နာတာရှည်ချောင်းဆိုးခြင်း Chronic Cough (March, 2023)

“နာတာရှည်ချောင်းဆိုးခြင်း (chronic cough)”

အရွယ်ရောက်ပြီးလူကြီးတွေမှာ ချောင်းဆိုးတာ (၈) ပတ်ထက်ကြာရင်၊ ကလေးတွေမှာ လေးပတ်ထက် ပိုကြာရင် နာတာရှည်ချောင်းဆိုးတာလို့ ခေါ်ပါတယ်။

နာတာရှည် ချောင်းဆိုးတာဟာ သာမန် အာဂနုမဟုတ်ဘဲ နောက်ကွယ်က အရေးကြီးတဲ့ရောဂါအခံ အကြောင်းအရင်းတစ်ခုခု ရှိနေတာကို ပြပါတယ်။
..
..

♦ နာတာရှည်ချောင်းဆိုးတာနဲ့ တွဲတတ်တဲ့ အခြား လက္ခဏာတွေ

အထူးအရေးကြီးတဲ့ လက္ခဏာတွေကတော့…

– ချောင်းဆိုး သွေးပါခြင်း

– သလိပ်ပြစ်ပြစ်များ ထွက်ခြင်း

– ရက်ရှည် ဖျားနေခြင်း

– ကိုယ်အလေးချိန်ကျခြင်း

– အစားအသောက်ပျက်ခြင်း

– ရင်ဘတ်အောင့်ခြင်း

– အသက်ရှူကြပ်ခြင်း၊ မောခြင်း

– ခန္ဓာကိုယ်တွင် အကျိတ်များထွက်ခြင်း

– အသံပြောင်းခြင်း၊ အသံဩခြင်း စတာတွေ ဖြစ်ပါတယ်။

နာတာရှည်ချောင်းဆိုးတာနဲ့ တွဲပြီး အထက်ပါ ရောဂါ လက္ခဏာတွေ ရှိနေရင် စိုးရိမ်ရတဲ့ ရောဂါကြီးကြီးမားမား ဖြစ်တတ်ပြီး ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ်။

အခြားတွဲတတ်တဲ့ လက္ခဏာတွေကတော့…

– နှာရည်နောက်ပြန်စီးပြီး လည်ချောင်းထဲသို့ နှာရည်များကျခြင်း

– ရင်ပူခြင်း

– လေချဉ်တတ်ခြင်း … စတာတွေ ဖြစ်ပါတယ်။
..
..

♦ နာတာရှည်ချောင်းဆိုးရတဲ့အကြောင်းရင်းတွေကတော့..

အဆုတ်ရောဂါတွေ အားလုံးနီးပါးက ချောင်းဆိုးပါတယ်။ မြန်မာနိုင်ငံမှာ ပေါများတဲ့ အဆုတ်ရောဂါတွေကတော့…

– အဆုတ်တီဘီရောဂါ

– နမိုးနီးယား အဆုတ်ရောင်ရောဂါ

– အဆုတ် ရေဝိုင်းခြင်း (Pleural effusion)

– အဆုတ်တွင်း ပြည်တည်နာရောဂါများ (Lung abscess, Empyema, Bronchiectasis)

– ပန်းနာရင်ကြပ်ရောဂါ

– လေပြွန်ကျဉ်း၍ အဆုတ်ပွ‌‌သော COPD ရောဂါ (ဆေးလိပ်သောက်သူများတွင် အဖြစ်များပါသည်)

– အဆုတ်ကင်ဆာ

အဆုတ်ရောဂါမဟုတ်တဲ့ အခြားရောဂါတွေကြောင့်လည်း နာတာရှည်ချောင်းဆိုးတတ်ပါတယ်။ ဒါတွေကတော့….

– နှာခေါင်းအမြှေးပါးလေးများ ရောင်ရမ်း၍ နှာရည်နောက်ပြန်စီးခြင်း (Rhinitis , allergic or non-allergic)

– စားချဥ့်ပြန်ရောဂါ (Gastroesophageal reflux disease – GERD)

– နှလုံးအမောဖောက်ခြင်း (Heart failure)

– အချို့သော သွေးတိုးကျဆေးများရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ချောင်းဆိုးခြင်း (ACEI) နဲ့

– အခြားသော လုပ်ငန်းခွင်အန္တရာယ်အခြေနေများကြောင့်လည်း ဖြစ်တတ်ပါတယ်။ (ဥပမာ – ဖုန်မှုန့်နှင့် မီးခိုးထွက်သော လုပ်ငန်းခွင်များ)
..
..

♦ လက္ခဏာသက်သာအောင် ဘာတွေလုပ်မလဲ ?

နာတာရှည်ချောင်းဆိုးခြင်းဟာ အရေးကြီးတဲ့ ရောဂါလက္ခဏာဖြစ်တာကြောင့် ရောဂါရှာဖို့ ဆရာဝန်နဲ့ ပြသရပါမယ်။ ဓါတ်မှန်ရိုက်တာ၊ သွေး၊ သလိပ် စစ်တာတွေကို ပြုလုပ်ရပါမယ်။

ချောင်းဆိုးသက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အနေနဲ့ကတော့ …

– ရေများများ သောက်ပါ

– ချွဲများဖယ်ရန် ဆားရည်ဖြင့် ပလုတ်ကျင်းပါ

– ဖုန်မှုန့်များ၊ မီးခိုးများနဲ့ အခြားအညစ်အကြေးများကို မရှူမိရန် သတိထားပါ (PM 2.5 mask / လုပ်ငန်းခွင်အကာအကွယ် သေချာယူသင့်ပါတယ်)

– ညအိပ်ချိန်မှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှင့်ပြီးအိပ်ပါ (ခေါင်းအုံးအပိုခံ၍ အိပ်နိုင်ပါတယ်)

– အစာ စားပြီး ၂ နာရီနေမှ လှဲပါ (စားချဥ့်ပြန်ရောဂါ GERD အတွက်)

– ချောင်းဆိုးပျောက်ဖို့ ငုံဆေးငုံနိုင်ပါတယ်

– ချောင်းဆိုးပျောက်ဆေး သောက်ပါ

အထက်ပါနည်းလမ်းတွေ အသုံးပြုပြီးသော်လည်း လက္ခဏာတွေပဲ သက်သာပြီး ရောဂါအရှင်းမပျောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ကုသရပါမယ်။
..
..

♦ မကုသဘဲထားရင် ဘာတွေဖြစ်နိုင်သလဲ ?

– အရေးကြီးတဲ့ ရောဂါအခံတွေ ပိုဆိုးလာမယ်

– ချောင်းအဆက်မပြတ်ဆိုးနေတာကြောင့် အိပ်ရေးပျက်လာမယ်

– ကြွက်သားတွေနာလာမယ်

– ခေါင်းကိုက်၊ခေါင်းမူးတာ

– ဆီးမထိန်းနိုင်တာ

– မျက်လုံးထဲ သွေးစလေးတွေ တွေ့ရတာ

– သတိလစ်တာနဲ့

– အမျိုးသားတွေမှာ အူကျတာအထိ ဖြစ်နိုင်ပါတယ်။

အရေးကြီးဆုံးကတော့ TB ရောဂါဆိုရင် မိမိပတ်ဝန်းကျင်ရှိ တခြားသူတွေကိုပါ ကူးစက်တာမျိုး၊ TB ပိုးဟာ ဦးနှောက်ထဲထိရောက်ပြီး ရောဂါအခြေအနေ ပိုဆိုးတာမျိုးတွေ ဖြစ်နိုင်သလို၊ အဆုတ်ရောင်ရောဂါ ဖြစ်သူတွေမှာလည်း အဆုတ်မှာ ပြည်တည်ပြီး အဆုတ်ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။
..
..

♦ နာတာရှည်ချောင်းမဆိုးအောင် ဘာတွေဆင်ခြင်ရမလဲ ?

နာတာရှည်ချောင်းဆိုးတာဟာ ရောဂါအရင်းအမြစ်တစ်ခုရှိနေလို့ ဖြစ်တဲ့လက္ခဏာပါ။ ဒါ့ကြောင့် နောက်ကွယ်မှာ ဖြစ်နေတဲ့ ရောဂါအရင်းအမြစ်ကို ဆရာဝန်နဲ့ ပြသပြီး ရောဂါကို သေချာရှာဖွေကုသဖို့ လိုအပ်ပါတယ်။

ဆင်ခြင်လို့ရတဲ့ အချက်လေးတွေကတော့…

– ဆေးလိပ်လုံးဝမသောက်တာ

– အဆုတ်ရောင်ရောဂါ၊ လေပြွန်ရောင်ရောဂါ ရှိတဲ့သူတွေဆီကနေ ကူးစက်ခံရမှု မရှိအောင်နေတာ

– အမျှင်ဓာတ်ပါတဲ့ အသီး၊ အစားအစာ စားပေးတာတို့ဖြစ်ပါတယ်။
.

ဒီနိုင်ငံမှာ အပေါများဆုံး ကူးစက်ရောဂါဖြစ်တဲ့ တီဘီရောဂါနဲ့ အခြားသော ရောဂါကြီးတွေကို မကုသဘဲ ထားလို့ ရောဂါကျွမ်းမှ သိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ၂ ပတ် ထက်ပိုပြီး ချောင်းဆိုးနေရင် ဆရာဝန်နဲ့ ပြကိုပြဖို့ လိုနေပါပြီ။

Reference – ????
https: //my. clevelandclinic. org/health/diseases/15048-chronic-cough-overview

NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#chroniccough#chronic_cough
#နာတာရှည်ချောင်းဆိုး

Ministry of Health,

National Unity Government.

Published on: 12 March 2023
Last Updated: 12 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား ☕️☕️ မနက်ခင်း အိပ်ရာကနိုးတာနဲ့ လူက လန်းလန်းဆန်းဆန်း ဖြစ်လာအောင်ဆိုပြီး ကော်ဖီတစ်ခွက်ကို အမြန်ဆုံး ဖျော်သောက်ပြီးမှ အလုပ်စတတ်ကြတယ်မို့လား။ ဒါပေမယ့် တကယ်တော့... မနက်နိုးနိုးချင်း ကော်ဖီချက်ချင်းသောက်တာဟာ ကော်ဖီရဲ့အာနိသင်ကို အပြည့်အဝ မရရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကိုပါ ကမောက်ကမ ဖြစ်စေတယ်ဆိုတာ အာရုံကြောသိပ္ပံနည်းအရ...

အယူအဆလွဲများ (၃၂)

❌ အယူအဆလွဲ >>> အလုပ်လုပ်ရက်တွေမှာ တစ်နေ့ ၄-၅ နာရီပဲအိပ်ပြီး ပိတ်ရက်ရောက်မှ တစ်နေ့လုံး အိပ်လိုက်ရင် ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်။ ☑️ အမှန် >>> အိပ်စက်ခြင်းဆိုတာ ဘဏ်အကောင့်ထဲ ငွေစုသလိုမျိုး မဟုတ်ပါဘူး။ အလုပ်ရက်တွေမှာ ဆုံးရှုံးသွားတဲ့ "အိပ်စက်မှု အကြွေး" (Sleep...

အဆိပ်အတောက်ဆန်တဲ့ အသိတရားတွေကို လက်ဆင့်မကမ်းမိကြစေဖို့

ဒီဘက်ခေတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “Date Girl” လုပ်ရတာ အဆင်ပြေကြောင်း၊ ပိုက်ဆံအလွယ်ရကြောင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ အထာကျကျ နေထိုင်နိုင်ကြောင်း ရေးသားဖော်ပြနေတဲ့ အဆိပ်အတောက် (Toxic) ဖြစ်စေမယ့် စာသားတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ အထူးသဖြင့် လောကအကြောင်း နားမလည်သေးတဲ့ လူငယ်လေးတွေအတွက် ဒါဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ ‌ကျော့ကွင်းတစ်ခုလိုပါပဲ။ ဒီအပေါ်မှာ...

အသည်းရောင်အသားဝါ A ရောဂါအကြောင်း

အသည်းရောင်အသားဝါ A ရောဂါကူးစက်မှုတွေက အဖြစ်များလာတာမို့ ဂရုစိုက်ဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။ ဒီရောဂါဟာ Hepatitis A ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါ ဖြစ်ပါတယ်။ ✓ ဗိုင်းရပ်စ်ရဲ့ သဘာဝ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ ခံနိုင်ရည် အလွန်မြင့်မားတဲ့ ပိုးဖြစ်ပါတယ်။ အပြင်ဘက်မှာ အဆီအမြှေးပါးမရှိတဲ့ ဗိုင်းရပ်စ်ဖြစ်လို့ အရက်ပြန်ပါတဲ့...