ကျွန်တော်တို့ဟာ ရည်မှန်းချက်တွေ အောင်မြင်ဖို့၊ အလုပ်တွေလုပ်နိုင်ဖို့အတွက် Dopamine (ဒိုပါမင်း) နဲ့ ရှေ့ဆက်ကြရပါတယ်။ စိတ်တည်ငြိမ်အေးချမ်းဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ Serotonin (ဆီရိုတိုနင်) ကို ညီမျှအောင် ထိန်းပေးရပါတယ်။ ဒီလိုပဲ ဘဝရဲ့ နာကျင်မှုတွေ၊ ပင်ပန်းမှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့ Endorphin (အန်ဒေါ်ဖင်) ကို အားကိုးခဲ့ကြပါတယ်။
ဒီဟော်မုန်း (၃) ခုစလုံးဟာ ပြည့်စုံနေတယ်ဆိုရင်တောင်မှ လူသားတစ်ယောက်ရဲ့ဘဝဟာ မပြည့်စုံနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လူသားတွေဟာ တစ်ကိုယ်တည်းသီးသန့် ရပ်တည်ရှင်သန်နိုင်တဲ့သတ္တဝါ မဟုတ်လို့ပါပဲ။ ဒီအတွက် ကျွန်တော်တို့ကို အထီးကျန်ခြင်းတွေကနေ ဆွဲထုတ်ပေးပြီး တစ်ယောက်နဲ့တစ်ယောက် မမြင်ရတဲ့ သံယောဇဉ်ကြိုးလေးတွေနဲ့ ချည်နှောင်ပေးထားတဲ့ မှော်ဆန်ဆန် ဓာတ်ပစ္စည်းတစ်ခုဟာ ကျန်ရှိနေပါသေးတယ်။ အဲဒါကတော့ စိတ်ပျော်ဟော်မုန်း (၄) မျိုးရဲ့ နောက်ဆုံးတစ်ခုဖြစ်တဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့ လုံခြုံမှုတို့ကို ဖန်တီးပေးမယ့် Oxytocin (အောက်စီတိုစင်) ပဲ ဖြစ်ပါတယ်။
လူအများစုက သူ့ကို “ Love Hormone” (အချစ်ဟော်မုန်း) လို့ ရိုးရှင်းစွာသိထားကြပေမယ့် တကယ်တမ်းကျတော့ သူ့ရဲ့အခန်းကဏ္ဍက အချစ်တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ သူက လူသားတွေကို တစ်ယောက်နဲ့တစ်ယောက်အကြား ယုံကြည်မှုတည်ဆောက်ပေးတဲ့၊ မိသားစုနဲ့ မိတ်ဆွေတွေကြားမှာ စည်းလုံးမှုကိုဖြစ်စေတဲ့ “ Social Glue” (လူမှုဆက်ဆံရေး ကောင်းမွန်စေတဲ့ဓာတ်ပစ္စည်း) တစ်မျိုးဆိုလည်း မှန်ပါတယ်နော်။
…
…
ဒီဟော်မုန်းက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့စိတ်ကို ဘယ်လိုလွှမ်းမိုးထားသလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ကြရအောင်။
🍀 Oxytocin ၏ ထူးဆန်းအံ့ဩဖွယ် အစွမ်းသတ္တိများ 🍀
Oxytocin ဟာ ရိုးရှင်းတဲ့ဟော်မုန်းတစ်ခု မဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတင်မကဘဲ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ အများကြီး အထောက်အကူ ပြုပါတယ်။
🧠🧠 ၁။ စိတ်ကျန်းမာရေးအတွက် Oxytocin
🌱စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်ခြင်း
စိတ်ဖိစီးမှုကို အားပေးတဲ့ဟော်မုန်း Cortisol (Stress Hormone) နဲ့ Oxytocin ဟာ ရန်သူတွေ ဖြစ်ကြပါတယ်။ Oxytocin ထွက်လာတာနဲ့ တစ်ပြိုင်နက် ကြောက်ရွံ့မှုနဲ့ စိတ်ဖိစီးမှုတွေဟာ အလိုလိုလျော့ကျသွားပြီး စိတ်ကို ပေါ့ပါးစေပါတယ်။
.
🌱စိတ်လုံခြုံမှု ရရှိခြင်း
ဦးနှောက်ရဲ့ ကြောက်ရွံ့မှုကို ထိန်းချုပ်တဲ့နေရာ (Amygdala) ရဲ့ လုပ်ဆောင်ချက်ကို လျှော့ချပေးပါတယ်။ ဒါကြောင့် “ ငါ့ဘေးနားမှာ အားကိုးရမယ့်သူ ရှိတယ်၊ ငါလုံခြုံတယ်” ဆိုတဲ့ နွေးထွေးတဲ့ ခံစားချက်ကို ပေးစွမ်းပြီး စိုးရိမ်ပူပန်မှု (Anxiety) ကို သက်သာစေပါတယ်။
.
🌱ယုံကြည်မှုကို တည်ဆောက်ခြင်း
လူတွေအပေါ် ထားရှိတဲ့ သံသယစိတ်တွေကို လျော့ပါးစေပြီး တစ်ဖက်သားကို ယုံကြည်ရဲတဲ့ သတ္တိကို ပေးပါတယ်။ လူမှုဆက်ဆံရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ “ ယုံကြည်မှု” တံတားကို ခင်းပေးသူပါ။
.
🌱ကိုယ်ချင်းစာစိတ်ကို တိုးပွားစေခြင်း
တစ်ပါးသူရဲ့ မျက်နှာရိပ်၊ မျက်နှာကဲနဲ့ ခံစားချက်ကို ပိုမိုနားလည်လွယ်စေပါတယ်။ “ သူက ဘာခံစားနေရလဲ” ဆိုတာကို နှလုံးသားချင်း ချိတ်ဆက်ပြီး ခံစားနိုင်စွမ်း (Emotional Intelligence) ကို မြှင့်တင်ပေးပါတယ်။
.
🌱လူမှုဆက်ဆံရေး ကောင်းမွန်စေခြင်း
မိဘနဲ့ကလေး၊ ချစ်သူရည်းစား၊ သူငယ်ချင်းတွေအကြားက သံယောဇဉ်ကို ပိုပြီးခိုင်မြဲစေပါတယ်။ အထူးသဖြင့် “ အထီးကျန်ခြင်း” ကို ကုစားပေးပြီး လူသားအချင်းချင်း ရေရှည်လက်တွဲသွားချင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
.
🏋️♂️ 🏋️♂️ ၂။ ရုပ်ကျန်းမာရေးအတွက် Oxytocin
🌱နှလုံးကျန်းမာရေး
သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေတာကြောင့် သွေးပေါင်ချိန်ကို ကျစေပါတယ်။ စိတ်ပူပန်မှုကြောင့် ဖြစ်ရတဲ့ နှလုံးခုန်မြန်တာကိုလည်း သက်သာစေပါတယ်။
.
🌱သဘာဝ အကိုက်အခဲပျောက်ဆေး
ငယ်ငယ်တုန်းက တစ်နေရာရာကို ထိခိုက်မိရင် အမေက “ ဥုံဖွ” ဆိုပြီး ပွတ်ပေးလိုက်တာ ဒါမှမဟုတ် ချစ်ခင်ရသူတစ်ယောက်က နာနေတဲ့နေရာကို ဆေးလိမ်းပြီး ပွတ်သပ်ပေးလိုက်တာနဲ့ အလိုလိုသက်သာသွားတာကို သတိထားမိကြမှာပါ။ ဒါဟာ စိတ်ထင်တာသက်သက် မဟုတ်ပါဘူး။ နာကျင်နေတဲ့နေရာကို ကြင်ကြင်နာနာ ပွတ်သပ်ထိတွေ့ပေးတာဟာ Oxytocin ကို ထွက်စေပါတယ်။ အဲဒီဟော်မုန်းက “ နာကျင်မှုအပေါ် ခံနိုင်ရည်စွမ်း” ကို တိုးလာစေသလို ရောင်ရမ်းမှုကို လျော့ကျစေတဲ့အတွက် အနာကျက်တာကိုလည်း ပိုမြန်စေပါတယ်။
.
🌱အမျိုးသမီးများအတွက် Oxytocin
အမျိုးသမီးတွေရဲ့ဘဝမှာ အရေးကြီးဆုံးအချိန်ဖြစ်တဲ့ မီးဖွားချိန်မှာ သားအိမ်ညှစ်အားကောင်းပြီး ကလေးငယ်ကို ဘေးကင်းကင်းနဲ့ မွေးဖွားနိုင်ဖို့ Oxytocin ကပဲ ကူညီပေးတာပါ။ ဒါ့အပြင် မိခင်နို့ချိုကို တိုက်ကျွေးတဲ့အခါမှာလည်း နို့ထွက်ကောင်းစေဖို့ အဓိကလုပ်ဆောင်ပေးတဲ့အပြင် မိခင်နဲ့ ကလေးကြားက ဖြတ်မရတဲ့ မေတ္တာသံယောဇဉ်ကိုပါ စတင်တည်ဆောက်ပေးတဲ့ “ မိခင်မေတ္တာ ဟော်မုန်း” ဖြစ်ပါတယ်။
…
…
🍀 ဒါပေမယ့် ဟန်ချက်ညီဖို့တော့ လိုပါလိမ့်မယ် 🍀
” တန်ဆေး လွန်ဘေး” ဆိုသလိုပါပဲ။ Oxytocin ပမာဏ မညီမျှမှုကလည်း ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
📉 Oxytocin နည်းပါးလွန်းရင် ဘာတွေဖြစ်တတ်သလဲ။
ဘဝနေထိုင်မှု အထီးကျန်ဆန်တာ၊ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိတာတွေက Oxytocin ကို နည်းပါးစေပါတယ်။ ဘာတွေဖြစ်တတ်သလဲဆိုတော့…
🌱Loneliness – လူအများကြီးကြားမှာ ရောက်နေရင်တောင် အထီးကျန်နေသလို ခံစားရပါမယ်။
🌱Mistrust – ဘယ်သူ့ကိုမှ မယုံရဲဘဲ လူတိုင်းက ကိုယ့်ကို ဒုက္ခပေးတော့မှာလားဆိုတဲ့ သံသယစိတ်တွေက လွန်ကဲနေပါမယ်။
🌱Social Anxiety – လူစည်ကားတဲ့နေရာတွေ သွားရမှာ၊ လူသစ်တွေနဲ့ စကားပြောရမှာကို အလွန်အမင်း ကြောက်ရွံ့နေပါမယ်။
.
📈 Oxytocin များလွန်းရင်ရော ဘာတွေဖြစ်တတ်သလဲ။
🌱ကိုယ့်သွေး၊ ကိုယ့်သား အစွဲကြီးခြင်း – Oxytocin များလွန်းရင် ကိုယ့်လူ၊ ကိုယ့်အဖွဲ့အပေါ် တအားချစ်ပြီး ပြင်ပလူတွေကို ရန်လိုတာ၊ ခွဲခြားဆက်ဆံတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ – ခွေးမလေးတွေဟာ ကလေးမွေးခါစမှာ Oxytocin တက်နေတာကြောင့် သူ့ကလေးတွေရဲ့အနား ကပ်လာသူမှန်သမျှ (သခင်ရင်း အပါအဝင်) ကို ရန်မူကိုက်ခဲတတ်တာမျိုးပါ။ ဒါဟာ “ ကိုယ့်သွေးသားကိုထိရင် လုံးဝသည်းမခံ” ဆိုတဲ့ “ အကာအကွယ်ပေးစိတ် လွန်ကဲခြင်း” ဖြစ်ပါတယ်။
.
🌱ယုံကြည်မှုလွန်ကဲခြင်း – Oxytocin များလွန်းနေတဲ့အခါ ဦးနှောက်ရဲ့ အန္တရာယ်ကို စောင့်ကြည့်တဲ့စနစ်က ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် လူတိုင်းကို ကိုယ့်လိုပဲရိုးသားမယ်လို့ ထင်မှတ်ပြီး မယုံသင့်သူကိုပါ ပုံအပ်မိရာကနေ အလွယ်တကူ အလိမ်ခံရတတ်ပါတယ်။
…
…
🍀 ဒီတော့ Oxytocin ကို သဘာဝအတိုင်း ဘယ်လို တိုးမြှင့်ကြမလဲ။ 🍀
🫂 စက္ကန့် (၂၀) ပွေ့ဖက်ပါ။
လေ့လာချက်တွေအရ လူတစ်ယောက်ဟာ (၂၀) စက္ကန့်နဲ့အထက် ပွေ့ဖက်လိုက်ရင် Oxytocin သိသိသာသာ ထွက်လာပြီး စိတ်ဖိစီးမှု ကျသွားတယ်လို့ ဆိုပါတယ်။ ဒါကို “ Hug Therapy” လို့ ခေါ်ပါတယ်။ ဒါကြောင့် ချစ်ရသူတွေကို အကြာကြီး ဖက်ထားလိုက်ပါ။
.
🐶 အိမ်မွေးတိရစ္ဆာန်လေးတွေရှိပါစေ။
ကိုယ့်အိမ်က ခွေးလေး၊ ကြောင်လေးတွေကို ပွတ်သပ်ပေးတာ၊ ဖက်ထားတာက လူရော တိရစ္ဆာန်မှာပါ Oxytocin ထွက်စေပါတယ်။ အိမ်မှာ အဖော်မဲ့နေသူတွေအတွက်တော့ အကောင်းဆုံး ကုထုံးတစ်ခုပါပဲနော်။
.
💗 ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပွေ့ဖက်ပါ။
တစ်ခါတလေ ဘေးနားမှာ ဖက်စရာလူ မရှိတဲ့အခါ သင့်လက်ဖဝါးလေးကို သင့်ရင်ဘတ်ပေါ် (နှလုံးခုန်တဲ့နေရာ) မှာ တင်ထားပြီး မျက်လုံးမှိတ်၊ အသက်ဝဝရှူလိုက်ပါ။ ဒါဟာ သင့်ဦးနှောက်ကို “ ငါ့ကိုယ်ငါ ဂရုစိုက်တယ်၊ ငါလုံခြုံတယ်” ဆိုတဲ့ အသိကို ပေးပြီး Oxytocin ထွက်စေနိုင်တဲ့ “ Self-Hug” နည်းလမ်းကောင်း တစ်ခုပါပဲ။
.
🤝 နှလုံးသားဖြင့် နားဆင်ပါ။
ဖုန်းပွတ်ရင်း စကားပြောတာမျိုးမဟုတ်ဘဲ တစ်ဖက်သားရဲ့ မျက်လုံးကိုကြည့်ပြီး စကားပြောတာ၊ သေချာနားထောင်ပေးတာက နှစ်ယောက်စလုံးအတွက် Connection (ဆက်သွယ်မှု) ကို ကောင်းစေပြီး ယုံကြည်မှုကိုပါ တည်ဆောက်ပေးပါတယ်။
.
🎁 စေတနာထား ကူညီပါ။
သူများအတွက် လက်ဆောင်ဝယ်ပေးတာ၊ ကူညီပေးတာ၊ ပရဟိတလုပ်တာတွေက “ Helper’s High” ဆိုတဲ့ “ ကူညီသူအတွက် ကြည်နူးမှု” ကို ရစေပြီး Oxytocin ကို တက်စေပါတယ်။
.
💆 အနှိပ်ခံခြင်း (Massage) နှင့် Yoga ကဲ့သို့ လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။
ခန္ဓာကိုယ်ကို ဖြေလျှော့ပေးတဲ့ လေ့ကျင့်ခန်းတွေနဲ့ အနှိပ်ခံခြင်းကလည်း ကြွက်သားတွေကို ပြေလျော့စေပြီး ဒီဟော်မုန်းကို မြှင့်တင်ပေးပါတယ်။
ကျွန်တော်တို့ဟာ တောတောင်ထဲမှာ တစ်ကောင်တည်း ကျက်စားတဲ့ သတ္တဝါတွေ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ယုံကြည်ပြီး အမှီသဟဲပြုနေထိုင်ဖို့၊ “ လူ” ပီသစေဖို့အတွက် သဘာဝတရားက ဒီဟော်မုန်းနဲ့ ဖန်တီးပေးထားတယ်လို့တောင် ပြောလို့ရပါတယ်။
…
…
ဒီနေရာမှာ သတိပြုစရာလေးတစ်ခု ရှိပါတယ်။ Facebook ပေါ်က Like တွေ၊ Comment တွေရလို့ ပျော်တာက Dopamine ကြောင့်ရလာတဲ့ “ ခဏတာ ပျော်ရွှင်မှုသက်သက်” သာ ဖြစ်ပါတယ်။ Oxytocin ကြောင့် ဖြစ်လာတဲ့ သံယောဇဉ်အစစ်ကတော့ မျက်လုံးချင်းဆုံမှ၊ အသံကိုကြားရမှ၊ လက်ချင်းထိတွေ့မှ ရရှိနိုင်တာပါ။ ဒါကြောင့် Chat Box (အင်တာနက်မှတစ်ဆင့် စကားပြော/စာပို့ခြင်း) ထဲမှာ စာတွေအများကြီးပို့နေမယ့်အစား လက်ဖက်ရည်ဆိုင်မှာ လူချင်းတွေ့ပြီး စကားပြောဖို့ ကြိုးစားပါ။
ဒါကြောင့် ဒီနေ့ပဲ ကိုယ်ချစ်တဲ့သူတွေကို ဖက်လဲတကင်း နှုတ်ဆက်လိုက်ပါ။ အိမ်က ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ ဆော့ကစားလိုက်ပါ။ ဒါဟာ မာကြောနေတဲ့ သင့်နှလုံးသားအတွက် “ အကောင်းဆုံး ဆေးတစ်ခွက်” ပါပဲ။
” Happiness is found from within” ဆိုတဲ့အတိုင်း ပျော်ရွှင်ခြင်းဆိုတာ ပြင်ပလောကက လာတာမဟုတ်ဘဲ၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်တွေကနေ ဖန်တီးယူလို့ရတယ်ဆိုတာကို လက်တွေ့သက်သေပြလိုက်ပါ။
နူးညံ့တဲ့နှလုံးသားနဲ့အတူ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေကို တည်ဆောက်နိုင်ကြပါစေ….။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

