“ အချိန်ဆွဲတာဟာ ပျင်းရိခြင်းလား”
အချိန်ဆွဲခြင်း (Procrastination) နဲ့ ပျင်းရိခြင်း (Laziness) ဆိုတဲ့ အပြုအမူနှစ်ခုဟာ အပေါ်ယံကြည့်ရင် တူညီတယ်လို့ ထင်ရတတ်ပါတယ်။
ဘာလို့လဲဆို နှစ်ခုစလုံးမှာ ကိုယ်လုပ်စရာရှိတာကို မလုပ်ဘဲ ရွေ့ဆိုင်းတာ၊ ရှောင်ဖယ်နေတာမျိုးတွေ ရှိတတ်ကြလို့ပါ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ လေ့လာကြည့်မယ်ဆိုရင်တော့ ခြားနားချက်တွေ အများကြီးရှိပါတယ်။
- အချိန်ဆွဲခြင်း (Procrastination) ဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခတွေ၊ အခက်အခဲတွေကြောင့် ဖြစ်တတ်ပါတယ်။
- ပျင်းရိခြင်းမှာတော့ အကြောင်းအရင်း မယ်မယ်ရရမရှိပါဘဲ မလှုပ်ရှားချင်တဲ့ ဆန္ဒတစ်ခုကြောင့်သာ ဖြစ်တယ်လို့ အကြမ်းဖျင်းမှတ်ယူလို့ရပါတယ်။
…
…
Procrastination ကိုဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်း များစွာရှိပါတယ်။
✍🏻 ကြောက်ရွံ့ခြင်း (Fear)
♦️ကျရှုံးမှာကြောက်တာ (Fear of Failure)
ကိုယ် လုပ်လိုက်တဲ့အလုပ်က မအောင်မြင်မှာ၊ သူများထင်သလောက် မကောင်းမှာ၊ မပြည့်စုံမှာကို စိုးရိမ်တဲ့အတွက် စလုပ်ဖို့ကိုတောင် တွန့်ဆုတ်နေတတ်ပါတယ်။
ဥပမာ။ အလုပ်သစ်တစ်ခု စလျှောက်ဖို့ကို မဝံ့မရဲဖြစ်နေတာမျိုး။
♦️အောင်မြင်မှာကို ကြောက်တာ (Fear of Success)
အောင်မြင်သွားရင် နောက်ဆက်တွဲတာဝန်တွေ ပိုလာမှာကို စိုးရိမ်တာမျိုး၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ မနာလိုမှုတွေကို ခံရမှာကို ကြောက်တာမျိုးတွေလည်း ရှိတတ်ပါတယ်။
♦️အကဲဖြတ်ခံရမှာ ကြောက်တာ (Fear of Evaluation)
ကိုယ့်ရဲ့လုပ်ဆောင်ချက်ကို တခြားသူတွေ ဘယ်လိုမြင်မလဲ၊ ဘယ်လိုဝေဖန်ကြမလဲ စတာတွေကို စိုးရိမ်တဲ့အတွက် အလုပ်တစ်ခုကို သေသေချာချာ မလုပ်ရဲတာမျိုး။
ဥပမာ။ အများရှေ့မှာ ပြောရမယ့် presentation တစ်ခုကို စတင်ပြင်ဆင်ဖို့ တွန့်ဆုတ်နေတာမျိုး။
♦️ပြီးပြည့်စုံလိုသောစိတ် (Perfectionism)
ဒါကတော့ လူတိုင်းမှာ အနည်းနဲ့အများ ရှိတတ်တဲ့ personality တစ်မျိုးပါ။ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးနဲ့ အပြစ်အနာအဆာမရှိ ချို့ယွင်းချက်မရှိ လုပ်ချင်တဲ့စိတ်က ကိုယ့်အပေါ် ဖိအားတွေဖြစ်စေပြီး အလုပ်စဖို့ကို ခက်ခဲစေပါတယ်။ စိုးရိမ်စိတ်တွေကြောင့် ဘယ်ကစလို့ စရမှန်း မသိတော့ဘဲ နောက်ဆုံးမှာ လုံးဝမလုပ်ဖြစ်တော့တာမျိုးပါ။
ဥပမာ။ ဆောင်းပါးတစ်ပုဒ်ကို စရေးတော့မယ်ဆိုရင် အစပိုင်းမှာ ဘယ်လိုရေးရမလဲဆိုတာကို အချိန်အကြာကြီး စဉ်းစားနေပြီး တကယ်တမ်းမှာ မရေးဖြစ်တာမျိုး။
♦️မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးတာ (Low Self-Confidence)
ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို သံသယဝင်တာ၊ ဒီအလုပ်ကို ကိုယ်တကယ်လုပ်နိုင်ပါ့မလားလို့ အတွေးများနေတာတွေကလည်း အချိန်ဆွဲခြင်းကို ဖြစ်စေပါတယ်။
ဥပမာ။ အရေးကြီးတဲ့ project တစ်ခုကို လုပ်ဖို့ တာဝန်ယူရမှာကို ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့အတွက် ရှောင်ဖယ်နေတာမျိုး၊ ငြင်းပယ်လိုက်တာမျိုး။
♦️စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း အားနည်းတာ (Poor Emotional Regulation)
လုပ်ရမယ့်အလုပ်က စိတ်အနှောင့်အယှက်ဖြစ်စေတာ၊ စိတ်မပါတာမျိုးတွေ ကြုံလာတဲ့အခါ အဲ့ဒီခံစားချက်တွေကို ရှောင်ရှားချင်တဲ့အတွက်၊ မကြိုက်တဲ့အတွက် ဒီအလုပ်ကို မလုပ်ဘဲ တခြား ပျော်စရာကောင်းတဲ့အရာတွေကို လုပ်နေတတ်ပါတယ်။
ဥပမာ။ စာကျက်ရတာ ငြီးငွေ့လာတဲ့အခါ ဖုန်းသုံးတာ၊ တီဗီကြည့်တာနဲ့ အချိန်ကုန်နေတာမျိုး။
♦️ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင် မရှင်းလင်းတာ (Lack of Clear Goals)
လုပ်ရမယ့်အလုပ်ရဲ့ ရည်ရွယ်ချက်၊ ဘာကြောင့်လုပ်ရမယ်ဆိုတာကို ကိုယ်တိုင်က သေချာမသိတဲ့အခါ စိတ်အားထက်သန်မှု (motivation) မရှိဘဲ အချိန်ဆွဲနေတတ်ပါတယ်။
ဥပမာ။ ဘာအတွက် လေ့လာရမှန်းမသိတဲ့အခါ စာကျက်ဖို့ကို စိတ်မပါတာမျိုး။
ဒီတော့
ပျင်းရိခြင်း (Laziness) နဲ့ အချိန်ဆွဲခြင်း (Procrastination) မှာ ပျင်းရိခြင်းဆိုတာကတော့ လုပ်နိုင်စွမ်းရှိလျက်နဲ့ ဘာမှမလုပ်ချင်၊ ဘာစိတ်ဆန္ဒမှမရှိတဲ့ အခြေအနေမျိုးပါ။
အချိန်ဆွဲတတ်သူတွေမှာတော့ လုပ်ချင်တဲ့ဆန္ဒရှိပေမယ့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် မလုပ်နိုင်တာမျိုး ဖြစ်ကြတာများပါတယ်။
ဥပမာထပ်ပေးရရင် . . .
ဝန်ထမ်းတစ်ယောက် အရေးကြီးတဲ့ report တစ်ခုကို တင်ရမယ့်ရက် နီးလာပေမယ့် သူ မတင်နိုင်သေးတဲ့အခါ သူ့ကို ပျင်းရိတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ သူဟာ အဲဒီ report ကို ဘယ်လို အကောင်းဆုံး လုပ်ရမလဲဆိုတာကို စဉ်းစားရင်း စိတ်ဖိစီးနေပြီး မစတင်နိုင်သေးတာမျိုး ဖြစ်နိုင်ပါတယ်။
အချိန်တော်တော်များများမှာ ကိုယ့်ကိုယ်ကိုယ် Procrastinate လုပ်နေမိတယ်လို့ထင်ရင် အောက်က နည်းလမ်းလေးတွေနဲ့ ပြောင်းလဲယူကြည့်ပါ။
✅ Self compassion
မိမိကိုယ်ကို ညှာတာပါ။ အချိန်ဆွဲမိနေတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မယ့်အစား နားလည်ပေးပါ။ သတိကပ်ပါ။ လူတိုင်းအခက်အခဲတွေ ရှိနိုင်တယ်၊ နောက်တစ်ခါ ပိုကောင်းအောင်လုပ်မယ် စသဖြင့် မိမိကိုယ်ကိုယ် အားပေးပါ။
✅ အလုပ်ကို အပိုင်းငယ်လေးတွေ ခွဲပါ။
တစ်ခါတလေမှာ ကြီးမားများပြားပြီး ရှုပ်ထွေးတဲ့ အလုပ်တွေကို ကြည့်ပြီး စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ်ထွေးတာတွေကလည်း အချိန်ဆွဲခြင်းကို ပိုဆိုးစေတတ်ပါတယ် ။
ဥပမာ။ စာအုပ်တစ်အုပ် ရေးရမယ်ဆိုပါစို့…
အခန်းတစ်ခုစီ ခွဲရေးတာ၊ တစ်ရက်ကို စာမျက်နှာ ဘယ်လောက်ရေးမယ်ဆိုပြီး ပိုင်းခြားတာမျိုး လုပ်ကြည့်သင့်ပါတယ်။
ဒီလို အပိုင်းငယ်လေးတွေ ပြီးမြောက်သွားတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ချီးကျူးဖို့မမေ့ပါနဲ့။ ဒါဟာ Motivation ကို အားပေးရာရောက်ပါတယ်။
✅ အပျက်သဘောဆောင်တဲ့ အတွေးတွေကို စိန်ခေါ်ပါ
“ ငါ ဒါကို ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး” ၊ “ ဒါက အရမ်းခက်ခဲတယ်” စတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေကလည်း အချိန်ဆွဲခြင်းကို ပိုလို့အားပေးပါတယ်။
“ ငါ ကြိုးစားရင် ဖြစ်နိုင်တယ်” ၊ “ ဒီအလုပ်က စစချင်းတော့ ခက်ခဲနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာ” စတဲ့ အပြုသဘောဆောင်တဲ့အတွေးတွေနဲ့ အစားထိုးပါ။
✅ 5 minutes Rule (၅ မိနစ် စည်းမျဉ်း) ကို အသုံးပြုကြည့်ပါ။
ဘယ်လောက်ပဲ မလုပ်ချင်ပါစေ အနည်းဆုံး ၅ မိနစ်လောက်တော့ လုပ်ကြည့်မယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ပါ။ တကယ်တမ်း လုပ်ကြည့်တဲ့အခါ ဆက်လုပ်ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။
✅ First Step (စတင်ခြင်း)
အများစုက အလုပ်တစ်ခုကို စလိုက်တာနဲ့ တော်တော်များများ ပြီးသွားတတ်ပါတယ်။ အစပိုင်းမှာ ခက်ခဲတယ်လို့ ခံစားရပေမယ့် တစ်ခါစလိုက်ရင် အရှိန်ရသွားတတ်တာကြောင့် ပထမခြေလှမ်းက အင်မတန်အရေးကြီးပါတယ်။ ဒါကို နားလည်ထားရပါမယ်။
အတတ်နိုင်ဆုံး အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အရာတွေကို ဖယ်ရှားပြီး အလုပ်လုပ်ဖို့ သီးသန့်နေရာလေးတစ်ခု ဖန်တီးပြီး အာရုံစိုက်နိုင်အောင် ကြိုးစားပါ။
…
…
Procrastination ဟာ ပျင်းရိခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ရင်ဆိုင်ကျော်လွှားဖို့ လိုအပ်နေတဲ့ အပြုအမူတစ်ခုသာ ဖြစ်ပါတယ်။
ကိုယ်လုပ်ဆောင်ပြီးသွားတဲ့ အလုပ်လေးတွေပဲဖြစ်ဖြစ်၊ အချိန်ဆွဲခြင်းကို ရှောင်ရှားနိုင်လိုက်တဲ့ အခိုက်အတန့် ခဏလေးတွေပဲဖြစ်ဖြစ် တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပါ ဆုပေးပါ။
အခုပြောတဲ့ နည်းလမ်းတွေကို စိတ်ရှည်ရှည်နဲ့ တဖြည်းဖြည်းချင်း လေ့ကျင့်သွားမယ်ဆိုရင် အချိန်ဆွဲခြင်းကို ကျော်လွှားနိုင်လာမှာပါ။ အရေးကြီးဆုံးကတော့ မိမိကိုယ်ကိုယ် နားလည်ပေးဖို့၊ ညှာတာဖို့ကို မမေ့လိုက်ဖို့ပါပဲ…..။
🤗🤗🤗🤗🤗🤗
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.