“ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း စိတ်ဒဏ်ရာ (Intergenerational Trauma)”

ကျွန်မတို့ဘဝမှာ ဘယ်သူမဆို စိတ်ထိခိုက်နာကျင်စရာ အတွေ့အကြုံတွေ ကြုံဖူးကြပါတယ်။ ဒီလို နာကျင်စရာ ခံစားချက်တွေဟာ တစ်ခါတလေမှာ ကိုယ်တိုင်တင်မကဘဲ ကိုယ့်ရဲ့သားသမီး၊ မြေးမြစ်တွေအထိတောင် လက်ဆင့်ကမ်း သက်ရောက်သွားတတ်တာမျိုး ရှိပါတယ်။ ဒါကိုပဲ မျိးရိုးစဥ်ဆက် လက်ဆင့့်ကမ်း စိတ်ဒဏ်ရာ (Intergenerational Trauma) လို့ ခေါ်ပါတယ်။
ရိုးရိုးလေးပြောရရင် မိဘ၊ ဘိုးဘွားတွေ ကြုံတွေ့ခဲ့ရတဲ့ နာကျင်စရာ အဖြစ်အပျက်တွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေက အလိုလိုနေရင်း နောက်မျိုးဆက်တွေဆီ ကူးစက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စိတ်ဒဏ်ရာတွေ ဖြစ်လာတာမျိုးပါ။

Intergenerational trauma ကို အမျိုးအစားဘယ်နှမျိုးရှိတယ်ရယ်လို့တော့ ပုံသေကားချပ် သတ်မှတ်ထားတာမျိုး မရှိပေမယ့် အဓိကအားဖြင့် ပုံစံနှစ်မျိုးကို တွေ့ရတတ်ပါတယ်။

၁။ Historical Intergenerational Trauma

ဒီအမျိုးအစားကတော့ မျိုးနွယ်စုလိုက်၊ လူ့အဖွဲ့အစည်းလိုက် ကြုံတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ သမိုင်းဝင် အဖြစ်အပျက်တွေကြောင့် ဖြစ်ရတဲ့ စိတ်ဒဏ်ရာ လက်ဆင့်ကမ်းမှုပါ။

စစ်ပွဲတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ နယ်ချဲ့မှုတွေ၊ သဘာဝဘေးအန္တရာယ်ကြီးတွေ သို့မဟုတ် နှစ်ရှည်လများ ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဒဏ်ရာတွေပါ။

ဒုတိယကမ္ဘာစစ်မှာ ဂျူးလူမျိုးတွေ ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ Holocaust လို အဖြစ်အပျက်မျိုးပါ ။

အဲဒီခေတ်က အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေရဲ့ သားသမီး၊ မြေးမြစ်တွေဟာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ကျရောဂါလက္ခဏာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဒါမှမဟုတ် ဘဝကို အဓိပ္ပာယ်မဲ့တယ်လို့ ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါဟာ သူတို့ကိုယ်တိုင် မကြုံဖူးခဲ့ပေမယ့် ဘိုးဘွားတွေရဲ့စိတ်ဒဏ်ရာက သူတို့ဆီ ကူးစက်လာတာမျိုးပါ။
.

၂။ Familial Intergenerational Trauma

ဒီအမျိုးအစားကတော့ မိသားစုအတွင်းမှာပဲ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့်ပဲ ဖြစ်ရတာပါ။

ကလေးဘဝမှာ အနိုင်ကျင့်ခံရတာ၊ လျစ်လျူရှုခံရတာ၊ အရက် မူးယစ်ဆေးစွဲခြင်း၊ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ စိတ်ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။

ဥပမာ။ အရက်စွဲနေတဲ့ မိဘရဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ အရက်ကို ကြောက်ရွံ့နေတာမျိုး၊ လူမှုဆက်ဆံရေးမှာ အခက်အခဲ ရှိတာမျိုး ဒါမှမဟုတ် သူတို့ကိုယ်တိုင်လည်း အရက်စွဲလမ်းတာမျိုး ဖြစ်လာနိုင်ပါတယ်။

နောက်ထပ် ဥပမာတစ်ခုက မိဘတွေက သူတို့ငယ်ငယ်က ခံစားခဲ့ရတဲ့ ချို့တဲ့မှုတွေကို ပြန်မဖြစ်ရအောင် သားသမီးတွေကို အတင်းအကျပ် ဖိအားပေးတာမျိုး၊ လိုတာထက်ပိုပြီး ကာကွယ်ပေးလွန်းတာမျိုးတွေကလည်း ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါသေးတယ်။

ဆိုတော့ လက်ရှိမျိုးဆက် ကျွန်မတို့အနေနဲ့ ဘယ်လိုသတိထားကာကွယ်ကြမလဲ။

ဒီစိတ်ဒဏ်ရာမျိုးဟာ တိတ်တိတ်ဆိတ်ဆိတ် ကူးစက်တတ်တဲ့အတွက် သတိထားမိဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အချို့လက္ခဏာတွေကို သတိပြုမိရင် ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေမှာ ဒီဒဏ်ရာမျိုး ရှိနေလားဆိုတာကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

📍မရှင်းပြနိုင်တဲ့ စိုးရိမ်စိတ်များ သို့မဟုတ် စိတ်ဓာတ်ကျခြင်း။

တိကျတဲ့ အကြောင်းပြချက်မရှိဘဲ စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေ များနေတာ၊ ဒါမှမဟုတ် စိတ်ဓာတ်ကျနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။
.

📍မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း။

ဘာမဟုတ်တဲ့ကိစ္စလေးတွေမှာတောင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ၊ အားမလိုအားမရ ဖြစ်တာမျိုးတွေ ရှိနေတတ်ပါတယ်။
.

📍မိသားစုလျှို့ဝှက်ချက်များ။

မိသားစုအတွင်းက အဖြစ်အပျက်ဆိုးတွေကို ဖုံးကွယ်ထားတာ၊ မပြောချင်တာမျိုးတွေ ရှိတတ်ပါတယ်။
.

📍ဆက်ဆံရေး ပြဿနာများ။

အခြားသူတွေနဲ့ ရင်းနှီးဖို့ ခက်ခဲတာ၊ ယုံကြည်မှု နည်းတာ ဒါမှမဟုတ် အမြဲတမ်း ပြဿနာတွေ ဖြစ်နေတတ်တာမျိုးတွေ တွေ့ရတတ်ပါတယ်။
.

📍နာတာရှည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများ။

ဘာရောဂါမှ မယ်မယ်ရရ မတွေ့ရပါဘဲ ခန္ဓာကိုယ်က နာကျင်မှုတွေ ခံစားနေရတာမျိုးကို ဆိုလိုတာပါ။
.

📍စွဲလမ်းမှုများ။

အရက်၊ မူးယစ်ဆေးဝါး၊ အစားအသောက် စတာတွေကို စွဲလမ်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။
.

📍ထပ်ခါတလဲလဲ မက်တတ်သော အိပ်မက်ဆိုးများ သို့မဟုတ် အတွေးများ။

တစ်စုံတစ်ရာကို အကြိမ်ကြိမ် ပြန်တွေးမိနေတာ ဒါမှမဟုတ် အိပ်မက်ဆိုးတွေ မကြာခဏ မက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

📍ယုံကြည်မှု နည်းပါးခြင်း။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ၊ ကိုယ့်အရည်အချင်းကို သံသယဝင်နေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

ဒါဆို ဒီ Intergenerational trauma ရဲ့ သံသရာကို ဘယ်လိုရပ်မလဲ။

မျိုးဆက်ပွား စိတ်ဒဏ်ရာတွေက ကိုယ်တိုင် မွေးရာပါ ပါလာတာမျိုး မဟုတ်ဘဲ မျိုးဆက်လိုက် ကူးစက်လာတာဖြစ်လို့ သတိထားမိပြီဆိုတာနဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။

၁။ ကိုယ့်ရဲ့ “ ဒဏ်ရာအမွေ” ကို အသိအမှတ်ပြုပါ။

ပထမဆုံးအနေနဲ့ ကိုယ့်မိသားစုမှာ ဒီလိုမျိုး ဆက်တိုက် ကူးစက်လာတဲ့ ပြဿနာတွေ ရှိနေတယ်ဆိုတာကို လက်ခံဖို့ စတင်ပါ။

ဥပမာ။ မိဘတွေက ချစ်ပေမယ့့် ခံစားချက်တွေကို ဖွင့်မပြောတတ်တဲ့ အလေ့အထရှိတာမျိုး၊ အိမ်မှာ ဒေါသအလွယ်ထွက်တဲ့ ပတ်ဝန်းကျင် ဖြစ်နေတာမျိုး ဒါမှမဟုတ် ဘာသာရေး၊ ယဉ်ကျေးမှုအရ အပြစ်ရှိသလို ခံစားရစေတဲ့ အတွေးတွေ ရှိနေတာမျိုးတွေပါ။

ဆိုလိုရင်းကတော့ “ ဒါတွေက ငါ့အပြစ်မဟုတ်ဘူး၊ ငါလည်း လက်ဆင့်ကမ်း ကူးစက်ခံရတာ” ဆိုတဲ့ အတွေးကို မွေးမြူပြီး ကိုယ့်ကိုယ်ကိုယ် နားလည်ပေးဖို့ပါပဲ။
.

၂။ ခံစားချက်တွေကို “ အမည်တပ်ပါ” ။

စိတ်ထဲက နာကျင်မှု၊ ကြောက်ရွံ့မှုတွေကို စုပြုံသိမ်းမထားဘဲ ရှင်းထုတ်ပါ။

ဥပမာ။ “ ငါ့အမေက ငယ်ငယ်တုန်းက ငါ့ကို ချီးမွမ်းတာ မရှိဘူး။ ဒါကြောင့် အခုလည်း ငါလုပ်သမျှမှာ အားမလိုအားမရ ဖြစ်နေတာ” ဒါမှမဟုတ်

“ ငါ့ဖေဖေက စိတ်မရှည်တဲ့သူဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါက သူနဲ့မတူဘဲ စိတ်ရှည်တတ်အောင် ကြိုးစားနိုင်တယ်” စသည်ဖြင့် ကိုယ့်ခံစားချက်တွေကို နာမည်တပ်ပြီး ဖော်ထုတ်ကြည့်ပါ။
.

၃။ “ အတုမယူဘဲ” ရွေးချယ်ပါ။

မိဘတွေရဲ့ အပြုအမူပုံစံကို အလိုအလျောက်အတုယူမိတာကို ရပ်တန့်ဖို့ ကြိုးစားပါ။ ဒေါသထွက်လာရင် ၅ စက္ကန့် အသက်ပြင်းပြင်းရှူတာ၊ ကလေးကို ဆူမယ့်အစား “ ငါအခု စိတ်ဆိုးနေတယ်။ ခဏနားရမယ်” လို့ ပြောတတ်အောင် လေ့ကျင့်တာမျိုးတွေ လုပ်နိုင်ပါတယ်။

ကိုယ်ကိုယ်တိုင် စိတ်ဒဏ်ရာကြောင့် မကောင်းတဲ့အရာတွေကို အလွဲသုံးစားလုပ်မိတာကို သိလာရင် ဆရာဝန် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာပညာရှင်နဲ့ တိုင်ပင်ဖို့ကိုလည်း မတွန့်ဆုတ်ပါနဲ့။
.

၄။ မိသားစုနဲ့အတူ “ အသစ်တစ်ဖန် တည်ဆောက်ပါ”

မျိုးဆက်ဟောင်းတွေရဲ့ အပြုအမူကို အပြစ်တင်ရုံနဲ့တော့ ဒီသံသရာဟာ မပြီးသွားပါဘူး။ အမွေဆိုးကို ဒါတွေနဲ့ အစားထိုးပြောင်းလဲပါ။

✅ ကျေးဇူးတင်စကား

“ အမေ/အဖေတို့ ငယ်ငယ်က ဒီလိုစိတ်ဒဏ်ရာတွေ ခံစားခဲ့ရတာ ကျွန်တော်/ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် အခုမိသားစုမှာ ဒီအလေ့အထတွေ မကူးစေချင်ဘူး” လို့ ရင်းရင်းနှီးနှီး ဆွေးနွေးပါ။

✅ ပြောင်းလဲမှုကို စတင်သူဟာ ကိုယ်ဖြစ်ပါစေ

မိသားစု ချစ်ခင်ညီညွတ်ရေး activities လုပ်တာ၊ အတူတူ စကားပြောတာမျိုးနဲ့ စတင်ပါ။
.

၅။ ပရော်ဖက်ရှင်နယ် အကူအညီယူပါ။

ကိုယ်တစ်ယောက်တည်းအားနဲ့ မကျော်လွှားနိုင်ဘူးဆိုရင် Therapy (စိတ်ကုထုံး) ခံယူပါ။

ဒါ့အပြင် မိသားစုကုထုံး (Family Therapy) ဟာ မိသားစုဝင်တွေနဲ့အတူ ပြဿနာကို အဖြေရှာဖို့ ကူညီပေးနိုင်ပါတယ်။
.

၆။ ကိုယ့်ကလေးကို “ ဒဏ်ရာကင်းတဲ့အမွေ” ပေးပါ။

မျိုးဆက်သစ်ဆီ ဒဏ်ရာမကူးစေဖို့

• ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။
“ မေမေက မင်းကိုချစ်တယ်။ ဒီအပြုအမူကြောင့် မေမေ စိတ်ဆိုးရတာပါ” လို့ ရှင်းပြပါ။

• အားပေးစကားပြောပါ
“ သားလုပ်တာ ကောင်းတယ်။ သမီးလေးက အရမ်းတော်တယ်” ဆိုတဲ့ စကားမျိုး ပြောပေးပါ။

• ကလေးရဲ့ခံစားချက်ကို အလေးထားပါ
“ ဒီလို ခံစားရတာ မေမေ/ဖေဖေတို့ နားလည်ပါတယ်” လို့ အားပေးပေးပါ။

မျိုးဆက်တိုင်းမှာ ဒဏ်ရာကို ဆက်ခံရမယ့်အစား ပြောင်းလဲမှုကို စတင်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ဒီအမွေဆိုးကို ရပ်တန့်နိုင်တဲ့ ပထမဆုံးမျိုးဆက် ဖြစ်လာနိုင်တယ်ဆိုတာကို မမေ့ပါနဲ့ ။

ကိုယ့်ရဲ့ နာကျင်မှုတွေကို မျိုးဆက်သစ်တွေဆီ မ‌ကူးစက်စေချင်ဘူးဆိုရင် ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ်လည်း နူးညံ့စွာဆက်ဆံပါ။ ဘယ်သူကမှ အဘက်ဘက်က ပြည့်စုံပြည့်ဝတဲ့ မိသားစုကနေ မလာကြပါဘူး။

ဒါပေမယ့် ပြည့်ဝတဲ့မေတ္တာကိုတော့ ရွေးချယ်လို့ရပါတယ်၊ လက်ဆင့်ကမ်းလို့ ရပါတယ်။

မျိုးရိုးစဥ်ဆက် လက်ဆင့်င့်ကမ်း စိတ်ဒဏ်ရာဟာ ကိုယ်တိုင်ရွေးချယ်ခဲ့တာ မဟုတ်ပေမယ့် ဒီဒဏ်ရာတွေကို ကုစားပြီး ပိုမိုပျော်ရွှင်တဲ့ဘဝကို ဖန်တီးနိုင်ပါတယ် …

ဖန်တီးကြရအောင်ပါနော်…. ။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here