ဒီနေ့တော့ ကျွန်မဆီကို ရင်ဖွင့်လေ့ရှိတဲ့ လူငယ်တွေထဲမှာ အဖြစ်အများဆုံးနဲ့ ခံစားရအခက်ခဲဆုံး စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုအကြောင်း ပြောပြချင်ပါရစေ။

အလုပ်မှာ ရာထူးတိုးလို့ ဒါမှမဟုတ် စာမေးပွဲမှာ အမှတ်ကောင်းလို့ ပတ်ဝန်းကျင်က ဝိုင်းချီးကျူးတဲ့အခါ အားနာသလိုလို၊ ရှက်သလိုလိုနဲ့ “အာ… မဟုတ်ပါဘူး။ ဒီတစ်ခေါက် ကံကောင်းသွားလို့ပါ” ဆိုပြီး အတင်းငြင်းမိဖူးပါသလား။

လူတွေက ကိုယ့်ကို “တော်လိုက်တာ” လို့ ပြောကြပေမယ့် အတွင်းစိတ်ထဲမှာတော့ “ငါ တကယ်တော်လို့ မဟုတ်ပါဘူး။ သူတို့ ငါ့ကို အထင်ကြီးနေကြတာ။ တစ်နေ့ကျရင်တော့ ငါဘာမှမသိတာ၊ မတော်တာကို အားလုံး သိသွားကြတော့မှာပဲ” ဆိုပြီး တိတ်တဆိတ် စိုးရိမ်ပြီး ကြောက်နေမိသလား။

ဒီလိုခံစားချက်မျိုး ရှိနေရင် အရင်ဆုံးကတော့ ဒါဟာ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာတော့ မဟုတ်ပါဘူးဆိုတာပါပဲ။

ဒါကို စိတ်ပညာမှာ Imposter Syndrome (ကိုယ့်ကိုယ်ကိုယ် လူလိမ်တစ်ယောက်လို ခံစားနေရခြင်း) လို့ ခေါ်ပါတယ်။

Imposter သမားတွေရဲ့ အတွင်းစိတ် သဘောကိုက ထူးဆန်းပါတယ်။ အောင်မြင်မှုတစ်ခု ရဖို့အတွက် ညမအိပ်ဘဲ ကြိုးစားခဲ့ရတယ်။ ခေါင်းခြောက်ခံခဲ့ရတယ်။ ဒါပေမယ့် ရလဒ်ကောင်း ထွက်လာတဲ့အခါကျတော့ ကိုယ့်ရဲ့ ပေးဆပ်မှုကို အသိအမှတ်မပြုတော့ဘဲ “ငါ ကံကောင်းသွားတာပါ” ဆိုပြီး ကံကို အလွယ်တကူ ပုံချလိုက်တာမျိုးပါ။

အချက် ၁၀၀ မှာ ၉၉ ချက် အောင်မြင်နေပါလျက်နဲ့ လွဲချော်သွားတဲ့ အချက်သေးသေးလေး ၁ ချက်တည်းကိုပဲ တစိုက်မတ်မတ် ကြည့်ပြီး “တွေ့လား… ငါက ညံ့ပါတယ်ဆို” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ လမ်းစရှာတတ်ကြပါသေးတယ်။

ဒါပေမယ့် တကယ်စိတ်ဝင်စားဖို့ကောင်းတာက ဒီစိတ်ဟာ အပျင်းထူတဲ့သူတွေ၊ တကယ်မတော်တဲ့သူတွေမှာ လုံးဝမဖြစ်ပါဘူးလို့ ဆိုပါတယ်။ အမြဲကြိုးစားနေတတ်တဲ့သူတွေ၊ အလုပ်ကို သေချာလုပ်တတ်တဲ့ High-achievers တွေမှာပဲ အဖြစ်များတာပါ။

ဆိုတော့ ဦးစွာ ခံစားချက်နဲ့ အမှန်တရားကို ခွဲခြားပါ။

ကျွန်မအနေနဲ့ စိတ်ကျန်းမာရေး ရှုထောင့်ကနေ အားပေးချင်တာက ဒါဟာ ဆေးသောက်ရမယ့် စိတ်ရောဂါတစ်ခုတော့ မဟုတ်ဘူးဆိုတာပါပဲ။ ဒါပေမယ့် မကုစားရင်တော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပင်ပန်းနေစေမယ့် စိတ်အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါကို ကျွန်မတို့ ဘယ်လို အတူတူ ကျော်ဖြတ်ကြမလဲ။

  • ခံစားချက်က အချက်အလက် Fact တစ်ခု မဟုတ်ပါ။

“ငါက လူညံ့ပဲ” လို့ စိတ်ထဲက ခံစားရတိုင်း ဒါဟာ တကယ့်အမှန်တရား မဟုတ်ပါဘူး။ ခံစားချက်နောက်ကို အတွေးတွေ လိုက်မသွားပါနဲ့။
.

  • ရလဒ်နဲ့ သက်သေကို ကြည့်ပါ။

“ငါ ကံကောင်းလို့ ဖြစ်တာ” လို့ တွေးမိတဲ့အခါ အတိတ်မှာ ရိုးသားစွာကြိုးစားခဲ့တဲ့ နေ့ရက်တွေကို သက်သေအဖြစ် ပြန်ကြည့်ပါ။ တစ်ရက်ချင်းစီ ကြိုးစားထုဆစ်ခဲ့တဲ့ အချိန်တွေကို ပြန်မြင်ယောင်ကြည့်ပါ။ အရည်အချင်းရှိလို့၊ ဇွဲလုံ့လနဲ့ လက်မလျှော့ခဲ့မှုကြောင့်သာ ဒီနေရာကို ရောက်နေတာ မဟုတ်လား။
.

  • ချီးကျူးစကားကို လက်ခံပါ။

တစ်ယောက်ယောက်က “တော်လိုက်တာ” လို့ ပြောရင် အတင်းငြင်းမယ့်အစား “ကျေးဇူးတင်ပါတယ်” လို့ ပြုံးပြုံးလေး လက်ခံလိုက်ပါ။
.

  • ကိုယ့်ကိုယ်ကိုယ် ချီးကျူးခွင့် ပေးလိုက်ပါ။

နောက်တစ်ခါ ကိုယ့်ကိုယ်ကိုယ် လူလိမ်တစ်ယောက်လို ခံစားရပြီး “ငါ တကယ်ရော တော်ရဲ့လား” လို့ သံသယဝင်လာရင် ဒီစကားလေးကို သတိရပေးပါ။

ကံကောင်းလို့ ဒီနေရာကို ရောက်လာတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပင်ပန်းမှု၊ ကိုယ့်ရဲ့ အရည်အချင်းတွေကြောင့်ပဲ လက်ရှိနေရာကို ထိုက်တန်စွာ ရောက်လာတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ အောင်မြင်မှုကို အပြည့်အဝ ပိုင်ဆိုင်ခွင့် ပေးလိုက်ပါ။ အသိအမှတ်ပြုလိုက်ပါ။ ကိုယ့်ရဲ့ ရိုးသားတဲ့ အောင်မြင်မှုအတွက် ကံကိုလည်း ယိုးမယ်မဖွဲ့ပါနဲ့။ ဘယ်သူ့ကိုမှလည်း အားနာတာမျိုး မဖြစ်ပါနဲ့။

ဘဝက တိုတိုလေးလို့ ဆိုကြတယ်မလား။ ဒါကြောင့် ကိုယ့်ဘဝအတွက် ကိုယ့်ရဲ့ ကြိုးစားမှုကို ကိုယ်တိုင်က ပထမဆုံး အသိအမှတ်ပြုပေးကြရအောင်လားရှင်….။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here