ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း – ၃)

ဆေးခြောက်အပင်ကပေးတဲ့ သာယာမှု၊ ဆေးစွမ်းထက်မှုတွေကို အမွှမ်းတင်ပြီးရင်တော့ လောကကြီးရဲ့ နိယာမအတိုင်း အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ သဘောတရားကိုလည်း မျက်ကွယ်ပြုထားလို့ မရပြန်ပါဘူး။ “အကြွေးယူရင် ပြန်ဆပ်ရမယ်” ဆိုတဲ့ စကားလိုပါပဲ။ ဆေးခြောက်ကို ရေရှည် အလွန်အကျွံ သုံးစွဲလာတဲ့အခါ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာက ဘယ်လို အကြွေးတွေ ပြန်ဆပ်ရမလဲဆိုတာကို ဆက်ပြောပြပါမယ်။

✳ ခန္ဓာကိုယ်ကြီးအပေါ် ရေရှည်ပေးဆပ်ရမယ့် အကြွေးများ

လူတော်တော်များများက ဆေးခြောက်ကို သဘာဝအပင်ပဲလေဆိုပြီး ပေါ့ပေါ့တန်တန် တွေးတတ်ကြပါတယ်။ ဟုတ်ပါတယ်။ သဘာဝကလာတိုင်း အန္တရာယ်ကင်းတယ်လို့ ယူဆရင် မှားသွားပါလိမ့်မယ်။ ဆေးခြောက်ကို ရေရှည်သုံးစွဲလာတဲ့အခါ အောက်ပါ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

  • အဆုတ်ကို ဒုက္ခပေးခြင်း

ဆေးခြောက်ကို အများဆုံးသုံးစွဲတဲ့ နည်းလမ်းက မီးရှို့သောက်တာ (Smoking) ပါပဲ။ “မီးခိုးဆိုတာ မီးခိုးပါပဲ”။ သစ်ရွက်ကို မီးရှို့လို့ ထွက်လာတဲ့ မီးခိုးငွေ့တိုင်းမှာ အဆုတ်ကို ဒုက္ခပေးနိုင်တဲ့ ကာဗွန်မိုနောက်ဆိုဒ်တွေ၊ ကတ္တရာတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေစမြဲပါ။ ဆေးခြောက်ကို နေ့စဉ်ရက်ဆက် ဖွာနေတဲ့ သူတစ်ယောက်ရဲ့ အဆုတ်ဟာ ဆေးလိပ်သမား တစ်ယောက်ရဲ့ အဆုတ်လိုပဲ ယိုယွင်းလာပြီး နောက်ဆုံးတော့ နာတာရှည် လေပြွန်ရောင်ရောဂါကြီး စွဲကပ်သွားတတ်ပါတယ်။

  • နှလုံးနဲ့ သွေးကြောများကို ဝန်ပိစေခြင်း

THC ဓာတ် သွေးကြောထဲ ရောက်တာနဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အချက် (၂၀) ကနေ (၅၀) အထိ မြန်သွားပါတယ်။ သွေးကြောတွေ ကျယ်လာပြီး သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားရာကနေ၊ အဲဒီလို ကျသွားတာကို ကာဗာလုပ်ဖို့ နှလုံးက အပြင်းအထန် အလုပ်လုပ်ရတဲ့အခါ သွေးပေါင်က ပြန်ပြီး ထိုးတက်သွားတတ်ပြန်ရော။ ဒါဟာ နှလုံးရောဂါ အခံရှိတဲ့သူတွေမှာ ရုတ်တရက် နှလုံးသွေးကြောပိတ်တာနဲ့ လေဖြတ်တာမျိုးတွေ ဖြစ်နိုင်ခြေ သာမန်လူတွေထက် အဆပေါင်းများစွာ မြင့်မားသွားပါတယ်။

  • အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ

ပျို့အန်တာကို သက်သာစေတဲ့ ဆေးခြောက်ကို အရမ်းအများကြီး နှစ်ပေါက်အောင် သုံးတဲ့သူတချို့မှာ စနစ်ပြောင်းပြန်လှန်ထွက်ပြီး အလွန်အမင်း ပျို့အန်ပါတော့တယ်။ ဆေးရုံသွားပြီး ဆေးထိုးလည်း မရပါဘူး။ ထူးဆန်းတာက ရေလေးနဲ့ ရေချိုးလိုက်ရင် ခဏတာ သက်သာစေပြီး ရေချိုးခန်းထဲက ထွက်တာနဲ့ ပြန်အန်ပါတယ်။ လုံးဝ သက်သာချင်ရင်တော့ ဆေးခြောက် သုံးစွဲနေတာကို ဘဝတစ်သက်တာလုံး ရပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။

  • ကိုယ်ဝန်ဆောင်များနှင့် သန္ဓေသား အန္တရာယ်

THC ဓာတ်ဟာ အချင်းကို အလွယ်တကူ ဖြတ်သန်းသွားနိုင်တဲ့အတွက် ဗိုက်ထဲက ကြီးထွားဆဲ သန္ဓေသားလေးဆီကို တိုက်ရိုက် ရောက်သွားပါတယ်။ ကလေးက ပုံမှန်မဖွံ့ဖြိုးတော့ဘဲ လမစေ့ဘဲ မွေးတာ၊ ပေါင်ချိန် မပြည့်တာတွေ ဖြစ်လာတဲ့အပြင် ကလေးကြီးလာတဲ့အခါမှာလည်း အာရုံစူးစိုက်လို့ မရတာ၊ မှတ်ဉာဏ် အားနည်းတာ၊ ပြဿနာဖြေရှင်းနိုင်စွမ်း ညံ့ဖျင်းတာစတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ တစ်သက်လုံး ပါသွားတတ်ပါတယ်။

✳ စိတ်နဲ့ ဦးနှောက်ပေါ် သက်ရောက်တဲ့ ဆိုးကျိုးများ

ဦးနှောက်ဆိုတာ အသက် (၂၅) နှစ်လောက်အထိကို ရွှံ့စေးပျော့ပျော့လေးတစ်ခုလို ပုံသွင်းလို့ ရနေသေးတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီလို ဖွံ့ဖြိုးဆဲ ဆယ်ကျော်သက်အရွယ်မှာ THC ဓာတ်တွေ အဆက်မပြတ် ဝင်လာတဲ့အခါ ဦးနှောက်ရဲ့ တည်ဆောက်ပုံကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားပါတော့တယ်။

  • ဉာဏ်ရည်ကျဆင်းခြင်း

ဆယ်ကျော်သက်အရွယ်ကတည်းက အမြဲတမ်း သုံးစွဲလာတဲ့ ကလေးတွေဟာ စာသင်ခန်းထဲမှာ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အဲဒီကလေးတွေ အရွယ်ရောက်လာတဲ့အခါမှာ မူလရှိသင့်တဲ့ ဉာဏ်ရည် (IQ) ထဲကနေ ပျမ်းမျှ ၈ မှတ်လောက်အထိ ထာဝရ ဆုံးရှုံးသွားပြီး လူကြီးဖြစ်မှ ဆေးဖြတ်လိုက်ရင်တောင် ပြန်တက်မလာတော့ပါဘူး။

  • စိတ်ကစဉ့်ကလျားရောဂါ

စိတ်ကျန်းမာရေးဝေဒနာ ဖြစ်နိုင်တဲ့ မျိုးရိုးဗီဇလေး အနည်းငယ် ရှိနေသူတွေမှာ ဆေးခြောက်ကို ရေရှည် သုံးလိုက်တဲ့အခါ THC ဓာတ်က အဆင်းကို ဘီးတပ်ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ စိတ်ဝေဒနာကို မြန်မြန်ခံစားရအောင် လုပ်လိုက်သလိုပဲပေါ့။ အခုခေတ်မှာ THC ပြင်းအားက အရင်ခေတ်တွေထက် ဆယ်ဆလောက် ပိုများနေလို့ ပြင်းအားများတဲ့ ဆေးခြောက်တွေကြောင့် ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်တာ၊ ကယောင်ကတမ်း ဖြစ်တာတွေ ချက်ချင်း ဖြစ်ပေါ်တတ်ပါတယ်။

  • စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်း

စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေများလို့ ကိုယ့်သဘောနဲ့ကိုယ် ဆရာကြီးလုပ်ပြီး သုံးတတ်ကြပါတယ်။ ခဏတဖြုတ်တော့ ရင်ထဲက အပူတွေ ငြိမ်းသွားသလို ခံစားရပေမယ့် ဒါဟာ အတုအယောင် သက်သက်ပါ။ ဟော်မုန်းစနစ်ကို ဆေးက ဝင်ထိန်းချုပ်လိုက်လို့ ဆေးအရှိန် ပြယ်သွားတာနဲ့ ပုံမှန်ထက်ပိုပြီး စိုးရိမ်ပူပန်လာတယ်။ စိတ်ဓာတ်ကျလာပါတယ်။ သက်သာအောင် ဆေးထပ်သုံးရင်း ပြယ်သွားရင် ပိုဆိုးလာကာ ဘယ်လိုမှ ရုန်းထွက်လို့မရတဲ့ သံသရာကြီးထဲမှာ ပိတ်မိသွားပါတော့တယ်။

  • ရည်မှန်းချက်များ ပျောက်ဆုံးခြင်း

THC က ဦးနှောက်ရဲ့ ဆုချီးမြှင့်တဲ့စနစ်ကို အပြီးအပိုင် ဖျက်ဆီးပစ်လိုက်လို့ပါ။ သူတို့ရဲ့ နေ့စဉ်ဘဝကြီးက အိပ်ရာပေါ်မှာ လှဲနေမယ်၊ ဆေးလိပ်ဖွာမယ်၊ ဗိုက်ဆာရင် မှာစားမယ်၊ မျက်နှာကျက်ကိုကြည့်ပြီး ငေးနေမယ်ဆိုတာလောက်နဲ့ ကျေနပ်နေတတ်ပါတယ်။ အလုပ်ကြိုးစားချင်စိတ်၊ ဘဝတိုးတက်အောင် လုပ်ချင်စိတ်တွေ လုံးဝ ပျောက်ဆုံးသွားပြီး လူ့အသိုက်အဝန်းကနေ တဖြည်းဖြည်း သီးခြား ကင်းကွာသွားတတ်ကြပါတယ်။

ဒီအပင်ကြီးဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ အများကြီး ရှိသလို၊ တခြားဆေးဝါးတွေနဲ့ မတိုးတော့တဲ့ ရောဂါဝေဒနာရှင်တွေအတွက်တော့ မျှော်လင့်ချက် ရောင်ခြည် တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

နိုင်ငံတကာက ဥပဒေပြောင်းလဲမှုအနေနဲ့ အမေရိကန် နိုင်ငံမှာဆိုရင် အရင်က ဆေးခြောက်ကို တားမြစ်ဆေးဝါးအဆင့် (၁) သတ်မှတ်ထားရာကနေ မကြာသေးမီက ၂၀၂၄ ခုနှစ်၊ ဧပြီလနဲ့ မေလလောက်မှာပဲ DEA က တရားဝင် အသိအမှတ်ပြုထားတဲ့ ဆေးဖက်ဝင် ဆေးခြောက် (Medical Marijuana) တွေကို တားမြစ်ဆေးဝါး အဆင့် (၃) အဖြစ် လျှော့ချ သတ်မှတ်ပေးလိုက်ပါပြီ။ ဒါဟာ သေချာစနစ်တကျ သုံးရင် ဆေးဖက်ဝင်တယ်ဆိုတာကို အစိုးရကိုယ်တိုင်က တရားဝင်လက်ခံလိုက်တဲ့ သဘောပါပဲ။

ဒါပေမယ့် သူငယ်ချင်းတွေ မြှောက်ပေးလို့ဖြစ်ဖြစ်၊ ဖက်ရှင်အနေနဲ့ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကို ခဏတာ မေ့ပျောက်ချင်လို့ အပျော်အပါးသက်သက် သုံးစွဲနေတယ် ဆိုရင်တော့ သင့်ရဲ့တန်ဖိုးရှိတဲ့ ဦးနှောက်ဆဲလ်တွေ၊ မှတ်ဉာဏ်တွေ၊ အဆုတ်တွေနဲ့ အနာဂတ်ရည်မှန်းချက်တွေကို မီးခိုးငွေ့တွေနဲ့အတူ လောင်ကျွမ်း အဆုံးရှုံးခံမလားဆိုတာ သေချာဆင်ခြင်ဖို့ လိုပါတယ်။

လောကကြီးမှာ အရာရာတိုင်းက အကောင်းနဲ့အဆိုး ဒွန်တွဲလို့ နေပါတယ်။ ဓားတစ်လက်ဟာ ဆရာဝန် လက်ထဲရောက်ရင် လူ့အသက်ကို ကယ်တင်နိုင်တဲ့ ခွဲစိတ်ဓား ဖြစ်လာနိုင်သလို လူမိုက်လက်ထဲ ရောက်ရင်တော့ လူ့ အသက်ကို သေစေနိုင်တဲ့လက်နက် ဖြစ်သွားမှာ အသေအချာပါပဲ…..။

(လူယုတ်မာလက်ထဲ အာဏာရောက်သွားတော့ လူကောင်းတွေ ဘယ်လောက်တောင်မှ ပေးဆပ်လိုက်ရတယ်ဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ)

စေတနာဖြင့်
အဓိပတိ

(အပိုင်း ၁ နှင့် ၂ ကို လင့်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)

အပိုင်း ၁

အပိုင်း ၂

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here