“မျိုးရိုးလိုက်သော ဆီးချို”
(လူနာသည် ဆေးစစ်ချက် အဖြေစာရွက်ကို ကိုင်ကာ မျက်နှာမကောင်းစွာဖြင့် ဆရာဝန်ရှေ့သို့ ရောက်လာသည်)
ဆရာဝန်။ ကိုဘမောင်… ခင်ဗျားရဲ့ သွေးစစ်တဲ့ အဖြေတွေထဲမှာ ဆီးချိုတွေက အတော်လေးကို တက်နေတာဗျ။ သတိထားမှ ရတော့မယ့် အနေအထားပဲ။
လူနာ။ ဟုတ်ကဲ့ ဆရာ။ ထင်တယ်။ ကျွန်တော်လည်း တစ်နေ့နေ့မှာ ဆီးချို ဖြစ်တော့မှာလို့။ ဘာလို့ဆိုတော့ ကျွန်တော်တို့က ဆီးချိုမျိုးရိုးကိုး။
ဆရာဝန်။ အင်း… ဆီးချိုက မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ ခင်ဗျားရဲ့ ဖခင် ဒါမှမဟုတ် အဘိုးတွေမှာရော ဒီလို ဆီးချိုရောဂါ ရှိခဲ့ဖူးတာလား။
လူနာ။ ရှိတာပေါ့ ဆရာရယ်။ ကျွန်တော့်အဘိုးဆိုလည်း ဆီးချိုနဲ့ပဲ ဆုံးသွားတာ။ ကျွန်တော့်အဖေဆိုလည်း အသက် ၄၀ ကျော်တာနဲ့ ဆီးချိုတွေတက်ပြီး မျက်စိတွေဘာတွေတောင် မှုန်ခဲ့သေးတာ။ အခု ကျွန်တော့်အလှည့် ရောက်လာတာပဲလေ။ ကျွန်တော်တို့ မျိုးရိုးကိုက ခန္ဓာကိုယ်ထဲမှာ ဆီးချိုဖြစ်မယ့်ဗီဇ အခိုင်အမာ ပါလာတာကိုး။
ဆရာဝန်။ ဟုတ်ပါပြီ။ ဒါဆို ခင်ဗျားတို့ မိသားစုရဲ့ နေ့စဉ် အစားအသောက်ပုံစံကို သိပါရစေ။ အိမ်မှာ ဘယ်လိုမျိုး အစားအသောက်တွေ အဓိက စားလေ့ရှိလဲ။ ဆီးချိုဆိုတော့ ရှောင်ရမယ့် အစားအသောက်လေးတွေ ရှိတယ်လေ။
လူနာ။ အထူးအဆန်းတွေတော့ မစားပါဘူး ဆရာရဲ့။ ပုံမှန် ထမင်းနဲ့ ဟင်းပါပဲ။
ဒါပေမယ့် အဘိုးလက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ မိသားစုဓလေ့တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့က ထမင်းစားပြီးတိုင်း အချိုတည်းတဲ့ အနေနဲ့ ‘နို့ဟင်းမလိုင်’ ကို မပါမဖြစ် နေ့တိုင်း စားကြတာပါပဲ။ နို့ဆီတွေ၊ သကြားတွေ၊ မလိုင်ခဲတွေ အိစက်နေအောင် ထည့်ပြီး ချက်ထားတဲ့ နို့ဟင်းမလိုင် အီစိမ့်စိမ့်ကိုမှ နေ့စဉ်ရက်ဆက် စွဲစွဲမြဲမြဲ စားလာခဲ့ကြတာလေ။
ဆရာဝန်။ (သက်ပြင်းရှည်ကြီး ချလိုက်ပြီး) ကိုဘမောင်ရေ… ခင်ဗျားတို့ မိသားစုမှာ ဖြစ်နေတာက သွေးထဲက ‘ဗီဇ’ ကြောင့် မျိုးရိုးလိုက်တဲ့ ဆီးချိုရောဂါ မဖြစ်နိုင်ဘူးဗျ။ အဘိုးလက်ထက်ကတည်းက နေ့တိုင်း စားလာခဲ့တဲ့ ‘နို့ဟင်းမလိုင်’ ကြီးက မျိုးရိုးစဉ်ဆက် လိုက်လာတာ။ အဲဒီ နို့ဟင်းမလိုင် စားတဲ့ အကျင့်ကိုသာ အပြတ်ဖြတ်လိုက်… ခင်ဗျားရဲ့ မျိုးရိုးလိုက် ဆီးချိုရောဂါ ချက်ချင်း ရပ်တန့် သွားလိမ့်မယ်။
…
…
(ဆီးချိုရောဂါသည် မျိုးရိုးလိုက်တတ်သည်မှာ မှန်သော်လည်း အချိုစားသုံးမှုကို ဆင်ခြင်ပါက အသက်ကြီးမှ ဖြစ်ပွားသော မျိုးရိုးလိုက် ဆီးချို ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည်။)


