရိုးလေး ပြန်ပြောပါ။

စိတ်ကျန်းမာရေးအတွက် Affirmation ရဲ့အရေးပါမှုက အတော်လေးကြီးမားတာမို့ …

စိတ်ပညာရှင်တွေက “ တစ်နေ့ကို အနည်းဆုံး အားပေးစကား ၃ ခွန်း” ကိုယ့်ကိုယ်ကိုယ် (သို့) သူများကို ပြောဖို့ အကြံပေးကြပါတယ်။

Affirmation ဆိုတဲ့ အလေ့အကျင့် မရှိတဲ့အခါ…

✍🏻ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းပါးလာခြင်း

လူတစ်ယောက်ဟာ သူလုပ်တဲ့အရာတွေ၊ သူကြိုးစားအားထုတ်မှုတွေအတွက် အသိအမှတ်ပြုခံရဖို့ လိုပါတယ်။ ချီးကျူးစကားမကြားရတဲ့အခါ ကိုယ်လုပ်နေတဲ့အရာတွေက တန်ဖိုးရှိရဲ့လား၊ ကိုယ်က တကယ်ပဲ ကောင်းရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်တတ်လာပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (Self-esteem) ကို ထိခိုက်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းလာစေပါတယ်။
.

✍🏻စိတ်ဓာတ်ကျလွယ်ခြင်းနှင့် စိတ်ဖိစီးမှုများခြင်း

ကျွန်မတို့အားလုံးဟာ လူမှုပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှုကို လိုအပ်ပါတယ်။ ဒါဟာ လူ့သဘာဝပါ။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ကောင်းမွန်တဲ့ လုပ်ရပ်တွေအတွက် ဘယ်သူကမှ အသိအမှတ်မပြုတဲ့အခါ စိတ်ဓာတ်ကျလွယ်ပြီး အားအင်ကုန်ခမ်းသလို ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုတွေလည်း ပိုများလာနိုင်ပါတယ်။
.

✍🏻ဆက်ဆံရေးတွေ အေးစက်လာခြင်း

သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေကြားပဲဖြစ်ဖြစ်၊ မိသားစုထဲမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် ချီးကျူးဂုဏ်ပြုတာမျိုးမရှိတဲ့အခါ ဆက်ဆံရေးတွေက အေးစက်လာမယ်။ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး မရှိတော့ဘဲ စကားတွေ နည်းလာတတ်ပါတယ်။

ဆိုတော့ Affirmation ဆိုတာ ရိုးရိုးလေးပြောရရင် ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ ကောင်းမွန်တဲ့အရည်အသွေးတွေ၊ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပြီး အားပေးချီးကျူးတာမျိုးပါ။

မဟုတ်တာကို အဟုတ်လို မြှောက်ပင့်ပြောဆိုတာမျိုးနဲ့ မတူပါဘူးနော်။

စိတ်ကျန်းမာရေးအရ ဘာကြောင့် ဒါက အရေးကြီးသလဲဆိုတော့

🟡 ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်တယ်

သူများရဲ့ ချီးကျူးစကားတွေက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ခံစားရစေပါတယ်။ “ ငါလုပ်နိုင်တယ်” “ ငါက တန်ဖိုးရှိတဲ့သူတစ်ယောက်ပဲ” ဆိုတဲ့ အတွေးမျိုးတွေ ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပွားလာပါတယ်။

ကိုယ့်ကိုယ်ကိုယ် Affirmation လုပ်တာကလည်း ဒီလိုပါပဲ။ နေ့တိုင်း ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေကို ကိုယ်တိုင် ပြန်ပြောခြင်းက ကိုယ့်ကိုယ်ကို ပိုပြီး ချစ်လာစေပါတယ်။
.

🟡 စိတ်ဓာတ်ခွန်အားဖြစ်စေတယ်

အခက်အခဲကြုံတဲ့အခါ၊ စိတ်ဓာတ်ကျနေတဲ့အခါ ချီးကျူးစကားတစ်ခွန်း၊ အသိအမှတ်ပြုမှုတစ်ခုက ကျွန်မတို့ကို အားအင်တွေ ပြန်ပြည့်စေပါတယ်။

ရှေ့ဆက်ဖို့ ခွန်အားတွေ ရစေပါတယ်။
.

🟡 ဆက်ဆံရေးတွေ ခိုင်မာလာစေတယ်

တစ်ယောက်ကိုတစ်ယောက် ချီးကျူးစကားပြောခြင်းက နားလည်မှုတွေ ပိုတိုးစေပြီး ဆက်ဆံရေးတွေကို ပိုပြီး ခိုင်မာနွေးထွေးလာစေပါတယ်။

ချီးမွမ်းစကားတွေဟာ ချစ်ခြင်းမေတ္တာ၊ လေးစားမှုတွေကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုပါပဲ။

“ ကျေးဇူးတင်ပါတယ်”
“ တော်လိုက်တာ”
“ မင်း အလုပ်လုပ်ရင် အသေးစိတ်ဂရုစိုက်တတ်တာကို တကယ်သဘောကျတယ်” စတဲ့ စကားလုံးလေးတွေဟာ ရိုးရှင်းပေမယ့် ဆက်ဆံရေးတွေကို အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။
.

လူတိုင်းက အကောင်းမြင်စိတ်နဲ့ အားပေးချီးကျူးတတ်တဲ့ အလေ့အကျင့်ရှိလာတဲ့အခါ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်တစ်ခုလုံးက အပြုသဘောဆောင်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်လာပါတယ်။ အကြည်ဓာတ်တွေလည်း ကူးစက်ပါတယ်။

ဒီအလေ့အကျင့်ကို စတင်ဖို့ဆိုတာ ခက်တော့လည်း မခက်ပါဘူး။

☑️ပထမဆုံး ကိုယ့်ကိုယ်ကိုယ် စပြီးချီးကျူးပါ

မနက်တိုင်း မှန်ကြည့်ပြီး ကိုယ့်ရဲ့ ကောင်းတဲ့အချက်တစ်ခုခုကို ချီးကျူးပေးပါ။
.

☑️သူတစ်ပါးကို ရိုးသားစွာ ချီးကျူးပါ

မိသားစုဝင်တစ်ယောက်က ဟင်းချက်ကျွေးတဲ့အခါ “ မေမေချက်တဲ့ဟင်းက စားကောင်းလိုက်တာ” လို့ ပြောပေးပါ။ ဒီလို အသေးအဖွဲကိစ္စလေးတွေကနေ စတင်နိုင်ပါတယ်။
.

☑️အပိုပြောတာမဟုတ်ဘူးဆိုတာ နားလည်ပါ

ချီးကျူးတာ၊ ဂုဏ်ပြုတာဟာ အပိုပြောတာမဟုတ်ဘဲ လူမှုဆက်ဆံရေးနဲ့ စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ Energy တစ်ခုဆိုတာ နားလည်ထားဖို့လိုပါတယ်။

Affirmation လုပ်တာဟာ

ရိုးရှင်းတဲ့ စကားလုံးလေးတွေကနေ စတင်ပြီး ဘဝကို အများကြီးပြောင်းလဲပေးနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

အနည်းဆုံးတော့ စိတ်ကိုနွေးထွေးစေပြီး လူတစ်ယောက်ရဲ့ တစ်နေ့တာကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။

ဒါကြောင့် ရှက်စရာ၊ ကြောက်စရာမလိုဘဲ ကိုယ်ချစ်ခင်ရသူတွေကို ရိုးရိုးလေးနဲ့ သဘာဝကျကျ မုသားမပါပဲ ချီးကျူးပြောဆိုကြည့်ရင်း…..

ချစ်ခြင်းမေတ္တာကို စကားလုံးနဲ့လည်း တဖန် ဖော်ပြကြရအောင်လားရှင်…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here