အိမ်ထဲမှာပဲ အေးအေးဆေးဆေး နေရတာကို နှစ်သက်ပြီး လူရှုပ်တာကို ရှောင်လေ့ရှိတဲ့ Introvert (တစ်ကိုယ်တော် နေတတ်သူ) လေးတွေ စာဖတ်သူတွေထဲမှာ ရှိမယ်ထင်ပါတယ်။

Introvert များအတွက် အိမ်တွင်းအောင်းတယ်ဆိုတာ စိတ်အေးချမ်းရာ ဘေးကင်းဇုန်တစ်ခု အပိုင်စားရလိုက်တာမျိုး ဖြစ်ပေမယ့် အိမ်ထဲမှာပဲ အချိန်အကြာကြီး နေထိုင်ပြီး နေရောင်ခြည် ထိတွေ့မှု လုံးဝမရှိဘူးဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မထင်မှတ်ထားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်နော်။

ဒါကြောင့် အခု အဲဒါလေးတွေအကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။

  • နေရောင်ခြည် မရရှိခြင်း၏ ကျန်းမာရေး အန္တရာယ်များ

ကျွန်တော်တို့ရဲ့ အရေပြားဟာ နေရောင်ခြည်ကနေလာတဲ့ UVB ရောင်ခြည်နဲ့ ထိတွေ့မှုရှိမှ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ဒီ (Vitamin D) ကို သဘာဝအတိုင်း ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ နေရောင်ခြည်ကို လုံးဝမထိတွေ့တဲ့ Introvert လေးတွေမှာ အောက်မှာပြောပြမယ့် ပြဿနာလေးတွေ ဖြစ်တတ်ကြပါတယ်။

၁။ အရိုးနှင့် ကြွက်သား နာကျင်ကိုက်ခဲခြင်း

ဗီတာမင် ဒီ ချို့တဲ့လာတဲ့အခါ အစားအစာကနေရတဲ့ ကယ်လ်စီယမ် (Calcium) ကို အူလမ်းကြောင်းက မစုပ်ယူနိုင်တော့ပါဘူးတဲ့။ ဒါကြောင့် ကိုယ်ခန္ဓာက အရိုးထဲကနေ ကယ်လ်စီယမ်တွေကို ပြန်လည်ဖြိုခွဲပြီး သုံးစွဲရပါလေရော။ အဲဒီအခါမှာ အရိုးများ ပျော့လာခြင်း/နာကျင်ခြင်းများ ဖြစ်လာပါတယ်။ အထူးသဖြင့် ခါး၊ တင်ပါးဆုံနဲ့ ပေါင်ရိုးတွေမှာ စူးခနဲစူးခနဲ နာကျင်မှုလေးတွေ စပြီးခံစားလာရတတ်ပါတယ်။

နောက်တစ်ခုက ကြွက်သားတွေ အားနည်းပြီး ကိုက်ခဲခြင်းလည်း ဖြစ်တတ်ပါသေးတယ်။ ခြေထောက်၊ လက်၊ ခန္ဓာကိုယ်အထက်ပိုင်း ကြွက်သားတွေ နာကျင်လာမယ်၊ မတ်တပ်ထရပ်ဖို့ ခက်ခဲလာတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ (ဒီလိုဖြစ်ရတာတွေဟာ အခြားသော အကြောင်းရင်းများလည်း ရှိတာမို့ ဒီတစ်ခုတည်းကြောင့်လို့ လှေနံဓားထစ်တော့ မယူဆရပါဘူး)
.

၂။ စိတ်ဓာတ်ကျခြင်းနှင့် အိပ်စက်မှုပြဿနာများ

နေရောင်ခြည်ဟာ ဦးနှောက်ထဲက စိတ်ပျော်ရွှင်စေတဲ့ Serotonin ဟော်မုန်းနဲ့ အိပ်စက်မှုကို ထိန်းချုပ်ပေးတဲ့ Melatonin ဟော်မုန်း ထုတ်လုပ်မှုကို တိုက်ရိုက် သက်ရောက်စေပါသေးတယ်။ ဒါကြောင့်လည်း နေရောင်ကောင်းကောင်းမရဘူးဆိုရင် စိတ်ဓာတ်ကျသလိုလို ခံစားလာရတာ၊ လေးလံထိုင်းမှိုင်းတာနဲ့ ညဘက် အိပ်မပျော်တဲ့ ပြဿနာတွေ ကြုံတွေ့ရတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။
.

၃။ ကိုယ်ခံအားစနစ် အားနည်းခြင်း

ဗီတာမင် ဒီ ဆိုတဲ့အရာလေးက ကိုယ်ခံအားဆဲလ် (T-cells) တွေရဲ့ လုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးပါသတဲ့။ ဒါကြောင့်ပဲ နေရောင်မထိသူတွေဟာ အဖျားရောဂါအပါအဝင် ကူးစက်ရောဂါတွေ လွယ်လွယ်ကူကူ ကူးစက်ခံရနိုင်ခြေ ပိုများနိုင်ပါတယ်။

  • ဒါဆို Introvert လေးတွေအတွက် အိမ်ထဲကနေမထွက်ချင်ဘူးဆိုရင် နေရောင်ခြည် ဘယ်လိုရယူနိုင်မလဲ။

လူတွေနဲ့ ထိတွေ့ရတာကို မနှစ်သက်တဲ့ Introvert လေးတွေအနေနဲ့ ကိုယ့်ရဲ့ ဘေးကင်းဇုန်လေးကို မပျက်စီးစေဘဲ နေရောင်ခြည် ရယူနိုင်မယ့် နည်းလမ်းလေးတွေ အတူတူစဉ်းစားကြည့်ရအောင်ပါ။

နည်းလမ်း (၁) ဝရန်တာ/ပြတင်းပေါက် အသုံးပြုခြင်း

နံနက်ခင်း ၉ နာရီမှ ၁၀ နာရီကြား ပြတင်းပေါက်ကို ဖွင့်ပြီး (မှန်ကာမထားဘဲ) ၁၅ မိနစ်ခန့် နေပူစာလှုံပါ။ အဲဒီအချိန်က နေနည်းနည်းပူနေပြီဆိုပေမယ့် မြန်မာနိုင်ငံလိုနေရာမျိုးမှာတော့ UVB အားအကောင်းဆုံးဖြစ်တာကြောင့် (တအားစောရင် UVA ပဲ ပါတာများတယ် ဆိုပါတယ်) အသားညိုသူဆိုရင် ၁၀-၁၅ မိနစ်၊ အသားဆွတ်ဆွတ်ဖြူသူဆိုရင် ၄-၆ မိနစ်ဆိုရင် ရပါတယ်။ အကျိုးကျေးဇူးကတော့ အပြင်ထွက်စရာမလိုဘဲ တိုက်ရိုက် UVB ရနိုင်တယ်ပေါ့နော်။

ဒီနေရာမှာ တစ်ခုဖြည့်ပြောချင်တာက မှန်ပြတင်းပေါက် ပိတ်ထားမယ်ဆိုရင် UVB ရောင်ခြည် ပိတ်ပင်သွားတတ်တာကြောင့် ဗီတာမင် ဒီ ထုတ်လုပ်ဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင့် မှန်ပြတင်းပေါက်ကို ဖွင့်ပြီး အရေပြားပေါ်ကို တိုက်ရိုက် နေရောင်ကျရောက်စေဖို့တော့ လိုအပ်ပါလိမ့်မယ်။
.

နည်းလမ်း (၂) မနက်စောစောအချိန်ယူခြင်း

လူသွားလူလာ နည်းပါးတဲ့ မနက်စောစောအချိန်မှာ အိမ်ရှေ့ သို့မဟုတ် ဝရန်တာလိုနေရာမျိုးမှာ ကော်ဖီသောက်ရင်း ခဏထိုင်ပါ။ သူကတော့ ဗီတာမင် ဒီ အတွက်မဟုတ်ဘဲ အားအင်ပြည့်ဝဖို့နဲ့ အိပ်စက်ခြင်းကို မှန်ကန်စေဖို့ အထောက်အကူပြုမှာပါ။
.

နည်းလမ်း (၃) ဗီတာမင် ဒီ ကြွယ်ဝသော အစားအစာများ

ငါးသလောက်၊ ဆယ်လ်မွန်ငါး၊ ဥအမျိုးမျိုး၊ အသည်းနဲ့ Fortified ပြုလုပ်ထား (ဗီတာမင် ဖြည့်စွက်ထား) တဲ့ နို့/ပဲနို့တွေ စားသုံးပါ။ သူတို့ကတော့ သဘာဝအတိုင်း ဗီတာမင် ဒီ ဖြည့်တင်းပေးကြမှာ ဖြစ်ပါတယ်။
.

ကိုယ်က အိမ်ထဲမှာ အချိန်အကြာကြီး နေမိပြီး ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲခြင်း၊ နဂိုထက် ပိုမိုမောပန်းခြင်း စတဲ့လက္ခဏာတွေ ခံစားနေရရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ဗီတာမင် ဒီ နဲ့ ကယ်လ်စီယမ် ဖြည့်စွက်ဆေးတွေကို မှန်ကန်စွာ သောက်သုံးဖို့ လိုအပ်ပါလိမ့်မယ်။

ကိုယ့်သဘောနဲ့ကိုယ် ဗီတာမင် ဒီ နဲ့ ကယ်လ်စီယမ်ဆေးတွေကို မလိုအပ်ဘဲ များများသောက်မိရင် ကျောက်ကပ်မှာ ကျောက်တည်တာ၊ သွေးထဲမှာ ကယ်လ်စီယမ်တွေများပြီး အရိုးနာတာ၊ စိတ်မအီမသာဖြစ်တာ၊ စိတ်ကျတာ၊ ညည်းတွားချင်တာမျိုးတွေ ဖြစ်တတ်တာ၊ အော့ချင်အန်ချင်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်တတ်လို့ လိုအပ်တဲ့အခါမှ စနစ်တကျလေး တိုင်ပင်ပြီး သောက်သုံးကြဖို့ အကြံလေးပြုလိုက်ရပါတယ် ချစ်ရတဲ့ စာဖတ်သူတို့ရေ…..။ 🙏

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here