ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း – ၂)

✳ ချက်ချင်းလက်ငင်း ခံစားရမည့် လက္ခဏာများ

ဆေးခြောက်သုံးလိုက်ရင် ခံစားရမယ့် အာနိသင်က ဆေးပြင်းအား၊ သုံးတဲ့နည်းလမ်းနဲ့ ခန္ဓာကိုယ် တုံ့ပြန်နိုင်စွမ်းအပေါ် မူတည်ပါတယ်။ ယေဘုယျအားဖြင့် စသုံးလိုက်တာနဲ့ “ဟိုက်” ဖြစ်သွားကာ စိတ်တွေ လွတ်လပ်ပေါ့ပါးပြီး ပြုံးစိစိဖြစ်လာမယ်။ ဒါက ဦးနှောက်ထဲက (ဆုလက်ဆောင်ပေးတဲ့စနစ်လို့ တင်စားခေါ်ဝေါ်ကြတဲ့) Reward System ကို THC က ဆွလိုက်လို့ ဒိုပါမင်းတွေ ဒလဟောထွက်လာတဲ့ အကျိုးပါ။

လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရပြီး မြင်ရတဲ့အရောင်တွေ ပိုတောက်ကာ ကြားရတဲ့အသံတွေ ပိုကြည်လင်လာတတ်ပါတယ်။ အဆိုးဆုံးကတော့ အချိန်အာရုံလွဲမှားခြင်းပါပဲ။ လက်တွေ့မှာ ငါးမိနစ်ပဲ ကြာသေးပေမယ့် စိတ်ထဲမှာ နာရီဝက်လောက် ကြာသွားသလို ထင်နေတတ်တယ်။

မှတ်ဉာဏ်ပိုင်းမှာလည်း THC က ဦးနှောက်ရဲ့ မှတ်ဉာဏ်ထိန်းချုပ်ရာနေရာကို နှောင့်ယှက်လို့ ကာလတို မှတ်ဉာဏ်တွေ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ စကားပြောရင်း “ငါ ခုနက ဘာပြောနေတာလဲ” ဆိုပြီး ကြောင်တောင်တောင် ဖြစ်သွားတတ်သလို စဉ်းစားဆင်ခြင်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတွေလည်း ကျဆင်းသွားပါတယ်။

ခန္ဓာကိုယ်ပိုင်းမှာ မိနစ်ပိုင်းအတွင်း နှလုံးခုန်နှုန်းက တစ်မိနစ်ကို အချက် (၂၀) ကနေ (၅၀) အထိ ရုတ်တရက် မြန်လာပါတယ်။ နှလုံးအပြင်းအထန် အလုပ်လုပ်ရလို့ သွေးကြောတွေကျယ်လာပြီး သွေးပေါင်ကျတတ်ပါတယ်။ မျက်လုံးသွေးကြောတွေ ဖောင်းလာလို့ မျက်လုံးနီရဲလာသလို၊ တံတွေးဂလင်းတွေ ပိတ်သွားတဲ့အတွက် ပါးစပ်နဲ့အာခေါင် ခြောက်ကပ်ကပ်ဖြစ်လာတဲ့ “Cottonmouth” လည်း ခံစားရပါတယ်။

နောက်ထပ်ပြဿနာက “The Munchies”လို့ ခေါ် တဲ့ အငမ်းမရ ဗိုက်ဆာလာခြင်းပါ။ THC က အစာစားချင်စိတ် ထိန်းချုပ်ရာနေရာနဲ့ အနံ့ခံအာရုံကြောကို လှည့်စားလိုက်လို့ ဗိုက်ပြည့်နေရင်တောင် အငမ်းမရ စားပစ်လိုက်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ စားလိုက်တဲ့ အစာတိုင်းကလည်း အနံ့အရသာနဲ့ ပြည့်စုံလွန်းနေတော့တာကိုး။

THC ပြင်းအားများလွန်းရင် (သို့) အတွေ့အကြုံမရှိဘဲ သုံးမိရင်တော့ “Bad Trip” ဆိုတဲ့ အလွန်တရာမှ ဆိုးဝါးလှတဲ့ လက္ခဏာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဦးနှောက်ရဲ့ အကြောက်တရား ထိန်းချုပ်ရာနေရာကို အလွန်အကျွံ ဆွလိုက်မိသလိုဖြစ်ပြီး ရုတ်တရက် ထိတ်လန့်တာ (Panic attacks)၊ ယုံမှားသံသယ လွန်ကဲတာတွေ ဝင်လာတတ်ပါတယ်။ သွေးပေါင်ကျလို့ မတ်တတ်ရပ်လိုက်ရင် မျက်လုံးတွေပြာဝေပြီး ခေါင်းမူးတတ်ပါတယ်။

ပမာဏများလွန်းရင် ကယောင်ကတမ်းဖြစ်တာ (Acute Psychosis) အထိပါ ဖြစ်နိုင်ပါတယ်။

သုံးစွဲနည်းအရ အခိုးအငွေ့ရှူတာက မိနစ်ပိုင်းအတွင်း ချက်ချင်းအာနိသင်ပြပြီး (၁) နာရီမှ (၃) နာရီအတွင်း ပြယ်ပါတယ်။ ဒါပေမယ့် အစားအသောက်ထဲ ထည့်လုပ်ထားတဲ့ (Edibles) တွေက အာနိသင်ပြဖို့ နာရီဝက်ကနေ နှစ်နာရီလောက် ကြာတတ်လို့ ဘာမှမဖြစ်သေးဘူးဆိုပြီး ထပ်စားမိရင် (၄) နာရီမှ (၈) နာရီအထိ ရှည်လျားစွာ ဒုက္ခပေးတတ်ပါတယ်။

✳ အချိန်ကြာလာတဲ့အခါ ခံစားရမယ့် လက္ခဏာများ

ရေရှည်သုံးလာရင် ခန္ဓာကိုယ်နဲ့ ဦးနှောက်က ပေးဆပ်ရမယ့်တန်ဖိုး ကြီးမားလာပြီး ဆယ်ကျော်သက်အရွယ်မှာ စသုံးမိရင် ပိုဆိုးပါတယ်။

ဦးနှောက်ဟာ အသက် (၂၅) နှစ်ဝန်းကျင်အထိ ဖွံ့ဖြိုးနေဆဲဖြစ်ရာ အဲဒီအရွယ်မတိုင်ခင် THC တွေ အဆက်မပြတ် ဝင်လာရင် ဦးနှောက်တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံပါ ပြောင်းလဲသွားပါတယ်။ ဆယ်ကျော်သက်ကတည်းက အလွန်အကျွံ သုံးစွဲလာခဲ့သူတစ်ယောက်က ဉာဏ်ရည် (IQ) ၈ မှတ်လောက် ကျဆင်းတတ်ပြီး ဆေးဖြတ်ရင်တောင် ပြန်မတက်တော့ပါဘူး။ သင်ယူနိုင်စွမ်းကျဆင်းကာ ဘာမှကြိုးစားချင်စိတ်မရှိတော့တဲ့ “Amotivational Syndrome” ဖြစ်လာတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာမှာလည်း မျိုးရိုးထဲဖြစ်ဖို့ စိတ်ရောဂါအခံရှိသူတွေဟာ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) အလားအလာ များပါတယ်။ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်မှုကို သက်သာအောင် သုံးတတ်ကြပေမယ့် ရေရှည်မှာတော့ ရောဂါကို ပိုဆိုးစေပါတယ်။

ခန္ဓာကိုယ်မှာ အဆုတ်ကို အရင်ဆုံးထိပါတယ်။ မီးခိုးငွေ့ရှူရလို့ ဆေးလိပ်လိုပဲ အဆိပ်အတောက်တွေ ပါဝင်ပြီး ရေရှည်သုံးရင် ချောင်းနာတာရှည်ဆိုးမယ်၊ သလိပ်ထွက်မယ်၊ အဆုတ်ပြွန်ရောင်မယ်။ ဒါပေမယ့် ဆေးခြောက်ကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။

နောက်ထပ် ရှားပါးရောဂါကတော့ Cannabinoid Hyperemesis Syndrome (CHS) ပါ။ ဆေးခြောက် အလွန်အကျွံသုံးစွဲသူတချို့မှာ ဖြစ်တတ်ပြီး ရုတ်တရက် အပြင်းအထန် ပျို့အန်တာပါ။ အဲလိုဖြစ်ရင် သက်သာစေတဲ့ဆေးတော့ မရှိသေးပါဘူး။

ရေရှည်မှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ သုံးရင် ကလေးဆီ THC ရောက်ပြီး ကလေး ပေါင်ချိန်မပြည့်တာ၊ လမစေ့ဘဲမွေးတာနဲ့ အာရုံစူးစိုက်မှု အားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။

✳ “ငါမစွဲပါဘူးကွာ” ဆိုတဲ့ လိမ်ဆင်

“သဘာဝအပင်မို့ လုံးဝ မစွဲဘူး” ဆိုတာ ခေတ်သစ် သိပ္ပံပညာအရ လုံးဝ မှားယွင်းပါတယ်။ ဆေးခြောက်က စွဲပြီး သုံးစွဲသူ ၃၀ ရာခိုင်နှုန်းလောက်ဟာ ဆေးစွဲခြင်း (Cannabis Use Disorder – CUD) ကို ခံစားရတတ်ပါတယ်။

စွဲလမ်းခြင်းကို နားလည်ဖို့ ဦးနှောက်အစိတ်အပိုင်း သုံးခုကို ကြည့်ရပါမယ်။

  • Basal Ganglia (Reward circuit)
    ဆေးသုံးတိုင်း ဒိုပါမင်း ထုတ်ပေးလို့ ကြိမ်ဖန်များလာရင် ဆေးမပါဘဲ သာယာမှု မခံစားနိုင်တော့ပါဘူး။
  • Extended Amygdala
    စိတ်ဖိစီးမှု ထိန်းချုပ်တဲ့နေရာပါ။ ဆေးစွဲလာရင် အကဲဆတ်လာပြီး ဆေးအရှိန်ပြယ်တာနဲ့ စိုးရိမ်စိတ်၊ ဒေါသတွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ဒုက္ခတွေကို မခံစားနိုင်လို့ ဆေးပြန်သုံးရတဲ့ သံသရာထဲ ရောက်သွားပါတယ်။
  • Prefrontal Cortex
    ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာဖြစ်ပြီး ရေရှည်မှာ အားနည်းသွားလို့ မှားမှန်းသိလျက်နဲ့ ဆေးသုံးချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပါဘူး။

စွဲလမ်းရတဲ့ အကြောင်းရင်းကတော့ ပိုများများသုံးမှ အရင်လို ခံစားချက်ရတဲ့ “ဆေးမတိုးတော့ခြင်း” ကနေစပြီး ဆေးမရှိရင် ခန္ဓာကိုယ် ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့ “မှီခိုလာခြင်း” အဆင့် ရောက်သွားပါတယ်။

ဆေးရုတ်တရက်ဖြတ်ရင် “ဆေးဖြတ်လက္ခဏာများ” ကို ခံစားရပါတယ်။ အသက်အန္တရာယ် မရှိလောက်ပေမယ့် စိတ်တိုလွယ်မယ်၊ အိပ်မပျော်ဘူး၊ အိပ်မက်ဆိုးမက်မယ်၊ စိတ်ဓာတ်ကျပြီး အစားစားချင်စိတ် မရှိတော့ပါဘူး။ ဒါတွေကို မခံစားနိုင်လို့ ဆေးပြန်သုံးမိကြတာပါ။

အသက် ၁၈ နှစ်မတိုင်ခင် စသုံးခဲ့သူတွေဟာ လူကြီးဖြစ်မှ စသုံးသူတွေထက် ဆေးစွဲဖို့ (၄) ဆမှ (၇) ဆအထိ ပိုများပါတယ်။ THC ပြင်းအားများတဲ့ ပစ္စည်းသုံးသူတွေ ပိုလျင်မြန်စွာ ဆေးစွဲတတ်ပါတယ်။ မျိုးရိုးထဲ မူးယစ်ဆေးပြဿနာရှိသူ၊ စိတ်ဒဏ်ရာ ရထားသူ၊ ဆေးသုံးတာကို လက်ခံတဲ့ အသိုက်အဝန်းကလာသူတွေနဲ့ ADHD လို စိတ်ကျန်းမာရေးဝေဒနာ အခံရှိသူတွေဟာ ဆေးစွဲသွားဖို့ အလွန်လွယ်ကူပါတယ်။

(နောက်ဆုံးပိုင်းဖြစ်တဲ့ အပိုင်း – ၃ မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို အသေးစိတ် ပြောပြသွားပါမယ်။

အပိုင်း – ၁ ကို လင့်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်)

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here