“ကင်ဆာနှင့်သကြား”
(ကိုယ်တွင်းဇီ၀ဖြစ်စဥ်အကြားက ရှာဖွေတွေ့ရှိမှုတစ်ခု၏ ရာစုနှစ်တစ်ခုအကြာ)
Warburg Effect ဆိုတာ ၁၉၂၅ လောက်က Otto Warburg ဆိုတဲ့ ဂျာမန်သိပ္ပံပညာရှင်ရဲ့ ဘွဲ့လွန်စာတမ်းမှ ရှာဖွေတွေ့ရှိမှုကို အရင်းခံပြီး နာမည်ပေးခဲ့တာပါ။
ဒီတွေ့ရှိမှုအရ ကင်ဆာဆဲလ်တွေဟာ ပုံမှန်ကျန်းမာတဲ့ ဆဲလ်လေးတွေလို ဂလူးကို့စ်နဲ့ အာဟာရထုတ်ယူတဲ့လမ်းကြောင်းချင်း မတူပါဘူး။ ကင်ဆာဆဲလ်တွေဟာ အောက်ဆီဂျင်ကောင်းကောင်းရှိနေရင်တောင် ဂလူးကို့စ်ကို အမြန်ဆုံးနည်းနဲ့ချေဖျက်ဖို့၊ စားသုံးဖို့ ကြံကြပါတယ်။ ဒါမှ ဆဲလ်အသစ်ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ကာဗွန်ကဲ့သို့ ပစ္စည်းလေးတွေကို အုတ်မြစ်ချအသုံးပြုပြီး ဆဲလ်မြန်မြန်ပွားဖို့ လုပ်ပါတယ်။ ကင်ဆာဆဲလ်တွေဟာ သာမန်ဆဲလ်ထက် ဂလူးကို့စ်ကို နှစ်ခြိုက်ကြပြီး အလွန်သုံးပါတယ်။
ဒီတော့ ကင်ဆာဆဲလ်ရှိတဲ့ နေရာနားတစ်၀ိုက်မှာ သာမန်ဆဲလ်တွေထက် ဂလူးကို့စ်က နည်းပြီး၊ လက်တိတ် (lactate) များနေကာ အက်ဆစ်ဓာတ် ဖြစ်နေတာကို Warburg က တွေ့ရှိခဲ့တာပါ။ ဒီနည်းနဲ့ ကင်ဆာဆဲလ်တွေ ဂလူးကို့စ်သုံးပုံက အလွန်လျင်မြန်စွာ လုပ်နိုင်တဲ့နည်း ဖြစ်တဲ့အပြင် ရလာတဲ့အက်ဆစ်ဓာတ်က သူများနေရာတွေကို ဖောက်ထွင်းပြီး နေရာလုဖို့ ဖန်တီးပေးပါတယ်။ ထွက်လာတဲ့ NADH တို့လို ဓာတ်ပစ္စည်းတွေကလည်း ဆဲအသစ်လုပ်ရမှာ အများကြီးလိုအပ်တော့… ပြောရရင် ကင်ဆာဆဲလ်တွေက သိပ်ကိုလည်ပါတယ်။ သူတို့အထုပ်နဲ့သူတို့ လာကြတာ။ အကြံစည်တွေ စီစဥ်ပြီး လာကြတာ။ မြန်မြန်ပွားမယ်၊ မြန်မြန်ပျံ့မယ်နဲ့ သူတစ်လူ ငါတစ်မင်း လုပ်ချင်ကြတာပါ။
ဒီကနေမှ နောက်ဆက်ပြီး ကင်ဆာဆဲလ်တွေရဲ့ သဘာ၀တွေကို ဆက်လေ့လာပြီး ယနေ့ခေတ်မှာတော့ ကင်ဆာဆေးတွေလည်း ထိရောက်တာတွေ ပေါ်နေကြပါပြီ။ ဒါပေမယ့် Warburg effect ဆိုတာကတော့ ကင်ဆာသုတေသနရဲ့ အုတ်မြစ်တစ်ခုအနေနဲ့ သမိုင်းတွင်ခဲ့ပါတယ်။ နိုဗယ်ဆုလည်း ရရှိခဲ့ပါတယ်။
…
…
ကင်ဆာဟာ ဇီ၀ဖြစ်စဥ်တွေ၊ မျိုးရိုးဗီဇတွေ ပြောင်းလဲရာကနေ ကိုယ်တွင်းမှာ သူပုန်တွေ ပေါ်ပေါက်လာကြတဲ့ သဘောပါ။
ကင်ဆာဖြစ်စေတာတွေက ပိုးမွှားတွေ၊ မျိုးရိုးဗီဇပြောင်းလဲမှု၊ အဆိပ်အတောက်တွေအပြင် နာတာရှည်ဇီ၀ဖြစ်စဥ်မငြိမ်တဲ့ ရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါ၊အ၀လွန်ရောဂါ စတာတွေပါ။ ယနေ့ခေတ်မှာတော့ အဘက်ဘက်ကနေ အကြောင်းတရားတွေက ကင်ဆာကိုဦးတည်စေပါတယ်။
ကင်ဆာအဖြစ်နည်းအောင်ဆိုရင်တော့ မိမိနဲ့ထိတွေ့နိုင်တဲ့ ကင်ဆာဖြစ်စေသော ပစ္စည်းများလို့ခေါ်တဲ့ ကာစီနိုဂျင် (carcinogen) တွေ လျှော့ချရပါမယ်။ ဥပမာ ဆေးလိပ်ငွေ့မှာ ပါတာတွေ၊ စိတ်မချရတဲ့ ဆိုးဆေးတွေ၊ အသားကင်တွေမှာပါတဲ့ ယမ်းစိမ်းလိုဟာတွေပေါ့။ ဒါ့အပြင် အစာအိမ်ပိုးဆိုရင် အစာအိမ်ကင်ဆာဖြစ်စေနိုင်တယ်။ အသည်းရောင် ဘီပိုး၊ စီပိုးဆိုရင် အသည်းကင်ဆာ ဖြစ်စေတယ်။ ဒါမျိုးပိုးတွေ မဖြစ်အောင် ကာကွယ်၊ ဖြစ်လာရင် ပျောက်အောင်ကုသ စသဖြင့်ပေါ့။
…
…
ကင်ဆာဆဲလ်တွေက ဂလူးကို့စ်ကြိုက်တော့ ဂလူးကို့စ်ဆိုတာ မစားသင့်တဲ့အရာလား။ ကင်ဆာလူနာကို အချိုမကျွေးရဘူးလား 🤔
ဘယ်လောက်ဘဲ အချိုမစားမစား သင့်ခန္ဓာကိုယ်က ဂလူးကို့စ်ကို ထုတ်နေဦးမှာပါပဲ။ ဘာလို့လဲဆိုတော့ ဂလူးကို့စ်ဆိုတာ သင့်ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တာကိုး။
လူနာရှင်တွေအနေနဲ့ မိမိရဲ့ လူနာကို ကောင်းစေချင်ကြတယ်။ ဒီတော့ ကင်ဆာဆဲလ်က အချိုကြိုက်တယ် ဆိုတဲ့အချက်နဲ့ အချို လုံး၀ဖြတ်ခိုင်းလိုက်ပါတယ်။ ကင်ဆာလူနာတွေဟာ တချို့က စားကိုမ၀င်တော့တာပါ။ တချို့ကျလည်း ပုံမှန် စားနိုင်ပါသေးတယ်။ ဖြစ်တဲ့နေရာရဲ့ ကင်ဆာသဘာ၀ရယ်၊ အူလမ်းကြောင်းအခြေအနေတွေရယ် ကွာခြားတာမို့ပါ။
ဒါပေမယ့် နာမကျန်းဖြစ်တဲ့ လူနာအများစုမှာတော့ ဘာမှ ထွေထူးမစားနိုင်တော့ဘဲ ရေဓာတ်နည်းနေတာမျိုး… လွယ်လွယ်ပြောရရင် ပုလင်းချိတ်ဖို့ လိုလာရင် ဆရာ၀န်တွေကတောာ့ သကြားရည် ၊ 5D, dextrose water စသဖြင့် ထိုးကြ ချိတ်ကြတာပဲ။
ဒါကြောင့် ကင်ဆာလူနာတိုင်းဟာ သကြားဖြတ်ရုံနဲ့ ကင်ဆာဆဲလ်တွေက အစာမရ ငတ်မသွားပါဘူး။ ကင်ဆာဆဲလ်တွေလည်း ပြန်မသေသွားပါဘူး။ ဒါပေမယ့် အချိုဓာတ်ကို လုံး၀ မရရင်တော့ လူနာမှာတော့ အားပြတ်တာ၊ မူးလဲတာ၊ ဆီးချိုကျတဲ့ လက္ခဏာတွေဖြစ်ပြီး ပိုနေမကောင်းဖြစ်မှာပါ။
ရှင်းရှင်းပြောရရင် ကင်ဆာလူနာကို သကြားပါတာ၊ အချိုပါတာ ကျွေးလို့ရပါတယ်။ သို့သော် လူနာက ဆီးချိုတက်နေတယ်၊ စတီးရွိုက်ကဲ့သို့ ဆေးတွေပေးထားတယ် ဆိုရင်တော့ သကြားကိစ္စက မိမိဆရာ၀န်ကို အသေးစိတ်မေးပါ။ သကြားစားလို့ရတယ်၊ အချိုစားလို့ရတယ် ဆိုတာက ကြိုက်သလောက်လို့ မဆိုလိုပါဘူး။ ချင့်ချိန်ပြီးတော့ စားရပါမယ်။ ဥပမာ ခံတွင်းပျက် ဘာမှစားမ၀င်ရင် အသီးအနှံလေးတွေ ကျွေးတာ လူနာအတွက် ကောင်းပါတယ်။ နောက်ပြီး ထမင်းသေချာမစားနိုင်၊ အစားပျက်နေတယ်ဆိုရင် အချိုတည်းစရာလေးတွေနဲ့ ခံတွင်းတွေ့အောင် လုပ်ပေးတာ… ဥပမာ သာကူကြိုလေးလိုမျိုး၊ ပူတင်းချိုချိုလေးလိုမျိုး ကျွေးပါ။ ကင်ဆာလူနာတွေမှာ တချို့က ကင်ဆာဆေးသွင်းရင် ကိုယ်ခံအားကျတာတွေရှိတော့ သေချာချက်ပြုတ်ထားတာမျိုးတွေပဲ စားလို့ရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဘာတွေက စားလို့ရတယ်၊ ဘယ်လိုမျိုးတွေက စားလို့မရဘူးဆိုတာ မိမိဆရာ၀န်ကို သေချာမေးပါ။
ကင်ဆာဆိုတာ စဖြစ်မလာခင် အစပျိုးနေချိန်မှာတုန်းက သကြားဓာတ် လျှော့စားသင့်တာပါ။ ကင်ဆာဆိုတာ ဖြစ်လာရင်တော့ ကင်ဆာလူနာတွေဟာ အစားအသောက်ကို ပျက်ပါတယ်။ ဘာမှကို မစားချင်တဲ့ အချိန်မျိုးမှာ သူတို့ကို လူမမာစာတွေချည့်ကျွေး၊ ဟိုဟာတား ဒီဟာတားတာဟာ စိတ်ပိုကျစေနိုင်ပါတယ်။ ကျန်ရှိတဲ့ လူ့သက်တမ်းမှာ လူနာကို ကိုယ်စိတ်ကျမ်းမာအောင် ဂုဏ်သိက္ခာမထိခိုက်အောင် စောင့်ရှောက်ရမှာ ကျွန်ုပ်တို့တာ၀န်ပါ။
ကင်ဆာကိုကြောက်တယ်၊ ကာကွယ်ချင်တယ်၊ ကျန်းမာချင်တယ်ဆိုရင်တော့ added sugar ဆိုတဲ့ ထပ်ပေါင်းထားတဲ့ သဘာ၀မဟုတ်တဲ့ သကြားတွေကို လျှော့ပါ၊ ရှောင်ပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အရင်င်က သကြားဖြတ်တဲ့ဆောင်းပါးအနေနဲ့ တင်ပေးဖူးပါတယ်။ စိတ်ဝင်စားရင် ကွန်မန့်က လင့်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်….။
အာဟာရဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

