လူတိုင်းမှာ မိသားစု၊ မိတ်ဆွေ၊ ချစ်သူ စသဖြင့် တစ်ခုမဟုတ်တစ်ခုသော ဆက်ဆံရေး ရှိကြပါတယ်။ ဒါပေမယ့် ဆက်ဆံရေးတိုင်းက အဆင်ပြေချောမွေ့နေတာမျိုးတော့ မဟုတ်ပါဘူး။
တချို့ဆက်ဆံရေးတွေမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ၊ မနာလို သဝန်တိုမှုတွေ၊ ထိန်းချုပ်မှုတွေ၊ အပြစ်တင်တာတွေ၊ လေးစားမှုမရှိတာတွေဟာ Toxic Relationship ဖြစ်လာခြင်းရဲ့ အစပါပဲ။
.
➡️ အမြဲတမ်း အပြစ်တင်ခံရခြင်း
ကိုယ့်ရဲ့ အမှားသေးသေးလေးကအစ အမြဲတမ်း အပြစ်တင်ခံရတာ၊ ကိုယ့်ရဲ့ လုပ်ရပ်တိုင်းကို ဝေဖန်ခံနေရတာမျိုး။
ကိုယ့်ရဲ့ အောင်မြင်မှုတွေကိုလည်း ချီးကျူးမယ့်အစား၊ လျှော့တွက်တာ၊ မနာလိုတာမျိုး။
.
➡️ ထိန်းချုပ်ခံရခြင်း
ကိုယ့်ရဲ့ဘဝကို တစ်ဖက်လူက ထိန်းချုပ်ဖို့ ကြိုးစားတာမျိုး။
ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ ဖိအားပေးတာ၊ ကိုယ်သွားချင်တဲ့နေရာ၊ လုပ်ချင်တဲ့အရာတွေကို တားမြစ်တာမျိုး။
.
➡️ လေးစားမှု မရှိခြင်း
ကိုယ့်ရဲ့ခံစားချက်တွေ၊ ဆန္ဒတွေကို လျစ်လျူရှုတာ၊ ဂရုမစိုက်တာမျိုး။
ကိုယ့်ကို နှိမ့်ချဆက်ဆံတာ၊ စော်ကားတာ၊ ရိုင်းပျစွာဆက်ဆံတာ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာ စတာတွေဟာ Toxic relationship ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။
…
…
Toxic Relationship ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ အများကြီးပါ။ အထူးသဖြင့် မိဘနဲ့ သားသမီး၊ ချစ်သူရည်းစား ဆက်ဆံရေးတွေမှာ ပိုပြီးသိသာပါတယ်။
▪️မိဘနဲ့ သားသမီး ဆက်ဆံရေးမှာဆိုရင်လည်း . . .
မိဘအုပ်ထိန်းသူတွေရဲ့ အမြဲအပြစ်တင်ခြင်း၊ နှိမ့်ချဆက်ဆံခြင်းတွေကြောင့် သားသမီးတွေဟာ မိမိကိုယ်ကိုယ် တန်ဖိုးမထားတတ်တော့တာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာတွေသာမက စိတ်ဒဏ်ရာတွေ ရလာနိုင်ပါတယ်။
မိဘနဲ့ သားသမီးကြားမှာ ဆက်သွယ်မှု နည်းပါးလာပြီး အထီးကျန်ဆန်လာတာ၊ မိဘကို မယုံကြည်တော့တာ၊ အဝေးကို ရှောင်ပြေးချင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် မိဘနဲ့ ဆက်ဆံရေးမကောင်းတဲ့ ကလေးတွေဟာ မိမိကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းတတ်တဲ့အတွက် အနာဂတ်ဘဝမှာလည်း အခြားသူတွေနဲ့ ဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ဖြစ်လာတတ်ပါတယ်။
.
▪️သမီးရည်းစား၊ ချစ်သူဇနီးမောင်နှံ ဆက်ဆံရေးမှာလည်း အလားတူပါပဲ။
ကိုယ့်ချစ်သူက ကိုယ့်ကို သူငယ်ချင်းတွေနဲ့ အပြင်မသွားခိုင်းတာ၊ ဘယ်သွားသွား ဘာလုပ်လုပ်လိုက်ပိတ်ပင်ပြီး ကိုယ့်ရဲ့လူမှုရေးဘဝကို ကန့်သတ်တာ။
ဖုန်းနဲ့ social media ကို ခဏခဏ ယူစစ်/ဝင်စစ်ပြီး အမြဲလိုလို သံသယဝင်တာ၊ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်တာ။
Gaslighting လုပ်ခြင်း
“ နင့်ကြောင့်ပဲ ငါစိတ်ညစ်ရတာ။ နင့်ကြောင့်ပဲ ငါဒေါသထွက်ရတာ။” လို့ပြောပြီး ကိုယ့်ကို အမြဲတမ်း အပြစ်တင်တာ။
“ ငါမရှိရင် နင်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ငါ့ကြောင့်သာ ခုလိုအဆင်ပြေနေတာ၊ ငါကလွဲရင် မင်းကိုချစ်တဲ့သူရှိမှာ မဟုတ်ဘူး” စတဲ့ နှိမ်ချတဲ့အပြောအဆိုတွေနဲ့ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ ဖိအားပေးတာ၊ လေးစားမှု မရှိတာ။
“ လမ်းခွဲစကားပြောရင် ငါ့ကိုယ်ငါ အဆုံးစီရင်လိုက်မှာ” ၊ “ ငါ့ကိုထားသွားရင် နောင်တရလိမ့်မယ်” ၊ “ ငါ့ကိုချစ်ရင် ဒါကိုလုပ်ပေးရမယ်” စသဖြင့် Emotional Blackmailing လုပ်ပြီး ခြိမ်းခြောက်တာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားရအောင်လုပ်တာ… စတဲ့ အပေါ်က အချက်တွေထဲက ၂-၃ ချက်လောက်နဲ့ ကိုက်ညီနေရင်၊ ကိုယ့်ရဲ့ ဆက်ဆံရေးက Toxic ဖြစ်နေပြီလားဆိုတာ စဉ်းစားစရာပါ။
…
…
ဒီတော့
၁။ ကိုယ့်ရဲ့ ဆက်ဆံရေးက Toxic ဖြစ်နေတာလားဆိုတာကို သေချာသုံးသပ်ပါ။
ဆက်ဆံရေးတိုင်းမှာ အဆင်မပြေမှုလေးတွေတော့ ရှိတတ်ပါတယ်။ အထက်က အချက်တွေနဲ့ ချိန်ညှိကြည့်ပါ။
.
၂။ ကိုယ့်ရဲ့ နယ်နိမိတ်၊ စည်းမျဉ်း (Boundaries) တွေကို သတ်မှတ်ပါ။
တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာနဲ့ ကိုယ့်ရဲ့ခံစားချက်၊ ကိုယ်ရဲ့ဆန္ဒ၊ ကိုယ့်ကိုယ်ကိုယ် လစ်လျူရှုလိုက်ရတာမျိုး မဖြစ်သင့်ပါဘူး။
ကိုယ့်အတွက် အရေးကြီးတဲ့ စည်းကမ်းတွေ၊ ကိုယ်မနှစ်သက်တဲ့အရာတွေ၊ နားမခံနိုင်တဲ့ စကားတွေကို ပြောပြထားဖို့ လိုပါတယ်။ ဒါဟာ ကိုယ့်ရဲ့ စံတန်ဖိုးတွေကို ကာကွယ်ရာလည်း ရောက်ပါတယ်။
.
၃။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။
Toxic Person တွေက ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားရအောင် လုပ်တတ်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အရာတွေမှာ တကယ်အပြစ်ရှိရဲ့လားဆိုတာ စိတ်အေးအေးထားပြီး ပြန်စဉ်းစားပါ။
.
၄။ စကားပြောပြီး ညှိနှိုင်းကြည့်ပါ။
တစ်ခါတလေ Toxic အပြုအမူတွေက မရည်ရွယ်ဘဲ ဖြစ်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ ဘဝရဲ့ ဖိအားတွေကြောင့် ဖြစ်တတ်ပါတယ်။ အမှန်တကယ် ပြင်ချင်တဲ့သူဆိုရင် မိသားစုဖြစ်စေ၊ ချစ်သူဖြစ်စေ စကားပြောပြီး ညှိနှိုင်းလို့ရတတ်တာမို့ အချိန်ယူပြီး ဆွေးနွေးညှိနှိုင်းကြည့်ပါ။
.
၅။ ကိုယ့်ကို ကူညီပေးနိုင်တဲ့သူ (Support System) ရှာပါ။
တစ်ယောက်တည်း Toxic Relationship ထဲက ထွက်ဖို့ဆိုတာ တကယ်ခက်ပါတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိသားစုဝင်၊ စိတ်ကျန်းမာရေး အကြံပေး စသဖြင့် ကိုယ့်ကို ကူညီပေးနိုင်မယ့်သူကို ရှာပါ။
.
၆။ ရုန်းထွက်ဖို့ကို မကြောက်ရွံ့ပါနဲ့။
တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပစ်ထားလိုက်ရတာမျိုး မဟုတ်ပါဘူး။
ဆက်ဆံရေးတစ်ခုဟာ ကိုယ့်ကို ပျက်စီးစေတယ်ဆိုရင် အတတ်နိုင်ဆုံး ရုန်းထွက်ဖို့ ကြိုးစားကြည့်ပါ။
တချို့ တချို့တွေအတွက်တော့ ဒီလို ဆုံးဖြတ်ချက်က အလွန် ခက်ခဲမယ်ဆိုတာ နားလည်ပါတယ်။
(ဥပမာ- toxic ဖြစ်တာက ကိုယ့်မိသားစုဝင် ဖြစ်တဲ့အခါမျိုးမှာပေါ့ )
ဘယ်လိုမှ ရုန်းထွက်ဖို့ မဖြစ်နိုင်တဲ့အခါ ..
- ကိုယ့်အတွက် ပျော်ရွှင်စေမယ့်အရာတွေကို လုပ်ပါ။
- မိသားစုဝင်တွေနဲ့ ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက်ကို လွှတ်ချပြီး ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေနဲ့သာ အချိန်ဖြုန်းပါ။
- သူတို့ရဲ့ အပြုအမူတွေကို ထိန်းချုပ်ဖို့ကြိုးစားတာထက် ကိုယ့်ရဲ့တုံ့ပြန်မှုတွေကိုပဲ ထိန်းချုပ်ကြည့်ပါ။
ဒါပေမယ့်လည်း ရုန်းထွက်ခြင်းကသာလျှင် အနာဂတ်မှာ ကိုယ့်ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်လာဖို့အတွက် အရေးကြီးဆုံး ခြေလှမ်းတစ်ခုပါ။
…
…
အကျဉ်းချုံးပြောရရင်
Toxic Relationship ထဲက ထွက်လိုက်တာက ချစ်ခြင်းမေတ္တာတွေ မရှိတော့လို့တော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာပြီဆိုတဲ့ သက်သေပါပဲ။
ကိုယ့်ဘဝမှာ ပျော်ရွှင်စေမယ့် ဆက်ဆံရေးကောင်းကို ရှာဖွေဖို့၊ ကိုယ့်ရဲ့စိတ်ကျန်းမာရေး ကောင်းမွန်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာဖို့အတွက်ပဲဆိုတာ မမေ့ပါနဲ့။
များသောအားဖြင့် ဒီလိုဆက်ဆံရေးမျိုးဟာ ဖြတ်တောက်ရခက်ခဲသလို ခံရသူအဖို့ အရမ်းစိတ်ပင်ပန်းထိခိုက်ရတဲ့အတွက် စိတ်ကျန်းမာရေးပညာရှင် ဒါမှမဟုတ် ဆရာဝန်တွေဆီက အကူအညီရယူဖို့ လိုနိုင်ပါတယ်။
အားလုံးပဲ Toxic Relationship ကနေ လွတ်မြောက်ဖို့၊ Healthy Relationship ကို ပိုင်ဆိုင်ဖို့၊ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ပြီး လွတ်လပ်ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်နိုင်ကြပါရှင်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.