မီနူး

ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း Anaemia in Pregnancy (February, 2023)

မေမေများ သိကောင်းစရာ ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း

အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်နေစဥ်ကာလက အပင်ပန်းဆုံးကာလပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိကိုယ်ကို ဂရုစိုက်ရတဲ့အပြင် လူ့ဘဝထဲကို ရောက်မလာသေးတဲ့ ကိုယ့်ရဲ့ သားသမီးရတနာလေးအတွက်ပါ အထူးသတိထားနေထိုင်ရလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဥ်ကာလမှာတော့ သတိထားရမယ့် ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းရောဂါနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင်နေစဥ်ကာလမှာ သင့်ရဲ့ကလေးကို အောက်ဆီဂျင် ထောက်ပံ့ပေးဖို့အတွက် သွေးထဲမှာရှိတဲ့ သံဓာတ် (iron) တွေကို အသုံးပြုရပါတယ်။ ဒါကြောင့် မေမေတို့မှာ သံဓာတ်မပြည့်ဝဘူးဆိုရင် သံဓာတ်နည်းတဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ချေများပါတယ်။

▪️ကိုယ်ဝန်ဆောင်နေစဥ်မှာ သွေးအားနည်းရင် ကလေးမှာ ဘယ်လိုသက်ရောက်နိုင်လဲ?

ပြင်းပြင်းထန်ထန် သွေးအားနည်းတဲ့အခါမှာ လမစေ့ဘဲ ကလေးမွေးတာ၊ ဒါ့အပြင် မွေးလာတဲ့ကလေးမှာ ပေါင်မပြည့်တာ၊ မိခင်က ကလေးမွေးပြီးနောက်ပိုင်း စိတ်ဓာတ်ကျတာ အစရှိတဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်ပါတယ်။ မမွေးခင် သန္ဓေသားသေဆုံးတာ၊ မွေးကင်းစ ကလေးသေဆုံးတာ အစရှိတဲ့ နောက်ဆက်တွဲတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

▪️ဘာကြောင့် ကိုယ်ဝန်ဆောင်စဥ်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်ရသလဲ?

…အာဟာရမျှတအောင် မစားတာကြောင့်
…အရင်ကိုယ်ဝန်ဆောင်ဖူးတဲ့ မိခင်တွေမှာ ကလေးမီးမဖွားခင်နဲ့ မီးဖွားပြီးနောက် သွေးသွန်ဖူးတာကြောင့်
…သန်ရောဂါဖြစ်ဖူးတာကြောင့်
…သွေးနဲ့ပတ်သက်တဲ့ရောဂါရှိတာကြောင့်ပဲ ဖြစ်ပါတယ်။
…ဒါ့အပြင် ပထမကလေးကို မီးဖွားပြီးနောက် သိပ်မကြာခင်ပဲ ဒုတိယကိုယ်ဝန်လွယ်ရတဲ့ အခါမျိုးတွေမှာလည်း လိုအပ်တဲ့ သံဓာတ်ဖြည့်တင်းမှု မလုံလောက်တဲ့အခါ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။

▪️ကိုယ်ဝန်ဆောင်ကာလမှာ သွေးအားနည်းတာကြောင့် မိခင်မှာ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လဲ?

…ကလေးမီးဖွားတဲ့အချိန်မှာ သွေးထွက်မှုဒဏ် ကို ခံနိုင်ရည်မရှိဖြစ်မယ်။
…ရောဂါပိုး ကူးစက်ဝင်ရောက်နိုင်မှု ပိုများလာမယ်။
…သွေးခဲနိုင်ခြေ ပိုများလာမယ်။
…အနာကျက်နှုန်း နှေးလာမယ်။
…နှလုံးရောဂါ ခံစားရမယ်။
…မိခင်သေနှုန်းများမယ်။
…ကလေးသေနှုန်း မြင့်လာမယ်။
…သားအိမ်တွင်း သန္ဓေသား သေဆုံးမယ် အစရှိတဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်ပါတယ်။

▪️ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ?

နုံးမယ်။ ပင်ပန်းမယ်။ လှုပ်လှုပ်ရှားရှားလုပ်ရင် အလွယ်တကူ မောနေမယ်။ ခေါင်းမူးမယ်။ ရင်တုန်မယ်။ ရင်ဘတ်အောင့်မယ်။

အပေါ်မှာ ဖော်ပြထားခဲ့တဲ့ လက္ခဏာတွေ ရှိနေပြီဆိုရင် သွေးအားနည်းရောဂါ ခံစားနေရပြီဆိုတာ သိရှိဖို့ လိုပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသဖို့ အလွန်အရေးကြီးပါတယ်။

▪️ကာကွယ်ခြင်းနှင့် ကုသခြင်း

– ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အစားကိုမရှောင်ဘဲ အသားငါး အသီးအရွက် စုံလင်စွာနဲ့ အာဟာရပြည့်ဝစွာ စားဖို့ အရေးကြီးပါတယ်။
– ကိုယ်ဝန်ဆောင် အားဆေးတွေကိုလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ရပါမယ်။
– ဗီတာမင်စီက သံဓာတ်စုပ်ယူမှုကို အားပေးတဲ့အတွက်ကြောင့် ဗီတာမင်စီပါဝင်တဲ့ အသီးအနှံတွေ စား‌ပေးဖို့လည်း အရေးကြီးပါတယ်။

▪️သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်ကြောင်း ဆရာဝန်က စစ်ဆေးတွေ့ရှိခဲ့ရင်တော့…

– သံဓါတ်ဖြည့်ဆေးနဲ့ အားဆေးတွေ သောက်ရပါလိမ့်မယ်။
– သောက်ဆေးဒဏ် မခံနိုင်တဲ့သူ‌တွေ၊ အစားမစားနိုင်ဘဲ အန်နေတဲ့သူတွေကို အကြောဆေးသွင်းဖို့ လိုတတ်တာမို့ ဆရာဝန် နဲ့ ရက်ချိန်း သေချာပြရပါမယ်။
– သံဓါတ်ပါတဲ့ အစားအစာတွေကိုလည်း များများစားပေးဖို့ လိုပါတယ်။

သံဓါတ်ကြွယ်ဝတဲ့ အစားအစာများကတော့ …

အခွံမာ ရေသတ္တဝါများ၊ ငါးအမျိုးမျိုး၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အသားများ၊ ဖရုံစေ့၊ ပန်းပွင့်စိမ်း၊ တို့ဟူး စသည်တို့ပဲ ဖြစ်ပါတယ်။

????ဒါကြောင့် ကလေးမီးဖွားတော့မယ့် မေမေများအနေနဲ့ မိမိမှာ သွေးအားနည်းရောဂါရှိ၊ မရှိ စောစီးစွာ သိရှိနိုင်ဖို့အတွက် တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ ဗိုက်မှန်မှန်အပ်ဖို့ တိုက်တွန်းပါ‌ရစေ။

ကလေး မီးဖွားတော့မယ့် အချိန်မှာ ဆေးရုံမှာ မီးဖွားတာ ပိုအန္တရာယ်ကင်းပါတယ်။
မီးဖွားပြီးချိန်နှင့် နို့တိုက်ချိန်တို့တွင်လည်း သံဓာတ်အားဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆက်လက် သောက်သုံးဖို့ လိုပါတယ်။
အာဟာရမျှတအောင် စားသောက်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ကိုယ်၀န်တစ်ခုနှင့်တစ်ခု အရမ်းမနီးကပ်စေရန် သားဆက်ခြားနည်းလမ်းတွေ သုံးဖို့ အကြံပြုပါရစေ။

ဒီလောက်ဆို ကိုယ်ဝန်ဆောင်စဥ်မှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါအကြောင်းကို ထိုက်သင့်သလောက် ဗဟုသုတရရှိကြမယ်လို့ ထင်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေတို့လည်း အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လိုက်နာပြီး ပျော်ရွှင်ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်ကြပြီး ကျန်းမာတဲ့ ရင်သွေးရတနာများ မွေးဖွားနိုင်ကြပါစေ။

ကိုယ်၀န်ဆောင်မဟုတ်ဘဲ သံဓါတ်ချို့တဲ့သူများအတွက်တော့ ယခင် တင်ခန့်ဖူးသော ဆောင်းပါးကို အောက်ပါကောမန့်က လင့်တွင် ဖတ်ရှုနိုင်ပါတယ်။

Reference – https:// www. mayoclinic. org/healthy-lifestyle/pregnancy-week-by-week/in-depth/anemia-during-pregnancy/art-20114455#:~:text=Severe%20iron%20deficiency%20anemia%20during,weight%20baby%20and%20postpartum%20depression.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#anaemia_in_pregnancy

Ministry of Health,

National Unity Government.

Published on: 5 February 2023
Last Updated: 5 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ရေဓာတ်ပြည့်ဝအောင်နေဖို သတိရပါ (စက်တင်ဘာ၊ ၂၀၂၅)

▪️ ရေ ပုံမှန်သောက်ပါ။▪️ သကြား၊ ကဖင်းဓာတ် (Caffeine) နှင့် အရက်ပါဝင်သော ဖျော်ရည်နှင့် ယမကာများကို ရှောင်ကြဉ်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization

အတိတ်ကို ထားခဲ့ပါ

ကျွန်မတို့အားလုံးနီးပါး "အချိန်ကိုသာ နောက်ပြန်လှည့်လို့ ရခဲ့ရင်" ဆိုတဲ့အတွေးမျိုး တစ်ခါတစ်လေတော့ ဝင်ဖူးကြမှာပါ။ အတိတ်ကို ပြန်လှည့်ပြီး ခဏတာလေးဖြစ်ဖြစ် ပြန်ရောက်သွားချင်တဲ့ အခိုက်အတန့်တွေပေါ့။နောင်တရလို့ဖြစ်စေ၊ တအားပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို လွမ်းလို့ဖြစ်စေ၊ ဆုံးရှုံးသွားတဲ့သူတွေနဲ့ ပြန်ဆုံချင်လို့ဖြစ်စေ၊ အမှားတစ်ခုကို ပြန်ပြင်ဆင်ချင်လို့ ဖြစ်စေပေါ့။ လူရယ်လို့ဖြစ်လာရင် စိတ်ခံစားချက်ရှိလာပြီဆိုတာနဲ့ နောင်တဆိုတာနဲ့ ကင်းကြမှာ မဟုတ်ပါဘူး။...

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များနှင့် ကျန်းမာရေး (စက်တင်ဘာ၊ ၂၀၂၅)

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို သင် လုံလောက်အောင် စားသုံးပါသလား။ ကျန်းမာရေး ပိုမိုကောင်းမွန်စေရေးအတွက် တစ်နေ့လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အနည်းဆုံး ၄၀၀ ဂရမ် (၂၅ ကျပ်သားခန့်) စားသုံးပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်) Ref: World Health Organization

စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့

"စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့အသက်တွေကို ကယ်တင်နိုင်ပါတယ်" တဲ့။ မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day ) ဖြစ်ပါတယ်။ ဒီနေ့က ကျွန်မတို့အားလုံး လစ်လျူရှုထားလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း သတိတရ ဆွေးနွေးသတိပေးကြဖို့ အကောင်းဆုံးရက်...