အရမ်းအပူဆုံးမြို့တွေဟာ မြန်မာပြည်ထဲက မြို့တွေအဖြစ် စာရင်း၀င်လာတယ်။ နွေနေပူထဲမှာ ဆီတန်းစီရင်း အသက်ဆုံးရှုံးရတာတွေ တွေ့လာတဲ့အခါ ပြင်ပရာသီဥတုအပူချိန်ဟာ ကျန်းမာရေအပေါ် သက်ရောက်နေတာကို ပိုမြင်သာစေပါတယ်။

အပြင်က အပူချိန်ဟာ အသက်အန္တရာယ်ပါ ဖြစ်စေပြီဆိုတော့ မပေါ့သင့်တာတော့ အမှန်ပါ။ တစ်သက်လုံး အပူဓာတ်ဖြင့်နေလာသူတွေမို့ ရှေးလူကြီးသူမများရဲ့ ဆုံးမစကားတွေ၊ ကျန်းမာရေး စာစောင်များ၊ အကြံပြုချက်များမှတစ်ဆင့် အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်ဆိုပြီး ရင်းနှီးပြီးသားဖြစ်မှာပါ။

သို့ပေမယ့် ဒီနေ့ဆောင်းပါးမှာလည်း ထပ်ပြီး ဂရုစိုက်ဖို့တိုတိုနဲ့ လိုရင်းလေးအနည်းငယ်ပြောပါရစေ။

အပူရှပ်ခြင်း (heat stroke) ဆိုတာ အသက်အန္တရာယ်ဖြစ်တဲ့အထိ ကြောက်ရမယ့် ဆေးရုံကိုအရေးပေါ်ပို့ပြီး အရေးပေါ်ခန်းထဲကုသရမယ့် အခြေအနေပါ။

အပူရှပ်ခြင်း heat stroke ဖြစ်တယ်ဆိုတာ မိမိတို့ရဲ့ ကိုယ်တွင်း အပူချိန် 40°C (104°F) ထက် များသွားပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ပြန်အေးအောင်ဆိုပြီး တုံ့ပြန်တဲ့ လုပ်ငန်းစဥ်တွေ ရပ်သွားတာကို ခေါ်ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့တွေ ဖျားရင်လည်း ၁၀၄/၁၀၅ တော့ ဖြစ်ဖူးကြတာပဲ။ ဒါပေမယ့် အရေးပေါ်အခြေအနေလို့ မခေါ်ပါဘူး။

ဟုတ်ပါတယ်… ကိုယ်ပူကြီးနေပေမယ့်လည်း သတိလစ်တာ၊ အသိပျောက်တာ၊ ဦးနှောက်ရောင်တာ၊ မပျို့ဘဲထိုးအန်တာ၊ ဆီးမထွက် ကျောက်ကပ်ပျက် ဆီးဆိပ် (creatinine) တက်တာ၊ ကိုယ်တွင်းကလီစာတွေ shock ရှော့ဖြစ်သလို ရပ်တန့် အလုပ်မလုပ်သွားအောင်ထိ မဖြစ်လို့ မခေါ်တာပါ။

ဒီလို အပူအရမ်းကြီးပြီး အာရုံကြော/ဦးနှောက်ရောင်တဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ heat stroke လို့ သတ်မှတ်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့လူနာတွေ၊ တချို့ ဆေး၀ါးသောက်နေရတဲ့ လူနာတွေ၊ ကလေးငယ်ငယ်လေးတွေ၊ အားကစားသမားတို့လို ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ထားသူ၊ ၀တ်စုံပြည့်၀တ်ထားပြီး ချွေးက အငွေ့ပျံဖို့ မလွယ်တဲ့သူမျိုးတွေမှာ အဖြစ်များပါတယ်။ အသားကြီးက နီရဲ ခြောက်သွေ့ ပူကျစ်နေတာမျိုးပါ။

ဒီအရေးပေါ် အခြေအနေသာ မကယ်နိုင်ရင် နှလုံးရပ်တာမျိုး၊ heart attack ဖြစ်တာမျိုး၊ coma ၀င်တာမျိုးဖြစ်ပြီး အသက်ဆုံးရှုံးနိုင်တာပါ။ ကျောက်ကပ်ထိသွားရင်လည်း ကျောက်ကပ်ပြန်ဆေးရတာတွေ လုပ်ရပါတယ်။ ဒါကြောင့် အပူကြီးပြီး အထက်ပါ ကိုယ်တွင်းကလီစာတစ်ခုခုရဲ့ စိုးရိမ်စရာ လက္ခဏာပြနေပြီဆိုရင် အရေးပေါ်ကားခေါ်ပါ။ ဆေးရုံအမြန်ပို့ပါ။ သတိမကောင်းတဲ့လူမှာ ရေမတိုက်ပါနဲ့။ ပါးစပ်ထဲ ဘာမှမထည့်ရပါ။ သီး၍ အသက်ဆုံးနိုင်ပါတယ်။ ဆေးရုံမရောက်ခင်စပ်ကြားမှာ ပန်ကာ/အဲကွန်း အနားမှာဖွ့င်ပေး၊ ရေခဲရေနဲ့ ရေချိုးချပေး၊ ဂုတ်၊ လည်ပင်း၊ ဂျိုင်း၊ ပေါင်ခြံတို့လို နေရာတွေမှာ ရေခဲ၀တ်အုပ်ထားပေးပြီး အနားမှာ လေ၀င်လေထွက်ကောင်းစေအောင် လုပ်ပေးရပါမယ်။

ဆေးရုံမှာ ကုသပုံကတော့ အမြန်ဆုံး ကိုယ်တွင်းအပူချဖို့ လုပ်ပါတယ်။ ဒါကတော့ ရေခဲတုံးရေထဲ ရေစိမ် ရေချိုးချပေးတာပါ။ နောက်ပြီး ဦးနှောက်အရောင်ကျဆေးတွေ ပေးတာ၊ လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကယ်ပေးတာမျိုးတွေ လုပ်ပါတယ်။ အပူကျဆေးတွေလည်းသွင်း၊ အကြောဆေးသွင်း၊ အရည်ဓာတ် ဆားဓာတ်တွေပြန်ညှိ ဒါတွေလုပ်ပါတယ်။

အပူဒဏ်ကြောင့် နုံးခြင်း(Heat exhaustion) ကတော့ သူသူကိုယ်ကိုယ် ဖြစ်ဖူးကြ ကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။

အရမ်းပူတော့ ကိုယ်တွင်းအပူချိန်ကိုထိန်းဖို့ ချွေးတွေအများကြီးထွက်၊ ချွေးနဲ့အတူ ဆားဓာတ်တွေ ပါသွားတဲ့အပြင် ရေဓာတ်နည်းသွားတော့ ကိုယ်တွင်းမှာ ကမောက်ကမဖြစ်၊ အာခြောက်၊ ရင်တုန်၊ ခေါင်းကိုက်၊ နုံး၊ အရုပ်ကြိုးပြတ်ဖြစ်သလိို ခံစားရပါတယ်။ ဒါပေမယ့် ခုနလို အရေးပေါ်ကားခေါ်စရာတော့ မလိုပေမယ့် မပေါ့ဖို့တော့ လိိုပါတယ်။

ရေပတ် အမြန်တိုက်၊ ဓာတ်ဆားများများသောက်၊ အနားယူ၊ လေ၀င်လေထွက် ကောင်းအောင်လုပ်၊ အဲကွန်း၊ ပန်ကာဖွင့်တာမျိုးလုပ်ပြီး အနားယူပေးရပါမယ်။ ပြီးရင်တော့ ဆရာ၀န်ပြတာ အကောင်းဆုံးပါပဲ။ အိမ်မှာဆိုလည်း သွေးပေါင်ပြန်ချိန်တာ၊ အသက်ရှူနှုန်း၊ သွေးခုန်နှုန်း၊ ဆီးချိုဓာတ်၊ ဆီးအရောင်နဲ့ ဆီးဘယ်လောက်ထွက်လဲ မှတ်သားထားပြီး နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ပြသသင့်ပါတယ်။ (တယ်လီကျန်းမာမှာလည်း လာပြလို့ ရပါတယ်)

ကဲဒါဖြင့်ရင်နေပူထဲကပြန်လာရင် ခြေထောက်မဆေးနဲ့၊ အပူရှပ်မယ်ဆို လူကြီးတွေ ပြောနေကျကရော။ ခုကျ ရေခဲရေနဲ့ ချိုးခိုင်းနေပါရောလား။ မနက် ၁၀ နာရီမှ ၃ နာရီတွင်း မြစ်ဆိပ်မှာမချိုးနဲ့ဆို အပူရှပ်မယ်ဆိုပြီး နှိုးဆော်ထားတာတွေကရော။

ဒါတွေက တစ်ခုတစ်မျိုးလိုဖြစ်ပြီး နားရှုပ်စေတာအမှန်ပါ။ ဒါကြောင့် နားလည်အောင် ခွဲခြားရှင်းပြပေးပါမယ်။

အပူကြောင့် နည်းနည်းနုံးတာလောက် ဖြစ်ရုံနဲ့တော့ ချက်ချင်းကြီး ရေမချိုးချသင့်တာ အမှန်ပါ။ ရေချိုးမယ်ဆိုလည်း အိမ်ထဲက ရေချိုးခန်းမျိုးမှာ ရေပုံးထဲက အိမ်တွင်းအပူချိိန်နဲ့ မကွာဖြစ်နေတဲ့ ရေအပူချိန်ရှိတဲ့ ရေမျိုးနဲ့ ချိုးပါ။ ၂၅-၃၀ စင်တီဂရိတ်လောက်က အကောင်းဆုံးပါ။ နေအေးသွားရင်တော့ ဒီထက်အေးလည်း ရတာပေါ့နော်။ မဟုတ်ရင် အေးအေးကြီးနဲ့ ချိုးရင်လည်း သွေးကြောတွေက ချိုးတုန်းကျုံ့၊ ပြီးရင်အပြင်က အပူချိန်ကများတော့ ပြန်ကျယ်လာနဲ့ သွေးကြော အကျုံအကျယ်မြန်ရင် သွေးပေါင်ရုတ်တရက်ပြောင်းတော့ မကောင်းပါဘူး။

နေပူထဲက ရေတွေ၊ မြစ်ဆိပ်က ရေတွေ၊ နေပူထဲ ရေတိုင်ကီက တိုက်ရိုက်စီးလာလို့ ပူကျစ်နေတဲ့ရေတွေ ဟာလည်း မကောင်းပါဘူး။ ရေချိုးတယ်ဆိုတာ ချွေးအတုထွက်လိုက်တဲ့ သဘောဖြစ်အောင် ချိုးရတာပါ။ ဒါကြောင့် ပူပူကြီးနဲ့ချိုးရင် အရေပြားအပူချိန်က မလျော့ဘဲ များလာမယ်။ အရေပြားပေါ်ကနေ ရေအငွေ့ပြန်ရင် အေးသွားအောင်လုပ်တဲ့ လုပ်ငန်းစဥ် မအောင်မြင် နှေးသွားတာပေါ့။ နွေရာသီမှာ ရေပူနဲ့ မချိုးသင့်ပါ မချိုးရပါနော်။

အဲ ဒါပေမယ့် အပူရှပ်တယ် အရေးပေါ်ဖြစ်နေပြီဆိုရင်တော့ ရေချိုးလို့ ခေါင်းပဲကိုက်ကိုက် ဘာနေနေ အရေးမကြီးတော့ပါဘူး။ အဓိကက ဒီတိုင်း ကိုယ်တွင်းအပူချိန် ဆက်ရှိနေ၊ ဆက်များနေမယ်ဆို ကလီစာတွေအကုန်ပျက်မှာဆိုတော့ အမြန်ဆုံးနည်းနဲ့ အပူချိန်ချဖို့လိုပါတယ်။ ဒါကြောင့် ရေခဲရေနဲ့ ချိုးပေးတာပါ။ နောက်ပြီး heat stroke တွေက ချွေးမထွက်တော့ ပူပူခြောက်ခြောက်ကြီး ဖြစ်နေတော့ ရေခဲရေသာ အမြန်စိမ်ရပါ၏။

ကဲ ပုံမှန်လူ ရေချိုးမယ်ဆိုလည်း လူကြီးတွေပြောသလို ချွေးခြောက်အောင်စောင့်ဆိုတာ မှန်ပါတယ်။

ချွေးမြန်မြန်ခြောက်အောင် ပြတင်းပေါက်နားထိုင်တာ၊ အကျီအရင်ချွတ်ထားပြီး စောင့်တာ၊ ပန်ကာခဏခံ ယပ်တောင်ခဏခပ်တာမျိုး လုပ်ပါ။ ရေ ပုံမှန်အပူချိန်တစ်ခွက်လောက် သောက်ပါ။ ချွေးက အငွေ့ပျံတော့မှ အရေပြားအပူချိန် ကျသွားတယ်။ 35°C လောက်ကိုပေါ့။ ဒီတော့မှ 25-30°C အပူချိန်ရှိတဲ့ ရေဆိုတော့ ခုနလို သွေးကြောအကျုံ့အကျယ်တွေ မဖြစ်တော့ဘူးပေါ့။ မဟုတ်ရင် ပြီးကျရင် သွေးကြောကျယ်သွားရင် ပူပူကြီး ပြန်ဖြစ်လာနိုင်ပါတယ်။

နောက်ပြီး လက်ကို အရင်ဆေး၊ ပြီးရင် ခြေဖ၀ါးလေးတွေလောင်း၊ ပြီးမှ လက်ခြေဆေး၊ ပြီးတော့မှ ကိုယ်ကိုလောင်းချိုးပါ။ ခေါင်းကို နောက်ဆုံးမှ လောင်းပါ။ခေါင်းက လူကြီးတွေပြောနေကျလိုပဲ ဦးရေပြားမှာ အာရုံကြောတွေ၊ ချွေးပေါက်တွေ တော်တော်များပါတယ်။ ကိုယ်ခန္ဓာက မအေးသေးဘဲ ခေါင်းကိုအရင်လောင်းလိုက်ရင် ဦးရေပြားသွေးကြောတွေ ကျုံ့သွားပြီး ဒိန်းဒိန်းနဲ့ ခေါင်းကိုက်တာမျိုး၊ သွေးပေါင်တက်တာမျိုး ဖြစ်နိုင်ပါတယ်။

ရေချိုးတဲ့အခါတို့ ရေပတ်တိုက်တဲ့အခါတို့မှာလည်း သွေးကြောအကြီးတွေ များတဲ့နေရာတွေဖြစ်တဲ့ လည်ပင်း၊ ဂုတ်၊ ဂျိုင်း၊ ပေါင်ခြံကို ရေများများနဲ့ အပူကင်းအောင် သေချာလောင်းချိုးပေးပါ။

နွေရာသီမှာ အပြင်ကပြန်လာရင် ခြေထောက်ဆေးလို့ရပါတယ်။ လက်အရင်ဆေးပါ… နောက်မှ မျက်နာသစ်တာမျိုး လုပ်ပါ။ ရေချိုးမယ်ဆို အိမ်ထဲ အဲကွန်း၊ ပန်ကာနဲ့ အပြင်အပူချိန် အရမ်းသက်ရောက်မှု မရှိသူဆို ဘယ်ချိန်ချိုးချိုးရပါတယ်။ သို့သော် မိမိရဲ့အခန်းအပူချိန်၊ ကိုယ်ခန္ဓာအပူချိန် ဒါတွေကို ထည့်စဥ်းပြီးမှ မနက် နေမပြင်းခင် ချိုးတာမျိုး၊ ညနေ နေစောင်းမှ ချိုးတာမျိုး လုပ်နိုင်ပါတယ်။ ချိုးမယ်ဆိုလည်း ချွေးခြောက်အောင် စောင့်ပြီးမှ ချိုးပါ။ ဦးခေါင်းကိုနောက်ဆုံးမှ လောင်းပါ။ ခေါင်းလျှော်လို့ ရပါတယ်။ ပြီးရင် ခြောက်အောင်သုတ်ပါ။ ရုတ်တရက် အပူချိန်ပြောင်းမှာတွေ မလုပ်ပါနဲ့။ ခန္ဓာကိုယ်က အာရုံခံအဆင့်ဆင့် ဖြည်းဖြည်းချင်း အလုပ်လုပ်အောင် စောင့်စေလိုပါတယ်။

ချွေးအရမ်းထွက်တော့ ရေဘယ်လောက်သောက်ရမယ်ဆိုတာ ပုံသေတွက်မရတော့ပါဘူး။ နွေရာသီမှာ ရေသောက်တာ လုံလောက်တာကို ပြနိုင်တာကတော့ ဆီးအရောင်ပါ။ ကောက်ရိုးလို အရောင်ဖျော့ဖျော့လေး သွားတဲ့ထိ ရေကိုသောက်ပေးဖို့ လိုပါတယ်။ အရမ်းပူတဲ့အချိန် ရေခဲရေသောက်လို့ရလားဆိုရင် ရေခဲက သန့်ရင် ရပါတယ်။ ရေခဲမသန့်ရင်တော့ ပူရတဲ့ထဲ ၀မ်းလျှောရင် ဆေးရုံသွားရဖို့များနေပါပြီ။ လည်ပင်းနာတဲ့ပိုး ပိုးလေးဘက်နာပိုး Streptococcal ကလည်း မသန့်တဲ့ ရေခဲကနေ ဖြစ်စေတာပေါ့။ ရေခဲရေ သန့်ရင်တော့ လည်ပင်းမနာစေပါနော်။ အဲ တစ်ခုတော့ရှိတာပေါ့… ထမင်းစားပြီးပြီးချင်းတော့ ရေခဲရေက မကောင်းဘူးပေါ့။ သွေးကြောကျုံ့သွားတော့ အစာမကြေဖြစ်နိုင်လို့ပါ။

ရေဓာတ်ဖြည့်ဖို့ ခဏခဏသောက်မယ်ဆို ရေခဲရေ သောက်လို့ရပါတယ်။ ရေခဲရေသောက်ခြင်းဖြင့် ကိုယ်တွင်းအပူချိန် အနည်းငယ်ကျဆင်းတာမို့ သင့်တော်ပါတယ်။ အခြားအချိုရည်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်တွေ မကောင်းပါ။ ဒါတွေထက် ဓာတ်ဆားကို ရေခဲနဲ့ smoothie လုပ်တာမျိုး၊ ရေခဲခြစ်ကို ဓာတ်ဆားရည်တို့ ဟီကာရီဆွက်တို့နဲ့ ရောသောက်တာမျိုး လုပ်နိုင်ပါတယ်။ ရေခဲခြစ်ထဲ သကြားရည်ထည့်မယ်ဆို အများကြီးထည့်တာ၊ တစ်ခါတစ်ရံမဟုတ်ဘဲ နေ့တိုင်းနီးပါး စားဖြစ်တာဆို ဆီးချိုဖြစ်နိုင်လို့မကောင်းပါဘူး။ ရေခဲချောင်းတွေ၊ ရေခဲထုတ်တွေကလည်း မလိုတဲ့ ကယ်လိုရီတွေ၊ သကြားတွေပဲမို့ ဆင်ခြင်စေလိုပါတယ်….။

အာဟာရဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here