စာမေးပွဲဖြေခါနီးဖြစ်ဖြစ်၊ ဆရာက ကိုယ့်နာမည်ခေါ် ထခိုင်းပြီး စာမေးတော့မယ့် အချိန်မျိုးမှာဖြစ်ဖြစ် ရင်တွေတုန်၊ လက်ဖဝါးတွေ ချွေးပြန်ပြီး ခေါင်းထဲဗလာဖြစ်သွားဖူးကြလားဗျ။ ဒါမှမဟုတ် ဆရာက ပြုံးပြီး “မင်းအဖြေက မှန်တယ်၊ တော်တယ်” လို့ ချီးကျူးလိုက်တဲ့အခါမျိုးမှာရော လူက ဘာကြောင့် ချက်ချင်းတက်ကြွပြီး ပျော်သွားရတာလဲ။

ဒါတွေအားလုံးဟာ စာသင်ခန်းထဲမှာ ကျွန်တော်တို့မမြင်ရဘဲ တိတ်တဆိတ် ကပြအသုံးတော်ခံနေကြတဲ့ “ဟော်မုန်းအဖွဲ့သားလေးတွေ” ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီဟော်မုန်းလေးတွေအကြောင်းကိုသိရင် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေအတွက် စာသင်ခန်းကို ပိုပြီးချစ်စရာကောင်း၊ ပိုပြီးပညာလိုချင်စရာကောင်းအောင် ဖန်တီးပေးလို့ရနိုင်တာကြောင့် အတူတူလေ့လာကြည့်ရအောင်။

  • ၁။ စာမေးခါနီး ရင်တုန်စေသူ “အဒရီနယ်လင်” (Adrenaline)

ဆရာက “ကဲ… ရှေ့ကလူ စာထဆို” လို့ ပြောလိုက်တာနဲ့ ရင်တွေ တဒိန်းဒိန်း ခုန်လာပြီဆိုရင် ဒါ အဒရီနယ်လင် ထွက်လာလို့ပါ။ ဦးနှောက်က ဒါကို စိန်ခေါ်မှုကြီးတစ်ခုလို့မြင်ပြီး ခန္ဓာကိုယ်ကို နိုးကြားအောင် လှုံ့ဆော်ပေးလိုက်တာ ဖြစ်ပါတယ်။

သူနဲ့အတူ စိတ်ဖိစီးမှုဟော်မုန်း Cortisol (ကော်တီစော) ပါ တွဲထွက်လာတတ်ပါတယ်။ ဆရာက အလွန်ဆူတတ်၊ ရိုက်တတ်ရင် ဒီကောင်တွေက ပုံမှန်အတိုင်းအဆထက် ပိုထွက်လာပြီး ကျောင်းသားကို ကြောက်လွန်းလို့ ခေါင်းထဲဘာမှမရှိတော့ဘဲ “ဗလာ” ဖြစ်သွားစေတတ်ပါတယ်။
.

  • ၂။ သိချင်စိတ်ကို နှိုးဆွပေးသူ “ဒိုပါမင်း” (Dopamine)

“မဖြေနိုင်လည်း ရတယ်ကွာ။ ဆရာက သဘောကောင်းတယ်။ ငါတို့တူတူ လေ့လာကြတာပေါ့” ဆိုတဲ့ လုံခြုံစိတ်ချရတဲ့ စာသင်ခန်းမျိုးမှာတော့ အကြောက်တရားနေရာမှာ Dopamine ဆိုတဲ့ ဆုလာဘ်ဟော်မုန်းက အစားထိုး ဝင်ရောက်လာပါတယ်။ သူက ကျောင်းသားတွေကို စာအသစ်အဆန်းတွေအပေါ် သိချင်စိတ် (Curiosity) ဖြစ်အောင် တွန်းအားပေးပါတယ်။

ပန်းတိုင်တစ်ခုကို လိုချင်လို့ ကြိုးစားချင်စိတ် ဖြစ်လာအောင် နောက်ကနေ ပံ့ပိုးပေးတဲ့အတွက် စာသင်ခန်းထဲမှာ Dopamine သာ အလုပ်လုပ်ရင် ကျောင်းသားတွေဟာ စာသင်ရတာကို တက်ကြွပြီး အာရုံစူးစိုက်မှု အကောင်းဆုံး အခြေအနေကို ရောက်ရှိသွားပါတယ်။
.

  • ၃။ ဆရာနဲ့ တပည့်ကြားက သံယောဇဉ်ကြိုး “အောက်ဆီတိုစင်” (Oxytocin)

“ဆရာ့ကို ယုံကြည်တယ်။ ဒီစာသင်ခန်းက ငါ့အတွက် ဘေးကင်းတယ်” ဆိုတဲ့ ခံစားချက်မျိုး ခံစားရတဲ့အခါ Oxytocin လို့ခေါ်တဲ့ နွေးထွေးမှုဟော်မုန်း ထွက်လာပါတယ်။

ဆရာ၊ ဆရာမတွေရဲ့ မေတ္တာစေတနာနဲ့ ကျောင်းသားတွေရဲ့ အပြန်အလှန် လေးစားမှုတွေ ပေါင်းစပ်သွားတဲ့အခါ ဒီဟော်မုန်းလေးက စိတ်ဖိစီးမှုတွေကို ပျောက်ကွယ်သွားစေပြီး သင်ယူမှုကို ပိုမိုမြန်ဆန်စေပါတယ်။
.

  • ၄။ ပင်ပန်းသမျှကို အမောပြေစေသူ “အန်ဒေါဖင်” (Endorphins)

စာတစ်ပုဒ်ကို နားမလည်လို့ အကြာကြီး စဉ်းစားရင်း ခေါင်းကိုက်မတတ် ဖြစ်နေရာကနေ နောက်ဆုံး ဆရာရှင်းပြလို့ တွေးမိသွားတဲ့အခါမျိုး ဒါမှမဟုတ် စာမေးပွဲကြီး ပြီးသွားလို့ ပေါ့ပါးသွားတဲ့အခါမျိုးမှာ Endorphins ထွက်လာပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ နာကျင်မှုတွေကို သဘာဝအတိုင်း ကုစားပေးတဲ့ အကိုက်အခဲပျောက်ဆေးလေး ဖြစ်ပါတယ်။

ဆရာများနှင့် ကျောင်းသားများအတွက် အကြံပြုချက်

  • ဆရာ၊ ဆရာမများအတွက်

စာသင်ခန်းကို ကြောက်စရာနေရာ (Adrenaline နယ်မြေ) အဖြစ်ကနေ “မှားလည်းပြင်ပေးမယ့် သဘောကောင်းတဲ့ဆရာ” ဆိုတဲ့ အသိမျိုးပေးပြီး Dopamine နဲ့ Oxytocin နယ်မြေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါဆိုရင် ကလေးတွေဟာ စာကို အလွတ်ကျက်စရာမလိုဘဲ အလိုလို မှတ်မိလာပါလိမ့်မယ်။

  • ကျောင်းသား၊ ကျောင်းသူများအတွက်

“အမေးခံရမှာကို မကြောက်ပါနဲ့။” မဖြေနိုင်ရင်လည်း ဆရာ့ဆီကနေ အသစ်လေ့လာမယ်ဆိုတဲ့ အကောင်းမြင်စိတ် (Growth Mindset) မွေးမြူလိုက်တာနဲ့ သင့်ဦးနှောက်ဟာ စိုးရိမ်စိတ်တွေ လျော့ကျပြီး စာကို ပိုမိုစူးစိုက် မှတ်သားနိုင်တဲ့ အခြေအနေကို ချက်ချင်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

စာသင်ခန်းဆိုတာ စာအုပ်တွေတင်မကဘဲ အခုလို ချစ်စရာကောင်းတဲ့ ဟော်မုန်းလေးတွေ တူတူလှုပ်ရှားရုန်းကန်နေတဲ့ ရင်ခုန်စရာ နေရာလေးတစ်ခု ဖြစ်ပါကြောင်း လက်တို့လိုက်ရပါတယ် ခင်ဗျာ။ 🙏

Reference

  • Vogel S, Schwabe L. Learning and memory under stress: implications for the classroom. NPJ Science of Learning. 2016;1(1):16011.
  • Gruber MJ, Gelman BD, Ranganath C. States of curiosity modulate hippocampus-dependent learning via the dopaminergic brain system. Neuron. 2014;84(5):1086-1096.

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here