ဒီနေ့မှာတော့ ကျွန်မတို့တော်တော်များများ လည်ပင်းကျီးပေါင်းလို့ ခေါ်ကြတဲ့ (cervical spondylosis) အကြောင်းလေး ပြောပြချင်ပါတယ်။
◾️ ကျီးပေါင်း (spondylosis) ဆိုတာ ဘာလဲ။
ကျီးပေါင်းဆိုတာဟာ ရောဂါတစ်ခုဆိုတာထက် အသက်အရွယ်အလိုက် ကျောရိုးဆစ်တွေမှာ ပြောင်းလဲပျက်စီးလာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ကျောရိုးဆစ်တွေဟာ ပွတ်တိုက်မှုဒဏ်တွေခံခဲ့ရပြီး အဆစ်တွေကြားက အရိုးပြားတွေမှာ အရည်ခန်းခြောက်ပြီး ကျုံ့သွားကြပါတယ်။ ဒီလိုကျုံ့သွားတဲ့အခါ ကျောရိုးဆစ်တွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မှုလည်း ပိုများလာပါတယ်။
နောက်တစ်ခါ ဒီအဆစ်တွေကြားက အရိုးပြားတွေ ကျွံထွက်နိုင်ပါသေးတယ်။ ခြောက်သွေ့သွားတဲ့ အရိုးပြားရဲ့အပြင်ဘက်မှာ အက်ကွဲရာတွေဖြစ်လာပြီး ပိုပြီးနူးညံ့တဲ့ အတွင်းပိုင်းကို အပြင်ဘက်ကို ညှစ်ထုတ်သလိုဖြစ်ပြီး အရိုးပြားတွေ ကျွံတာပါ။ ဒီလို ကျွံထွက်တဲ့အခါ ဘေးမှာရှိတဲ့ အာရုံကြောတွေကို သွားထိုးမိနိုင်ပါတယ်။
ဒီလိုမျိုး ကျောရိုးဆစ်ကို ထောက်ကန်ပေးထားတဲ့ အရိုးပြားတွေနဲ့ အဆစ်တွေ ပျက်စီးသွားတဲ့အခါ ကျောရိုးမကြီးကို ထောက်ပံ့ပေးဖို့အတွက် ခန္ဓာကိုယ်က အရိုးအတက်အသစ်တွေလည်း ထပ်ထွက်ပါတယ်။ ဒီအရိုးအတက်တွေကလည်း ကျောရိုးမကြီးအပြင် အာရုံကြောတွေကိုပါ ပွတ်တိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ဒီလိုအခြေအနေတွေကို စုပေါင်းပြီး ကျီးပေါင်းတက်တယ်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။
အရိုးကျီးပေါင်းတက်ခြင်း အထူးသဖြင့် လည်ပင်းကျီးပေါင်းဟာ အာရုံကြောတွေကို ထိခိုက်နိုင်တဲ့အတွက် အရေးကြီးတဲ့အခြေအနေတစ်ခုပါ။
လည်ပင်းကျီးပေါင်းဟာ အသက်ကြီးလာတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပြီး အသက် (၆၀) နဲ့အထက်လူကြီးတွေရဲ့ (၁၀၀) မှာ (၈၅) ယောက်လောက်က ပုံမှန်ကျီးပေါင်းအခြေအနေ ဖြစ်ပေါ်လေ့ရှိပါတယ်။
…
…
◾️လည်ပင်းကျီးပေါင်းရဲ့ လက္ခဏာတွေ
လူအတော်များများမှာ ဘာလက္ခဏာမှ ခံစားရလေ့မရှိပေမယ့် တကယ်လို့ ခံစားရလာပြီဆိုရင် အဖြစ်များတဲ့ လက္ခဏာတွေကတော့ . . .
- လည်ပင်းနဲ့ ပခုံးနေရာတွေ နာကျင်တာ
- လည်ပင်း ဇက်တောင့်နေတာ
- ဇက်ကြောတက်တာ
- လည်ပင်းမှာ အဖုအလုံးကြီးထွက်နေတာ (အရိုးအဖုထတာ)
- လည်ပင်းကို လှုပ်ရှားတဲ့အခါ ကြိတ်ခြေသံလိုမျိုး အသံတွေထွက်တာ
- ခေါင်းမူးတာ၊ ခေါင်းကိုက်တာ
- အရိုးကျီးပေါင်းက အာရုံကြောကို ဖိမိပြီဆိုရင် လက်မောင်း၊ လက်နဲ့ ခြေထောက်တွေမှာ ကျဥ်သလို ခံစားရတာ၊ ထုံနေတာ၊ ခြေလက်တွေ လှုပ်ရှားရခက်ခဲတာ စတာတွေဖြစ်နိုင်ပါတယ်။
လည်ပင်းကျီးပေါင်းကြောင့် လည်ပင်းရိုးအတွင်းမှာရှိတဲ့ အာရုံကြောမကြီးနဲ့ အရန်အာရုံကြောတွေကို စတင်ထိခိုက်မိရင်တော့ လမ်းလျှောက်တဲ့အချိန် ဟန်ချက်မညီတော့ဘဲ လမ်းလျှောက်ရခက်ခဲတာ၊ ဆီးမထိန်းနိုင်တာ အစရှိတဲ့လက္ခဏာတွေပါ ခံစားရနိုင်ပြီး အဆိုးဝါးဆုံးအနေနဲ့ အောက်ပိုင်းသေတာမျိုးအထိ ဖြစ်ပေါ်နိုင်ပါတယ်။
…
…
◾️ ဘာကြောင့် လည်ပင်းကျီးပေါင်း ဖြစ်ရတာလဲ။ ဘယ်အရာတွေက လည်ပင်းကျီးပေါင်းဖြစ်တာကို အားပေးလဲ။
အထက်မှာဖော်ပြထားသလို အဓိကကတော့ အသက်အရွယ်ကြောင့် ကျောရိုးဆစ်တွေ ပျက်စီးပြောင်းလဲလာတာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစပြီး အရိုးကျီးပေါင်း ဖြစ်နိုင်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ အရွတ်တွေ တောင့်တင်းလာခြင်းဟာလည်း ကျီးပေါင်းဖြစ်နိုင်ခြေကို ပိုများစေနိုင်ပါတယ်။
ဒါ့အပြင် . . .
- လည်ပင်းကို ခဏခဏ လှုပ်ရှားရတာတွေ
- အလုပ်လုပ်တဲ့အခါ စာကြည့်တဲ့အခါတွေမှာ လည်ပင်းအနေအထား မမှန်တာတွေ
- လည်ပင်းမှာ ဒဏ်ရာရဖူးတာ
- မျိုးရိုးလိုက်တာနဲ့
- ဆေးလိပ်သောက်တာတွေဟာလည်း လည်ပင်းကျီးပေါင်းဖြစ်ခြင်းကို အားပေးစေတဲ့အချက်တွေ ဖြစ်ပါတယ်။
…
…
လည်ပင်းကျီးပေါင်းရဲ့ ကြောက်စရာအကောင်းဆုံး အန္တရာယ်ကတော့ အရိုးအတွင်းမှာရှိတဲ့ အာရုံကြောမကြီးကို အရိုးအတက်တွေက ဖိမိတဲ့အတွက် အာရုံကြောထိခိုက်ခြင်းပဲ ဖြစ်ပါတယ်။ အချိန်မီမကုသနိုင်ရင် အန္တရာယ်ရှိပါတယ်။ အာရုံကြောတွေ သေသွားတဲ့အတွက် ခြေလက်လှုပ်ရှားမှု ခက်ခဲပြီး လမ်းမလျှောက်နိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခြမ်း မဟုတ်ဘဲ ခြေနှစ်ဖက်လက်နှစ်ဖက်လုံးအထိ အောက်ပိုင်းသေသွားနိုင်ပါတယ်။ ပြန်ကောင်းဖို့ အလွန်ခဲယဉ်းပါတယ်။
ဒါကြောင့် အများစုမှာ ဘာလက္ခဏာမှ ပြလေ့မရှိပေမယ့် လည်ပင်းကျီးပေါင်းကို မပေါ့ဆစေလိုပါဘူး။ ဇက်တောင့်တာ၊ လည်ပင်းနဲ့ ပခုံးတစ်ဝိုက် နာတာလောက်ပဲဆိုပြီးလည်း အလေးမထား မပြုစေလိုပါဘူး။ အပေါ်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း အာရုံကြောတွေကိုပါ ထိခိုက်နိုင်တာ ဖြစ်တဲ့အတွက် မကုသခဲ့ရင် နောက်ဆက်တွဲအနေနဲ့ အာရုံကြောဆိုင်ရာရောဂါတွေအထိ ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် အပေါ်ကလက္ခဏာတွေ ခံစားနေရပြီဆိုရင် မပေါ့ဆဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ စနစ်တကျ ဆွေးနွေးသင့်ပါတယ်။
…
…
◾️ လည်ပင်းကျီးပေါင်း ဖြစ်ပွားမှုကို လျှော့ချခြင်း
လည်ပင်းကျီးပေါင်း ဖြစ်ပွားတာကို လျှော့ချဖို့အတွက်
- ခန္ဓာကိုယ်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း
- မှန်ကန်သော ကိုယ်ဟန်အနေအထားဖြင့် နေထိုင်ခြင်း
- ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်သောအခါ မှန်ကန်သောကိရိယာများနှင့် မှန်ကန်သောနည်းလမ်းများဖြင့်သာ ပြုလုပ်ခြင်း
- လည်ပင်းထိခိုက်ဒဏ်ရာရစေခြင်းမှ ရှောင်ကြဥ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ လျှော့ချနိုင်ပါတယ်။
ဒီအထဲကမှ အလွယ်တကူပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေအနေနဲ့ကတော့ . . .
👇👇
ထိုင်ခုံတစ်လုံးမှာထိုင်ပြီး အနေတော်လောက် ခပ်မတ်မတ်အနေအထားမှာ ထိုင်ပါ။
လည်ပင်းကို မတ်မတ်ထားပြီး မေးစေ့ကို အောက်ကိုတတ်နိုင်သလောက် ငုံ့ပါ။ လည်ပင်းပါ လိုက်ငုံ့စရာမလိုပါဘူး။ စက္ကန့်ပိုင်းလောက် ငုံ့ထားပြီးရင်း ပြန်မတ်ပါ။
နောက်တစ်နည်းကတော့
မတ်တပ်အနေအထားဖြစ်စေ၊ ထိုင်ပြီးတော့ ဖြစ်စေ ခေါင်းကို ဘယ်ဖက်တစ်လှည့်၊ ညာဖက်တစ်လှည့် စောင်းပေးပါ။ (၃) ကြိမ်ခန့်စီ ပြုလုပ်ပေးပါ။
.
ဒီနည်းလမ်းလေးတွေကို မှတ်သားလိုက်နာရင်း လည်ပင်းကျီးပေါင်းကို တတ်နိုင်သလောက် ကာကွယ်နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်….။
References – 📚
https:// www. mayoclinic. org / diseases-conditions/cervical-spondylosis/symptoms-causes/syc-20370787
https:// www. mayoclinic. org / diseases-conditions/cervical-spondylosis/diagnosis-treatment/drc-20370792
https:// my. clevelandclinic. org / health/diseases/17685-cervical-spondylosis
https:// www. csp. org. uk/ conditions/neck-pain/video-exercises-neck-pain
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.