ဆုတစ်ခုတောင်းဖို့တောင် လမ်းပျောက်နေတဲ့အခါ
“ဆုတစ်ခု ပေးမယ်၊ ကြိုက်တာတောင်း” လို့ တစ်ယောက်ယောက်က လာပြောရင် ဘယ်ဆုကို အရင် စတောင်းရမလဲ။
ခဏတော့ ခေါင်းထဲ တွေဝေနေမိမှာ သေချာတယ်။တကယ်ပါ။ လောဘတွေ မတန်တဆ ကြီးနေလို့လည်း မဟုတ်ဘူး။ ရာထူးတွေ၊ စည်းစိမ်တွေ လိုချင်လွန်းလို့လည်း မဟုတ်ဘူး။ ဘာကို ဆုတောင်းရမှန်း မသိတော့အောင်ကို စိတ်ထဲမှာ မွန်းကျပ်နေလို့ပါ။
ဒီနေ့ည လက်နက်ကြီးသံ၊ ဒရုန်းသံတွေ မကြားရဘဲ အိပ်ရာဝင်ချင်တယ်လို့ တောင်းရမလား။
ကုန်ဈေးနှုန်းတွေ ဒီထက် မတက်ဘဲ ထမင်းနပ်မှန်မှန်လေး စားရပါရစေလို့ တောင်းရမလား။
တိုင်းပြည်ကြီး ငြိမ်းချမ်းပြီး အားလုံး လွတ်လပ်သွားပါစေလို့ပဲ တောင်းရမလား။
အနိမ့်ဆုံး ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ဖြစ်တဲ့ “ထမင်းနပ်မှန်ဖို့” နဲ့ “ဘေးကင်းဖို့” ကို တောင်းရမလား။
ဒါမှမဟုတ် အားလုံးအတွက် စိတ်အေးချမ်းရမယ့် ငြိမ်းချမ်းရေးကိုပဲ တောင်းရမလား။
ရင်ဘတ်ထဲမှာ လွန်ဆွဲနေရင်းနဲ့ နောက်ဆုံးတော့ ဆုတောင်းတစ်ခုတောင် ရွေးချယ်ရခက်တဲ့အထိ ဖြစ်ရတယ်။
အဆိုးဆုံးကတော့ တစ်ခါတလေ ဆုကို မတောင်းချင်တော့တာမျိုး။ အဲဒါက အရာရာကို လက်လျှော့လိုက်တာမျိုးလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် မျှော်လင့်လေ ပိုနာကျင်ရလေဆိုတဲ့ဒဏ်ကို ခါခါးသီးသီး ခံထားရတော့ စိတ်က အလိုလို အလုပ်မလုပ်တော့တာ။
ဘာမှလည်း မမျှော်လင့်တော့ဘူး၊ ဘာဆုမှလည်း မတောင်းတော့ဘူးဆိုပြီး လူရောစိတ်ရောကို ပိတ်ချထားလိုက်တယ်။
…
…
ဒါဟာ ဘာကြောင့်လဲ။
တကယ်တော့ ကျွန်မတို့တွေ ခံနိုင်ရည်ထက် ပိုပြီး ကြာရှည်စွာပဲ အဘက်ဘက်က စိတ်ဖိစီးမှုတွေကို ခံနေရလို့ပါ။ နေ့စဉ်နဲ့အမျှ မရေရာမှုတွေ၊ ကြောက်ရွံ့မှုတွေ၊ ဝမ်းနည်းစရာ သတင်းတွေကိုပဲ ကြားနေရတဲ့အခါ စိတ်က ပင်ပန်းလွန်းလို့ ဒဏ်မခံနိုင်တော့ဘဲ ထုံထိုင်းသွားတာပါ။ ဆုတောင်းတိုင်းလည်း မပြောင်းလဲဘူးလို့ ခံစားရတဲ့အခါ စိတ်က အလိုလို မောပန်းသွားတာပါ။
…
…
ဒီလို အချိန်မျိုးမှာ ကျွန်မတို့စိတ်ကို ဘယ်လိုထားကြမလဲ။
အခြေအနေတွေက ကိုယ့်ထိန်းချုပ်မှုအောက်မှာ မရှိတဲ့အခါ အရာရာကို လိုက်တွေးနေရင် ပိုမောရပါတယ်။ ဒါကြောင့် ဒီလိုကာလမှာ စိတ်မပြိုလဲအောင် ဒီနည်းလေးတွေ နေကြည့်ပါ။
၁။ တစ်ရက်စာကိုပဲ အာရုံစိုက်ပါ။
ဝေးကွာလွန်းတဲ့ အနာဂတ်အကြောင်းတွေ၊ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတွေကို ခေါင်းထဲ အများကြီးမထည့်ပါနဲ့။
ဒီနေ့ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကလေး သက်သာအောင် ဘယ်လိုနေမလဲဆိုတဲ့ ဒီနေ့တစ်ရက်စာကိုပဲ ကြည့်ပြီး ဖြတ်သန်းပါ။
.
၂။ သတင်းအချက်အလက်တွေကို ခဏ အနားပေးပါ။
သတင်းတွေ တရစပ်ဖတ်ပြီး စိတ်ဖိစီးမှု တိုးနေတာမျိုးထက် ခဏတာ ဖုန်းကိုဘေးဖယ်ထားပြီး ကိုယ့်စိတ်ကို အနားပေးပါ။
စိတ်ဒဏ်ရာကို ပိုကြီးမလာအောင် ကာကွယ်တာဟာ အတ္တဆန်တာ မဟုတ်ပါဘူး။
.
၃။ သေးငယ်တဲ့ သာမန်အရာလေးတွေကို မြတ်နိုးပါ။
လက်ဖက်ရည်ပူပူလေး သောက်ရတာ၊ အကြိုက်ဆုံး သီချင်းလေး နားထောင်ရတာ၊ ချစ်ရတဲ့သူနဲ့ ခဏတာ စကားပြောရတာမျိုး သေးငယ်တဲ့ အခိုက်အတန့်လေးတွေထဲမှာ နှလုံးသားကို ခဏ စိတ်အေးချမ်းမှုပေးပါ။
.
၄။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။
ဆုမတောင်းချင်တော့တာ၊ စိတ်ဓာတ်ကျနေတာဟာ ကိုယ်ညံ့လို့ မဟုတ်ဘဲ အခြေအနေဆိုးကြောင့် ဖြစ်ရတာမို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် စာနာနားလည်ပေးပါ။
အကယ်၍ သင်ဟာလည်း ဘာဆုတောင်းရမှန်း မသိတော့အောင် လမ်းပျောက်နေရင် ဒါမှမဟုတ် ဆုကို မတောင်းချင်တော့အောင် စိတ်ဓာတ်တွေ ပင်ပန်းနေခဲ့ရင်…
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။
ဆုမတောင်းနိုင်တော့တဲ့နေ့တွေဟာ ဝမ်းနည်းစရာ မဟုတ်ပါဘူး။
ဖုန်းကို ခဏချမယ်။
ဒီတစ်ညတော့ အတွေးတွေကို ခဏရပ်။
သက်ပြင်းတစ်ချက် ဝအောင်ရှိုက်မယ်။
မျက်လုံးမှိတ်ပြီး အိပ်စက်မယ်။
မနက်ဖြန်တော့ အသက်ရှင်နေတာကိုပဲ ကျေးဇူးတင်ရင်း ကျန်းမာစွာ နိုးထကြပါမယ်…..။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

