ယခုခေတ်ကာလကြီးမှာ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက်ဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ခွဲခြားလို့မရအောင် အရေးပါလာပါတယ်။ ဒါပေမယ့် တစ်နေ့တာရဲ့ အချိန်အတော်များများကို ဖန်သားပြင် (Screen) တွေရှေ့မှာပဲ ကုန်ဆုံးနေရတာဟာ မျက်စိညောင်းရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ တဖြည်းဖြည်း ချည့်နဲ့လာစေနိုင်ပါတယ်။

‎အာရုံစူးစိုက်မှု အားနည်းလာတာ၊ အိပ်မပျော်တာ၊ အကြောင်းရင်းမရှိဘဲ စိတ်တိုလွယ်လာတာတွေဟာ Digital Fatigue (နည်းပညာကြောင့် စိတ်ပင်ပန်းနွမ်းနယ်ခြင်း) ရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

‎ဒါကြောင့် မိမိကိုယ်ကိုယ် ပြန်လည်လန်းဆန်းလာစေဖို့ Digital Detox လို့ခေါ်တဲ့ နည်းပညာဆီမှ ခေတ္တခဏ အနားယူခြင်းကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

‎၁။ နံနက်ခင်းကို ဖုန်းမပါဘဲ စတင်ကြည့်ပါ။

‎အများစုဟာ နိုးနိုးချင်းမှာ ဖုန်းကို အရင်ဆုံးကိုင်တတ်ကြပါတယ်။ အဲဒီအစား အိပ်ရာနိုးပြီး ပထမဆုံး မိနစ် ၃၀ ကို ဖုန်းမကြည့်ဘဲ ရေသောက်တာ၊ ကိုယ်လက်လှုပ်ရှားတာ ဒါမှမဟုတ် မိသားစုနဲ့ စကားပြောတာမျိုးကို လုပ်ကြည့်ပါ။ ဒါဟာ တစ်နေ့တာလုံးအတွက် စိတ်ကြည်လင်မှုကို အများကြီး အထောက်အကူပြုပါတယ်။

‎၂။ အိပ်ရာဝင်ချိန် စည်းကမ်းသတ်မှတ်ပါ။

‎အိပ်ရာမဝင်ခင် အနည်းဆုံး တစ်နာရီအလိုမှာ ဖုန်း၊ Tablet နဲ့ ကွန်ပျူတာတွေကို ပိတ်လိုက်ပါ။ Screen က ထွက်တဲ့ Blue Light လို့ခေါ်တဲ့ အလင်းဟာ အိပ်စက်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို နှောင့်ယှက်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။

‎၃။ ဖုန်း Notifications (သတိပေးချက်) တွေကို စိစစ်ပါ။

‎မိမိအတွက် သိပ်အရေးမကြီးဘူးလို့ ထင်ရတဲ့ ဖုန်းဆော့ဖ်ဝဲ App တွေဆီက Notifications တွေကို ပိတ်ထားပါ။ ဖုန်းမြည်တိုင်း၊ ဖုန်းလင်းလာတိုင်း ကြည့်မိနေတဲ့အကျင့်ဟာ အလုပ်အာရုံစိုက်မှုကို အမြဲတမ်း နှောင့်ယှက်နေသလို ဖြစ်စေပါတယ်။

‎၄။ ဖုန်းမသုံးရမယ့်အချိန်မျိုးကို သတ်မှတ်ကြည့်ပါ။

‎ထမင်းစားပွဲပေါ်မှာဖြစ်ဖြစ်၊ မိသားစုစုံစုံလင်လင်ရှိနေချိန်မှာဖြစ်ဖြစ် ဖုန်းမသုံးဘဲ မျက်နှာချင်းဆိုင် စကားပြောဆိုတဲ့ အလေ့အကျင့်ကို လုပ်ကြည့်ပါ။ ဒါဟာ လူမှုဆက်ဆံရေးကို ပိုမိုခိုင်မာစေသလို စိတ်ကိုလည်း ပိုမိုအေးချမ်းစေပါတယ်။

‎၅။ ဝါသနာအသစ်တွေကို ပြန်ရှာဖွေပါ။

‎အွန်လိုင်းပေါ်မှာပဲ အချိန်ပြည့်ဖုန်းပွတ်နေမယ့်အစား စာအုပ်ဖတ်တာ၊ ပန်းပင်စိုက်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု လုပ်တာမျိုးကို တစ်နေ့ (၁၅) မိနစ်ကနေ စတင်ပြီး အစားထိုးလုပ်ကြည့်ပေးပါ။
‎…
‎…

‎တကယ်‌တော့ Digital Detox ဆိုတာဟာ နည်းပညာတွေကို လုံးဝအသုံးမပြုခိုင်းတာမျိုး မဟုတ်ဘဲ မိမိရဲ့ကျန်းမာရေးအတွက် နည်းပညာကို စနစ်တကျ ပြန်လည်ထိန်းချုပ် အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာဆီမှ ခေတ္တခဏ အနားယူပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here