Living together ဆိုတဲ့ အတူနေထိုင်ခြင်း ယဉ်ကျေးမှုဟာ ကျွန်မတို့နိုင်ငံရဲ့ ထုံးတမ်းစဉ်လာတွေအရ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါ။ သို့သော်လည်း လက်တွေ့ဘဝမှာတော့ လူငယ်သဘာဝ စူးစမ်းလိုစိတ်ကြောင့်ဖြစ်စေ၊ အခြေအနေအမျိုးမျိုးကြောင့်ဖြစ်စေ သမီးရည်းစားအဆင့်နဲ့ အတူနေထိုင်ကြတဲ့ ဖြစ်ရပ်တွေ ရှိနေတာကတော့ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါပဲ။

ဒီနေရာမှာ ကျွန်မတို့အနေနဲ့ အတူနေထိုင်တာကို လက်ခံတယ်/မခံဘူးဆိုတာထက် နောက်ဆက်တွဲ ရလဒ်တွေကို ပိုပြီးအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ လူငယ်သဘာဝ စူးစမ်းစမ်းသပ်မှုတွေကို မတားဆီးနိုင်ခဲ့ရင်တောင်မှ အဲဒီလုပ်ရပ်တွေကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရောဂါကူးစက်မှုတွေ မဖြစ်လာအောင် အတတ်နိုင်ဆုံး ဘေးကင်းဖို့ သတိပြုကြရမှာပါ။

ဒါကြောင့် အတူနေထိုင်ကြတဲ့ လူငယ်တွေအနေနဲ့ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးရှုထောင့်တွေကနေ ဘယ်လို ဆောင်ရန်၊ ရှောင်ရန်တွေ ရှိတယ်ဆိုတာကို အခုလို အသိပညာပေး ရေးသားလိုက်ရပါတယ်။

၁။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ကာကွယ်မှု (Health & Safety)

ဘယ်လောက်ပဲ ချစ်ကြသည်ဖြစ်စေ ကျန်းမာရေးဟာ ပထမဦးစားပေး ဖြစ်ရပါမယ်။

  • အကာအကွယ်သုံးပါ။ (Safe Sex)
    လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါများ (STIs) နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိမှုကို တားဆီးဖို့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုရပါမယ်။
  • သားဆက်ခြား နည်းလမ်းများ
    ရေရှည်အတွက်ဆိုရင် သားဆက်ခြားဆေး၊ ထိုးဆေး သို့မဟုတ် တားဆေးပစ္စည်း (Implant) စတာတွေကို ကျွမ်းကျင်နားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အသုံးပြုသင့်ပါတယ်။
  • ပုံမှန်စစ်ဆေးမှု ပြုလုပ်ပါ။
    နှစ်ဦးစလုံးမှာ ကူးစက်ရောဂါ အခံရှိ/မရှိ သွေးစစ်ဆေးတာမျိုးကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး ပြုလုပ်သင့်ပါတယ်။
    .

၂။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု (Emotional Well-being)

အတူနေထိုင်ခြင်းဟာ အပျော်သက်သက်ထက် ပိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ မရှိအောင် ဒါတွေကို သတိပြုပါ။

  • မျှော်လင့်ချက်ကို ညှိနှိုင်းပါ
    “ငါတို့ အတူနေတာဟာ လက်ထပ်ဖို့အထိ ရည်ရွယ်တာလား” ဆိုတာကို နှစ်ဦးကြား ရှင်းရှင်းလင်းလင်း ရှိရပါမယ်။
  • ကိုယ်ပိုင်လွတ်လပ်ခွင့် (Personal Space)
    အတူနေတယ်ဆိုပေမယ့် မိမိရဲ့ဝါသနာ၊ သူငယ်ချင်း အပေါင်းအသင်းနဲ့ ကိုယ်ပိုင်အချိန်တွေကို အလေးထားပါ။
  • အပြန်အလှန် လေးစားမှု
    ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအဖြစ်စေ တစ်ဖက်သား မလိုလားတဲ့အရာကို အတင်းအကျပ် မလုပ်ဖို့ လေးစားရပါမယ်။ (Consent is key)။
    .

၃။ လူမှုရေး စီမံခန့်ခွဲမှု

အတူနေထိုင်ရာမှာ ငွေကြေးကိစ္စနဲ့ ပတ်ဝန်းကျင်ဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ထုံးတမ်းစဉ်လာအရ မိမိတို့ရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာအတွက် ပတ်ဝန်းကျင်မှာ သတိရှိရှိ ပြုမူနေထိုင်တတ်ဖို့ လိုအပ်ပါတယ်။

ဘေးကင်းပြီး ကျန်းမာတဲ့ဆက်ဆံရေးတစ်ခု ဖြစ်စေဖို့အတွက် ပထမဦးစွာ ရောဂါကူးစက်မှုနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးဖို့ အကာအကွယ် (Condom) ကို အမြဲအသုံးပြုပါ။ ပြဿနာတစ်ခုခု ရှိလာပါက တစ်ဦးကိုတစ်ဦး ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပြီး အရေးပေါ်အခြေအနေအတွက် အရေးပေါ်တားဆေး အသုံးပြုပုံကိုလည်း ကြိုတင်လေ့လာထားသင့်ပါတယ်။

အခြား ရှောင်ရန်အချက်များအနေနဲ့ တစ်ဖက်သားရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ် စေခိုင်းခြင်းမျိုး ဘယ်သောအခါမှ မပြုလုပ်ပါနဲ့။

သားဆက်ခြားဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် အလွဲသုံးစားလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ အိမ်တွင်းအကြမ်းဖက်မှုပုံစံမျိုးကို လုံးဝသည်းမခံသင့်သလို ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူမျိုး မရှိအောင်လည်း ဆင်ခြင်ရပါမယ်။

ဆိုတော့ . . .

စမ်းသပ်ချင်လို့ပဲဖြစ်ဖြစ်၊ တကယ်ချစ်လို့ပဲဖြစ်ဖြစ် အတူနေထိုင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် နှစ်ဦးနှစ်ဖက်လုံးက မိမိရဲ့ လုပ်ရပ်တိုင်းအတွက် တာဝန်ယူနိုင်မှု ရှိရပါမယ်။

အသိပညာနဲ့ ကြိုတင်ကာကွယ်ခြင်းဟာ သင့်ကို နောင်တကင်းဝေးစေမှာ ဖြစ်ပါတယ်….။

ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here