“အကျင့်ဆိုးတွေကို ဖြတ်ဖို့ ကြိုးစားတဲ့အခါ”

စွဲလမ်းနေတဲ့ အကျင့်တစ်ခုကို ဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတာ တစ်သက်လုံး အတူနေလာတဲ့ ခင်မင်ရသူတစ်ယောက်ကို ဇွတ်အတင်း လမ်းခွဲရသလိုပဲဗျ။

“ကဲ… ဒီနေ့ကစပြီး ဝိတ်ချပြီ”၊ “သကြားစဖြတ်နေပြီ”၊ ” ဒီနေ့ကစပြီး အရက်လျှော့တော့မယ်၊ ဆေးလိပ်လည်း ဖြတ်ပြီ” ဆိုပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ တကယ်လည်း တတ်နိုင်သမျှ ကြိတ်မှိတ်ပြီး သည်းခံကြတာပါပဲ။

ဒါပေမယ့် သုံးလေးရက်လောက်လည်း နေရော… လူက တစ်ခုခုပဲ လိုနေသလိုလို၊ ဟာတာတာကြီး ဖြစ်နေသလို၊ ဘာကိုပဲကြည့်ကြည့် အလိုမကျသလိုတွေ ဖြစ်လာတတ်တယ်။ နောက်ဆုံးကျတော့ မနေနိုင်မထိုင်နိုင်လောက်အောင် ဖြစ်လာပြီး ကိုယ့်စိတ်ကိုယ်တောင် ထိန်းဖို့ခက်ခဲလာတဲ့ အခြေအနေမျိုး ကြုံဖူးကြမှာပါ။

အဲဒီအခါကျရင် “ငါက စိတ်ဓာတ် ဒီလောက်တောင် ပျော့ညံ့ရသလား။ ဒီအကျင့်လေးကိုတောင် မပြင်နိုင်ဘူး” လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်လိုက်ပါနဲ့။ တကယ်တော့ ခင်ဗျားတို့ရဲ့ ဦးနှောက်က “Extinction Burst” လို့ခေါ်တဲ့ နောက်ဆုံးပိတ် အကြိတ်အနယ် ရုန်းကန်တဲ့အဆင့်ကို ရောက်သွားလို့ ဖြစ်ပါတယ်။ မြန်မာလို လွယ်လွယ်ပြောရရင်တော့ “ငြိမ်းတော့မယ့် မီးတောက်ကလေးက `ဝုတ်ခနဲ´ တစ်ချက်ထတောက်လိုက်တာ” မျိုးပါပဲ။

ဒီသဘောတရားကို ရှင်းအောင်ပြောရရင် ခင်ဗျားတို့ ဦးနှောက်ကို အလိုအလျောက် မုန့်ရောင်းတဲ့စက် တစ်လုံးလို့ မြင်ကြည့်လိုက်။ ခင်ဗျားက နေ့တိုင်း ဒီစက်ထဲ ပိုက်ဆံထည့်တယ်၊ ခလုတ်နှိပ်တယ်၊ ချောကလက် ထွက်လာတယ်။ ဒါက ခင်ဗျားရဲ့ အကျင့်။ တကယ့် ပုံမှန်လုပ်ရိုးလုပ်စဉ်ကြီး။ တစ်နေ့ကျတော့ ခင်ဗျားက စက်ထဲ ပိုက်ဆံလည်းထည့်တယ်၊ ခလုတ်လည်းနှိပ်တယ်… ဘာမှထွက်မလာဘူးဗျာ။

အဲဒီအချိန်မှာ ခင်ဗျား ဘာလုပ်မလဲ။ “သြော်… စက်ပျက်နေတာပဲ။ ငါ့ပိုက်ဆံတော့ ဆုံးပါပြီလေ” ဆိုပြီး အေးအေးဆေးဆေး ကျောခိုင်းလှည့်ထွက်သွားမလား။ ဘယ်ထွက်သွားမလဲ။ ခလုတ်ကို နောက်တစ်ခါ ထပ်နှိပ်မယ်။ မရရင် ပိုပြင်းပြင်းနှိပ်မယ်။ သုံးလေးငါးဆယ်ခါ ဆက်တိုက်နှိပ်မယ်။ စက်ကို လှုပ်မယ်၊ ခြေထောက်နဲ့ ကန်မယ်။ “ငါ့ချောကလက်ပေးစမ်း” ဆိုပြီး မရမက လုပ်တော့မှာပဲ။

ခင်ဗျားဦးနှောက်ကလည်း ဒီအတိုင်းပဲဗျ။ ခင်ဗျား ဆေးလိပ်သောက်လိုက်၊ အချိုစားလိုက်တိုင်း ဦးနှောက်က Dopamine လို့ခေါ်တဲ့ ပျော်ရွှင်စရာ ဟော်မုန်းတွေ ရနေတာကိုး။ ရုတ်တရက်ကြီး ခင်ဗျားက ဖြတ်ချလိုက်တော့ ဦးနှောက်က ရနေကျဆုလာဘ် မရတော့ဘူး။ အဲဒီအခါမှာ “ဒီလူ ဘာဖြစ်သွားတာလဲ” ဆိုပြီး အလန့်တကြားနဲ့ အရင်ကထက် အဆပေါင်းများစွာ ပိုပြင်းထန်တဲ့ တောင်းဆိုမှုတွေ လုပ်လာတော့တာပဲ။ အဲဒီလို ရုတ်တရက်ကြီး တောင်းဆိုမှုတွေ တဟုန်ထိုး ထိုးတက်သွားတာကို “Extinction Burst” လို့ ခေါ်တာပေါ့။

ရိုးရိုးရှင်းရှင်း ပြောရရင်ဗျာ… “အခြေအနေတစ်ခုဟာ ပြန်ကောင်းမလာခင်မှာ အရင်ဆုံး ပိုဆိုးသွားတတ်တယ်” တဲ့။

ဝိတ်ချမယ်ဆိုပြီး သကြားဖြတ်လိုက်တယ်။ ပထမတစ်ရက်၊ နှစ်ရက်က နေသာသေးတယ်။ သုံးရက်မြောက်လည်းရောက်ရော ဦးနှောက်က စပြီးဆန္ဒပြတော့တာပဲ။ ကိတ်မုန့်လေး တစ်ခုလောက်မှ မစားရရင် ကမ္ဘာကြီးပဲ ပျက်တော့မလိုလို လူက ဂနာမငြိမ်ဖြစ်ပြီး ဒေါသတွေ ထွက်လာတယ်။ ဆေးလိပ်ဖြတ်တဲ့သူတွေဆို ပိုဆိုးတယ်။ အလုပ်လုပ်လို့ မရတော့ဘူး။ ခေါင်းထဲမှာ ဆေးလိပ်ဆိုတဲ့ အရာကလွဲပြီး ဘာဆိုဘာမှကို မရှိတော့တာ။

အဲဒါ ခင်ဗျားတို့ ကျရှုံးသွားတာ မဟုတ်ဘူးနော်။ ဦးနှောက်က အကျင့်ဟောင်းလေး ပြန်ရမလား၊သေခါနီး ကွမ်းယာလေး တစ်ယာလောက်တော့ ပါးစပ်ထဲ ထည့်လိုက်မလားဆိုပြီး အသေအလဲ ဆန္ဒတောင်းနေတာ။

ဒီအချိန်ဟာ အရေးအကြီးဆုံးပဲ။ လူအတော်များများက ဒီ Extinction Burst ဆိုတဲ့ အထွတ်အထိပ်အချိန် ရောက်လာရင် “ငါတော့ မရတော့ဘူး” ဆိုပြီး လက်မြှောက် အရှုံးပေးလိုက်ကြတာချည်းပဲ။

ဒီနေရာမှာ သတိထားစရာတစ်ခု ပြောပြဦးမယ်။ စောစောက မုန့်ရောင်းတဲ့စက်ကို ခင်ဗျားက အတင်းကန်၊ အတင်းလှုပ်လိုက်လို့ ချောကလက် ပြုတ်ကျလာတယ် ဆိုပါစို့။ ခင်ဗျားဦးနှောက်က ဘာမှတ်သွားမလဲ။ “အဟဲ… ရိုးရိုး ခလုတ်နှိပ်လို့မရရင် အကြမ်းဖက်လိုက်ရင် ရတယ်” ဆိုပြီး မှတ်သွားရော။

အဲဒီလိုပဲ… ခင်ဗျား ဆေးလိပ် အလွန်အမင်းသောက်ချင်နေတဲ့ အချိန်မှာ မခံနိုင်ဘဲ ပြန်သောက်လိုက်ရင် ခင်ဗျားဦးနှောက်က မှတ်သွားပြီ။ “ဒီလောက် ပြင်းပြင်းထန်ထန် သောင်းကျန်းပြလိုက်မှ သူက ဆေးလိပ်ပြန်သောက်တာပဲ” တဲ့။ နောက်တစ်ခါ ခင်ဗျား ဆေးလိပ်ထပ်ဖြတ်ကြည့်… ဦးနှောက်က အရင်တစ်ခေါက်ကထက် နှစ်ဆလောက် ပိုသောင်းကျန်းပြလိမ့်မယ်။ အကျင့်ဆိုးကို ကိုယ်တိုင် ပြန်ပြီး မြေတောင်မြှောက်ပေးလိုက်သလို ဖြစ်သွားတာပေါ့။

ဒါ့အပြင် ဒီလိုကာလမျိုးမှာ အောင်မြင်ဖို့အတွက် ထပ်ပြီး သတိပြုသင့်တာလေးတွေ ရှိပါသေးတယ်။

  • ပတ်ဝန်းကျင်ကို ကြိုတင်ရှင်းလင်းထားပါ။

စိတ်ကိုချည်းပဲ အားကိုးနေလို့မရဘဲ ကိုယ့်ပတ်ဝန်းကျင်က သွေးဆောင်နိုင်တဲ့ အရာတွေကိုပါ ကြိုတင်ရှင်းလင်းထားဖို့ လိုပါတယ်။ ဝိတ်ချနေချိန်မှာ ရေခဲသေတ္တာထဲ အချိုရည်တွေ၊ အသင့်စားမုန့်တွေ ဝယ်မထားတာမျိုး၊ ဆေးလိပ်ဖြတ်ချိန်မှာ ပြာခွက်နဲ့ မီးခြစ်ကို မျက်စိရှေ့ကနေ ဖျောက်ထားတာမျိုး လုပ်ပါ။
.

  • လစ်ဟာသွားတဲ့နေရာမှာ အကျင့်သစ်နဲ့ အစားထိုးပါ။

အကျင့်ဟောင်းတစ်ခုကို ဖယ်ရှားလိုက်တဲ့အခါ အချိန်တွေနဲ့ ခံစားချက်တွေ လစ်ဟာသွားတတ်ပါတယ်။ အဲဒီလစ်ဟာသွားတဲ့နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အကျင့်အသစ်တစ်ခုကို အစားထိုးပါ။ ဥပမာ။ ညနေတိုင်း အရက်၊ ဘီယာသောက်တတ်တဲ့ အကျင့်ကိုဖြတ်မယ်ဆိုရင် အဲဒီအချိန်မှာ မိသားစုနဲ့အတူ ညစာစားလိုက်တာမျိုး ဒါမှမဟုတ် လမ်းလျှောက်ထွက်တာမျိုးနဲ့ အစားထိုးမှသာ ဦးနှောက်က ဆုလာဘ်အသစ် ရရှိပြီး အကျင့်ဟောင်းကို ပိုမြန်မြန် မေ့ပျောက်သွားနိုင်ပါတယ်။
.

တကယ်လို့များ စိတ်အလိုကို လိုက်လွန်းပြီး တစ်ခါလောက် ပြန်လုပ်မိသွားခဲ့ရင်လည်း “ငါတော့ ဒီတစ်သက် ဒီအကျင့်ကို ပြင်လို့ မရတော့ပါဘူးလေ” ဆိုပြီး လုံးဝ လက်မလျှော့ပစ်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုး မလုပ်ဘဲ နောက်တစ်ကြိမ်မှာ ပထမတစ်ကြိမ်ထက် ပိုပြီး သတိထားဖို့ပါပဲ။

ဒီတော့… ဒီအချိုးအကွေ့ကို ဘယ်လို ကျော်မလဲ။

စိတ်ကျန်းမာရေးဆရာဝန်တွေ၊ စိတ်ပညာရှင်တွေကတော့ နည်းလမ်းလေးတွေ ပေးထားပါတယ်။

၁။ လှိုင်းစီးမယ်။

စိတ်ထဲမှာ တအားလုပ်ချင်လာပြီဆိုရင် အဲဒီစိတ်ကို ပင်လယ်လှိုင်းတစ်ခုလို သဘောထားလိုက်ပါ။ လှိုင်းဆိုတာ တက်လာမယ်၊ ခေါင်းထောင်လာမယ်၊ ပြီးရင် သူ့အလိုလို ပြန်ကျသွားတာပဲ။ အဲဒီလှိုင်းကို သွားပြီး အတင်းမတားနဲ့။ ခံစားမှု ပေါ်လာရင် “သြော်… လာပြန်ပြီပေါ့” ဆိုပြီး ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်။ များသောအားဖြင့် မိနစ် (၂၀) လောက်ဆို အဲဒီ သောင်းကျန်းနေတဲ့စိတ်က သူ့အလိုလို ပြန်ကျသွားတတ်တယ်။ လိုက်မလုပ်မိလိုက်ဖို့ပဲ လိုတာ။
.

၂။ အာရုံလွှဲမယ်။

ဦးနှောက်က အတင်းပူဆာနေရင် တခြားတစ်ခုခုနဲ့ လွှဲပစ်လိုက်။ ဆေးလိပ် တအားသောက်ချင်လာရင် ရေခဲရေအေးအေး တစ်ခွက်ကို ချက်ချင်းမော့သောက်ချလိုက်။ အချိုစားချင်လာရင် ပူရှိန်းပီကေတစ်ခုကို အမြန်ဝါးလိုက်။ ခန္ဓာကိုယ်ကို ရုတ်တရက် အလုပ်တစ်ခု ပေးလိုက်တာက ဦးနှောက်ကို အာရုံလွှဲသွားစေတယ်။
.

၃။ ကြိုတင် ပလန်ချမယ်။

တအားလုပ်ချင်လာတဲ့ အချိန်ဆိုတာ ဦးနှောက်က အကျိုးအကြောင်း မဆင်ခြင်နိုင်တော့ဘူး။ ဒါကြောင့် ကြိုတင် စဉ်းစားထားပါ။ “ငါ အရက် တအားသောက်ချင်လာရင် ငါ့သူငယ်ချင်းဆီ ချက်ချင်း ဖုန်းဆက်ပြီး စကားပြောမယ်” ဆိုတာမျိုးပေါ့။ (ဘီယာဆိုင်ကို ခေါ်မယ့်သူငယ်ချင်းတော့ မဖြစ်စေနဲ့ပေါ့ဗျာ)
.

နိဂုံးချုပ်ရရင်

နောက်တစ်ခါ ကိုယ်က အကျင့်ဆိုးတစ်ခုကို ဖြတ်နေတုန်း မခံမရပ်နိုင်အောင် ဖြစ်လာရင် ဒါဟာ ကိုယ့်ရဲ့ အားနည်းချက် မဟုတ်ဘူးဆိုတာကို သတိရပါ။ ကိုယ့်ဦးနှောက်ထဲက အကျင့်ဟောင်းကြီး လုံးဝပျောက်ကွယ်ခါနီး ဝေဒနာကို အကြီးအကျယ် ခံစားနေရတယ်လို့သာ မှတ်လိုက်ပါ။

ဒီ “Extinction Burst” ဆိုတဲ့ နောက်ဆုံးပိတ် ဆန္ဒပြပွဲကြီးကိုသာ ခင်ဗျားတို့ လုံးဝ (လုံးဝ) အလျှော့မပေးဘဲ တောင့်ခံနိုင်လိုက်ရင်… ခင်ဗျားတို့ ဦးနှောက်က “ဒီလူက ငါတို့ သောင်းကျန်းလည်း အလကားပဲ။ ဆေးလိပ်လေး တစ်ဖွာလောက်တောင် ပေးမတိုက်ဘူး” ဆိုတာ သဘောပေါက်သွားပြီး လက်မြှောက်အရှုံးပေးသွားပါလိမ့်မယ်။

အဲဒီ အချိုးအကွေ့လေးကိုသာ ကျော်နိုင်ပြီဆိုရင်တော့ ခင်ဗျားတို့ရဲ့ အကျင့်ဆိုးကြီးတွေကို တကယ် အနိုင်ရသွားပြီပေါ့ဗျာ…။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here