ကိုယ်ဟာ လမ်းမှာတွေ့တဲ့ ရင်းနှီးတဲ့သူငယ်ချင်းကိုတောင် နှုတ်မဆက်ဘဲ မျက်နှာလွှဲခဲ့ဖူးသလား။ ဒါမှမဟုတ် ရုပ်ရှင်ကြည့်ရင် ဇာတ်ကောင်တွေ ဘယ်သူမှန်း မကွဲပြားတော့ဘဲ ရောထွေးကုန်တာမျိုးရော ဖြစ်ဖူးလား။

တကယ်တော့ ဒါဟာ “Prosopagnosia” လို့ခေါ်တဲ့ မျက်နှာတွေကို မှတ်ရခက်တဲ့ ဝေဒနာကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်မျိုး Face Blindness လို့လည်း ခေါ်ပါတယ်။

ဒါဟာ မျက်စိကြောင့် ဒါမှမဟုတ် အမြင်အာရုံချို့တဲ့လို့ မဟုတ်ပါဘူး။ ဦးနှောက်က မျက်နှာတွေကို မှတ်သားတဲ့စနစ်မှာ ချို့ယွင်းနေတာမျိုးပါ။

• ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။

လူတစ်ယောက်ရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို အကောင်းအတိုင်း မြင်ရပေမယ့် အဲဒီအစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး “ဒါကတော့ ဘယ်သူပဲ” ဆိုတဲ့ ပုံရိပ်အဖြစ် ဦးနှောက်က ပုံမဖော်ပေးနိုင်တာပါ။

အဆိုးဆုံးအခြေအနေတွေမှာဆိုရင် ကိုယ့်မျက်နှာကိုယ် မှန်ထဲမှာ ပြန်ကြည့်ရင်တောင် သူစိမ်းလို ဖြစ်နေတတ်ပါတယ်။ မိဘ၊ အိမ်ထောင်ဖက်နဲ့ သားသမီးတွေရဲ့ မျက်နှာတွေကိုတောင် အခြေအနေအရ ကြည့်ပြီး ခန့်မှန်းမှတ်မိဖို့ ကြိုးစားရတတ်ပါတယ်။

မျက်နှာကို မှတ်ရခက်တဲ့အခါ သူတို့ရဲ့ အသံ၊ လမ်းလျှောက်ပုံ၊ ဆံပင်စတိုင်၊ မျက်မှန်၊ ဝတ်တတ်တဲ့ အင်္ကျီအရောင် ဒါမှမဟုတ် သူတို့ကိုင်လေ့ရှိတဲ့ အိတ်လိုမျိုး အရာတွေကို ကြည့်ပြီးမှ “ဒါကတော့ ဘယ်သူပဲ” လို့ ခွဲခြားကြရပါတယ်။

ရုပ်ရှင်ကြည့်ရင်လည်း ဇာတ်လမ်းကို နားလည်ပေမယ့် မင်းသားနှစ်ယောက်က ရုပ်ဆင်နေရင် ဒါမှမဟုတ် လူပြောင်းသွားရင် ဘယ်သူက ဘယ်သူမှန်း မကွဲတော့ဘဲ မျက်စိလည်သွားတတ်ပါတယ်။
.

• ဘာကြောင့် ဖြစ်ရတာလဲ။

မွေးရာပါလည်း ဖြစ်နိုင်ပါတယ်။ မွေးကတည်းက ဒီဝေဒနာက ပါလာတာမျိုးပါ။ ဒါက မျိုးရိုးလိုက်တတ်သလို Autism (အော်တစ်ဇင်) ရှိသူတွေမှာလည်း ပိုအဖြစ်များတတ်ပါတယ်။

မွေးရာပါမဟုတ်ဘဲ အရွယ်ရောက်မှ ဦးနှောက်ရဲ့ မျက်နှာမှတ်သားတဲ့နေရာလေး ထိခိုက်သွားတာ၊ ဦးခေါင်းဒဏ်ရာရတာ၊ လေဖြတ်တာ၊ အကျိတ်ဖြစ်တာ ဒါမှမဟုတ် ဦးနှောက်ထဲ ပိုးဝင်တာမျိုးတွေကြောင့်လည်း ရုတ်တရက် Face Blindness ဖြစ်သွားနိုင်ပါတယ်။
.

• စိတ်ပိုင်းဆိုင်ရာ ဘယ်လိုသက်ရောက်မှုရှိလဲ။ (ဒါက တကယ် အရေးကြီးပါတယ်)

ဒီဝေဒနာရှင်တွေဟာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်ရပါတယ်။

လူကြားထဲ အထီးကျန်ခြင်း
လူအုပ်ထဲမှာ ကိုယ့်လူတွေ ရှိနေမှန်း သိပေမယ့် ဘယ်သူမှန်း ရှာမရတဲ့အခါ တအား အားငယ်တတ်ကြပါတယ်။

အမြဲတမ်း စိုးရိမ်နေရခြင်း
ကိုယ့်ကို လှမ်းနှုတ်ဆက်တဲ့သူကို မမှတ်မိလို့ ပြန်မနှုတ်ဆက်မိရင် တစ်ဖက်လူ စိတ်ထိခိုက်သွားမှာ အထင်လွဲမှာကို အမြဲကြောက်နေရပါတယ်။

“ချေတယ်၊ မောက်မာတယ်” ဟု အထင်ခံရခြင်း
“ငါ့ကိုတောင် မေ့သွားပြီလား၊ မမှတ်မိတော့ဘူးပေါ့” လို့ အပြောခံရတိုင်း ရှင်းပြရတာ ပင်ပန်းသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

ဆက်ဆံရေးတွေ ဝေးကွာခြင်း
“မင်းက ငါ့ကို မသိချင်ယောင်ဆောင်နေတာ၊ ဂရုမစိုက်တာ” လို့ အပြောခံရတဲ့အခါ နားလည်မှုလွဲပြီး သူငယ်ချင်းတွေ၊ ချစ်သူတွေနဲ့ အဆင်မပြေ ဖြစ်တတ်ပါတယ်။

အရှက်ရမှာ ကြောက်ခြင်း
ကိုယ်က မျက်နှာတွေကို မမှတ်မိလို့ အမှားအယွင်းဖြစ်မှာ ကြောက်တဲ့အတွက် လူစုလူဝေးရှိတဲ့နေရာတွေကို မသွားဘဲ ရှောင်ဖယ်လာတတ်ပါတယ်။ ဒီအကျိုးဆက်အနေနဲ့ကတော့ လူမှုရေးအရ ဖယ်ကြဉ်သွားတာ၊ စိုးရိမ်စိတ် လွန်ကဲတာနဲ့ စိတ်ဓာတ်ကျတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
.

• ဘယ်လို ဖြေရှင်းမလဲ။

လက်ရှိမှာတော့ ဒါကို ပျောက်အောင် ကုနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ဒါပေမယ့် အသားကျအောင် နေထိုင်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

☑️ အမှတ်အသားနဲ့ မှတ်သားပါ
“ဒီလူက ပြုံးရင် ပါးချိုင့်ပါတယ်”၊ “ဒီလူက အသံဝဲတယ်” စသဖြင့် မျက်နှာမဟုတ်တဲ့ တခြားအချက်အလက်တွေကို စိတ်ထဲက မှတ်ထားပါ။

☑️ ပတ်ဝန်းကျင်ကို ကြည့်ပါ
ဘယ်နေရာမှာ တွေ့တာလဲ (ဥပမာ- ရုံးခန်းထဲမှာ တွေ့ရင် ဒါက လုပ်ဖော်ကိုင်ဖက် ဖြစ်နိုင်တယ်) ဆိုတဲ့ အချက်အလက်ကို သုံးပါ။

☑️ ပွင့်ပွင့်လင်းလင်း ပြောပြပါ
ကိုယ့်မှာ ဒီလို အခက်အခဲရှိတာကို သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကြိုပြောထားတာက နားလည်မှုလွဲတာကို (၈၀%) လောက် လျှော့ချပေးနိုင်ပါတယ်။

Face Blindness ဟာ လူ (၁၀၀) မှာ (၂) ယောက်လောက် ခံစားနေရနိုင်တဲ့ အခြေအနေတစ်ခုပါ။

သင်ဟာ ဒီလိုဖြစ်နေတယ်ဆိုရင် ဒါဟာ သင့်အပြစ်မဟုတ်သလို သင်တစ်ယောက်တည်း ဖြစ်နေတာမျိုးလည်း မဟုတ်ပါဘူး။

အကယ်၍ အနီးအနားမှာ ဒီလိုလူမျိုးရှိရင်လည်း
“ငါ့ကို မှတ်မိလား” လို့ စမ်းသပ်မယ့်အစား
“ငါ ဘယ်သူပါ” လို့ အရင်မိတ်ဆက်ပေးပြီး
“နေကောင်းလား” လို့ ဖော်ဖော်ရွေရွေ မေးပေးလိုက်တာက သူတို့အတွက် အကြီးမားဆုံး အကူအညီ ဖြစ်ပါလိမ့်မယ်…..။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here